အာဂျင်တီးနားနိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံ ပူးပေါင်းပြီး AstraZeneca အမည်ရှိတဲ့ COVID-19 ကာကွယ်ဆေးကို လက်တင်အမေရိက နိုင်ငံတွေအတွက် ထုတ်လုပ်သွားမယ်လို့ အာဂျင်တီးနားသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်စ်က စီမံကိန်းမှာ ပါဝင်တဲ့ အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံပြီးနောက် သြဂုတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဗြိတိန်ဆေးဝါးကုမ္ပဏီဖြစ်တဲ့ AstraZeneca နဲ့ Insud Group က ဇီဝနည်းပညာ ကုမ္ပဏီဖြစ်တဲ့ mAbexience တို့နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး အစကနဦးမှာ ဘရာဇီးကလွဲပြီး ထိုးဆေး သန်း ၁၅၀ ထုတ်လုပ်သွားမှာဖြစ်ပြီး နည်းပညာ လွှဲပြောင်းခြင်းလည်း ပါဝင်တယ်လို့ အာဂျင်တီးနားသမ္မတက ပြောပါတယ်။
လက်တင်အမေရိကမှာ ထုတ်လုပ်မယ့် အစီအစဉ်ကို အာဂျင်တီးနားနဲ့ မက္ကဆီကိုနိုင်ငံတို့က ကိုင်တွယ်မှာဖြစ်ပြီး အချိန်နဲ့ တပြေးညီ ဒေသတွင်းကို ဖြန့်ချိသွားမယ်လို့ အာဂျင်တီးနားသမ္မတက ပြောပါတယ်။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Marcelo Ebrard ကလည်း အာဂျင်တီးနားသမ္မတနဲ့ မက္ကဆီကိုသမ္မတတို့က ဒီအစီအစဉ်ကို တွန်းအားပေး ဆောင်ရွက်နေတယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ COVID-19 ကာကွယ်ဆေးကို သန်း ၂၅၀ အထိ တိုးချဲ့ထုတ်လုပ်သွားနိုင်မယ်လို့လည်း သူက ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ဆေးဝါးလောကမှာ ဒုတိယအကြီးမားဆုံး ဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့ AstraZeneca ကုမ္ပဏီဟာ အာဂျင်တီးနားနိုင်ငံမှာ ကာလရှည်ကြာစွာ လည်ပတ်နေခဲ့တဲ့ ကုမ္ပဏီတခုပါ။ ကာကွယ်ဆေး ထုတ်လုပ်မှုအတွက် မက္ကဆီကို ဘီလီယံနာသူဌေးကြီး ကားလို့စ်စလင်းဖောင်ဒေးရှင်းနဲ့ သဘောတူညီချက် ရေးထိုးခဲ့ပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်လောက်မှာ တင်ပို့နိုင်မယ်လို့ သိရပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ COVID-19 ကြောင့် လူသေဆုံးမှုတွေ မြင့်တက်နေပြီး လူ ၅၀၀၀ ကျော်သေဆုံးခဲ့ရသလို ၂ သိန်းခွဲကျော် ရောဂါကူးစက်ခံနေရပါတယ်။ မက္ကဆီကိုနိုင်ငံမှာလည်း လူ ၅ သိန်းကျော် ရောဂါကူးစက်ခံနေရပြီး ၅ သောင်းခွဲကျော် သေဆုံးခဲ့ရပါတယ်။
အာဂျင်တီးနားသမ္မတကလည်း ကာကွယ်ဆေး ထုတ်လုပ်မှုဟာ အနာဂတ်အတွက် ပြင်ဆင်နေတာသာဖြစ်ပြီး လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အရာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Ref: thejakartapost
You may also like these stories:
အာဂျင်တီးနားမှာ ကိုဗစ် တကျော့ပြန် ကူးစက်မှုကြောင့် သေဆုံးသူ မြင့်တက်
ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ရုရှားနိုင်ငံကို ဖိလစ်ပိုင်သမ္မတ ကမ်းလှမ်း
နယူးဇီလန်မှာ ကိုဗစ် ကူးစက်လူနာ ပြန်တွေ့တဲ့အတွက် Lockdown ပြန်ချ