Health

ကိုဗစ် ကာကွယ်ဆေးကို ၂ ပတ်အတွင်း ရုရှားနိုင်ငံက ထုတ်လုပ်မည်

ကမ္ဘာ့ပထမဆုံးCOVID-19 ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်နိုင်ခဲ့ပြီးတဲ့နောက် ကာကွယ်ဆေး ထုတ်လုပ်မှုတွေကို ၂ ပတ်အတွင်း ဆောင်ရွက်သွားမယ်လို့ ရုရှားနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး Mikhail Murashko က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

ရုရှားနိုင်ငံမှာရှိတဲ့ ကာကွယ်ဆေး ထုတ်လုပ်မှု စက်ရုံတွေကနေ ပထမဆုံးအကြိမ် ထုတ်လုပ်မယ့် ကိုဗစ် ကာကွယ်ဆေးတွေကို ရုရှားနိုင်ငံသားတွေအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ပြည်တွင်းဈေးကွက်တွေထံ အဓိက ဦးတည်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ Murashko က ပြောပါတယ်။

ကာကွယ်ဆေးရဲ့ထိရောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားတိုင်းပြည်တွေက သံသယ ရှိနေတာဟာ အခြေအမြစ် မရှိတဲ့ ယူဆချက်ဖြစ်ပြီး လုံလောက်တဲ့ ပမာဏရှိခဲ့ရင် တခြားနိုင်ငံတွေကိုလည်းကမ်းလှမ်းသွားမယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ရုရှားသမ္မတ ပူတင်က အစိုးရအဖွဲ့တွေနဲ့ ဗီဒီယိုကွန်ဖရင့်မှာ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ရုရှားနိုင်ငံက ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးရဲ့အမည်က Sputnik-V ဖြစ်ပြီး ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေနဲ့အတူ ကူးစက်ရောဂါနှင့် အဏုဇီဝဆိုင်ရာ Gamaleya အမျိုးသားစင်တာက တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။

Gamaleya အမျိုးသားသုတေသနစင်တာရဲ့ ဒါရိုက်တာဖြစ်သူ Alexander Gintsburg က ဒီဇင်ဘာလကနေ ဇန်နဝါရီလအထိ အနည်းဆုံး ကာကွယ်ဆေး ၅ သန်း ထုတ်လုပ်သွားဖို့ ရုရှားနိုင်ငံအနေနဲ့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ကလေးသူငယ်တွေကို စမ်းသပ်စစ်ဆေးဖို့အတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေ ရယူဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်နေတယ်လို့လည်း သူက ပြောပါတယ်။ ကလေးအတွက် လိုအပ်တဲ့ကာကွယ်ဆေးဟာ အရွယ်ရောက်ပြီးသူတွေကို အသုံးပြုမယ့် ကာကွယ်ဆေးနဲ့ အတူတူပဲ ဖြစ်ပေမယ့် ထပ်ပြီးစစ်ဆေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

၂ လကျော်ကြာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ရုရှားနိုင်ငံက တီထွင်ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးဟာ ထိရောက်တဲ့ စွမ်းဆောင်ချက်တွေ ရှိပြီး ရေရှည်တည်တံ့တဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ဖန်တီးပေးနိုင်တယ်လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

Ref: Xinhuanet

You may also like these stories:

အာဂျင်တီးနားနဲ့ မက္ကဆီကို ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်မည်

ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ရုရှားနိုင်ငံကို ဖိလစ်ပိုင်သမ္မတ ကမ်းလှမ်း

ကိုလံဘီယာ သွားရောက်ခဲ့သူများအား အီတလီသို့ ဝင်ရောက်ခွင့်မပြု

Loading