ကမ္ဘာမှာ အမေရိကန်၊ ဘရာဇီးပြီးရင် အိန္ဒိယနိုင်ငံက COVID-19 ရောဂါ ကူးစက်မှု အများဆုံးနိုင်ငံပါပဲ။ အာရှနိုင်ငံတွေမှာဆိုရင်လည်း အိန္ဒိယနိုင်ငံက COVID-19 ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
အိန္ဒိယနိုင်ငံဟာ လူဦးရေထူထပ်တဲ့ နိုင်ငံဖြစ်သလို ငွေကြေး မချမ်းသာသူတွေ အများဆုံး နေထိုင်ကြတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကျေးလက်နေ လူတန်းစားများပြီး စီးပွားရေး အဆင်မပြေမှုတွေကြောင့် မြို့ ကြီးပြကြီးတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေသူ အရေအတွက် သန်းပေါင်းများစွာ ရှိနေပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားပြီးနောက်ပိုင်း အစိုးရက နိုင်ငံကို Lockdown ချခဲ့ပါတယ်။ ဒါပေမဲ့လည်း သန်းနဲ့ချီတဲ့ အလုပ်သမားပြဿနာတွေကြောင့် Lockdown ကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။
Lockdown ရုတ်သိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်သူ အရေအတွက် အလျင်အမြန် မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူပေါင်း ၂ သန်းခွဲကျော်သွားခဲ့ပြီး ၅ သောင်းကျော် သေဆုံးခဲ့ပါတယ်။
Venkateswara လို့ခေါ်တဲ့ ဟိန္ဒူဘုရားကျောင်းဟာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်အတွင်းက တီရူမာလာမြို့မှာ တည်ရှိပါတယ်။ ကိုဗစ်ကာလအတွင်း ဘုရားဖူးဧည့်သည်တွေကို ဘုရားဖူးခွင့် ပိတ်ထားခဲ့ပြီး ဇွန်လမှာ ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ ဘုရားဖူးခွင့် ပြန်လည် ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ဘုရားကျောင်း ဝန်ထမ်း ၇၀၀ ကျော် COVID-19 ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၂ လအတွင်းမှာလည်း ဝန်ထမ်း ၃ ဦး COVID-19 ကြောင့် သေဆုံးခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရှည်ကြာတဲ့ Lockdown ပြန်လည် ရုတ်သိမ်းပြီးနောက်ပိုင်း ဇူလိုင်လ ၁၁ ရက်နေ့မှာ ဘုရားဖူးဧည့်သည်တွေကို ဘုရားဖူးခွင့် ပြန်လည် ခွင့်ပြုခဲ့ပါတယ်။
ဘုရားကျောင်း ဂေါပကအဖွဲ့ကတော့ ကူးစက်ခံထားရသူတွေအနက် ဝန်ထမ်း ၄၀၂ ယောက်က ကျန်းမာရေး ပြန်ကောင်းလာခဲ့ပြီး ၃၃၈ ယောက်ကတော့ ဆေးကုသမှု ခံယူနေဆဲပဲလို့ ပြောပါတယ်။ သြဂုတ်လအစမှာတော့ အသက် ၄၈ နှစ်အရွယ် ယဇ်ပရောဟိတ်တပါး ကွယ်လွန်ခဲ့ပြီး သူ မကွယ်လွန်ခင် အချိန်မှာပဲ အခြားယဇ်ပရောဟိတ်လည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ သတင်းဌာနတခုဖြစ်တဲ့ PTI (The Press Trust of India) ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Anil Kumar Singhal ကလည်း ဘုရားကျောင်းဝန်ထမ်းပေါင်း ၇၄၃ ဦးမှာ COVID-19 ကူးစက်ခံထားရပြီး ၄၀၂ ယောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့သလို ၃၃၈ ယောက်ကတော့ ဆေးကုသမှု ဆက်လက် ခံယူနေတယ်လို့ ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲသူက ဘုရားကျောင်း ပြန်ဖွင့်ရခြင်းအကြောင်းက ဘုရားဖူးတွေရဲ့ တောင်းဆိုချက်ကြောင့်ဖြစ်ပြီး ဘုရားကျောင်း အာဏာပိုင် အဖွဲ့အစည်းကလည်း ဘုရားဖူးတွေရဲ့ ဆန္ဒကြောင့် ပြန်လည် ဖွင့်လှစ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
Venkateswara ဘုရားကျောင်းဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ ကျောင်းတွေထဲက တကျောင်းဖြစ်ပြီး အချမ်းသာဆုံးကျောင်းလည်း ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ဘုရားကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းပေါင်း ၂၂၅၀၀ ရှိနေပြီး ယဇ်ပရောဟိတ်ပေါင်း ၃၀၀ ရှိပါတယ်။
ကူးစက်သူ အရေအတွက် တိုးလာပေမယ့်လည်း ဘုရားကျောင်းကို ဖွင့်လှစ်ထားဆဲပဲလို့ သိရပါတယ်။ အိန္ဒိယနိုင်ငံအတွင်းက အန်ဒရာပရာဒေ့ရှ်ပြည်နယ်ကလည်း COVID-19 ကူးစက်မှုအများဆုံး ပြည်နယ်စာရင်းမှာ ပါဝင်ပါတယ်။
Ref:timesofindia
You may also like these stories:
အာဖရိက ဝက်အပြင်းဖျားရောဂါ ကို ထိန်းချုပ်ဖို့ ကြိုးစားနေဟု မွေး/ကုဌာန ပြော
ကိုဗစ် ကာကွယ်ဆေးကို ၂ ပတ်အတွင်း ရုရှားနိုင်ငံက ထုတ်လုပ်မည်
အထက်တန်းကျောင်း အားလုံး နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် စီစဉ်နေ