ကူးစက်မှု ၁၀ ဆမြန်တဲ့ ပုံစံပြောင်း ကိုဗစ်ပိုးတမျိုး မလေးရှားမှာ တွေ့ရှိ
COVID-19 ရောဂါပိုးဟာ သမာရိုးကျ အခြေအနေတခုမှာ ရပ်တည်နေလေ့ မရှိကြောင်း သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အချိန်ကြာလာတာနဲ့အမျှ ကူးစက်သူ အရေအတွက် မြင့်တက်လာသလို သန္ဓေပြောင်းလာတာမျိုးလည်း တွေ့ရှိလာရပါတယ်။
COVID-19 စတင်ကူးစက်လာခဲ့ပြီးနောက်ပိုင်း “D614G” လို့ နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အသွင်ပြောင်း မျိုးကွဲတမျိုးကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလက ဥရောပမှာ စတင်ကူးစက်ခဲ့ပြီး ကမ္ဘာ တဝှမ်းမှာလည်း ကူးစက်သူတွေ ရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ၊ သြဂုတ်လ ၁၆ ရက်နေ့ မှာတော့ D614G လို့ခေါ်တဲ့ ကူးစက်မှု ၁၀ ဆမြန်တဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို မလေးရှားနိုင်ငံမှာ တွေ့ရှိခဲ့ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
မလေးရှားဆေးဘက်ဆိုင်ရာ သုတေသနဌာနကလည်း အသွင်ပြောင်း D614G ကူးစက်ခံထားရသူ မလေးရှားနိုင်ငံမှာ ၄ ဦးအထိ ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အထွေထွေညွှန်ကြားရေးမှူး Noor Hisham Abdullah က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာပဲ သူ့ရဲ့ Facebook စာမျက်နှာကနေတဆင့် ပြည်သူတွေကို အသိပေးခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ သုတေသနဌာနရဲ့ ရှာဖွေတွေ့ရှိမှုကြောင့် မလေးရှားပြည်သူတွေအနေနဲ့ အရင်ကထက် ပိုပြီး ဂရုတစိုက် နေထိုင်သင့်သလို တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုအပ်ကြောင်း၊ အကြောင်းကိစ္စရှိလို့ အပြင်ထွက်ရတဲ့ အခါမျိုးမှာလည်း Mask တပ်ဖို့ လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Social distancing စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
သာမန်ထက် ကူးစက်မှု ၁၀ ဆ မြန်ဆန်တဲ့အတွက် ကူးစက်ခံထားရသူ တယောက်ကနေ အခြားလူတွေကို မြန်မြန်ဆန်ဆန် ကူးစက်သွားနိုင်တဲ့အတွက် ကူးစက်ခံထားရသူဟာ “Super spreader” ပဲ လို့ သူက ပြောပါတယ်။ D614G အသွင်ပြောင်းဗိုင်းရပ်စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
မလေးရှား ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့တယ်လို့ အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အထွေထွေညွှန်ကြားရေးမှူး Noor Hisham Abdullah က မှတ်ချက်ပြုပါတယ်။ လက်ရှိအချိန်မှာတော့ မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်သူပေါင်း ၉၂၁၂ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၁၂၅ ယောက် ရှိနေပါတယ်။
Ref: thejakartapost, timesofindia
You may also like these stories:
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ ကိုဗစ် ကူးစက်မှုအသစ် ဆက်တိုက်တွေ့
ကိုဗစ်ကြောင့် နယူးဇီလန် ရွေးကောက်ပွဲ နောက်ဆုတ်
အိန္ဒိယက ဘုရားကျောင်းတကျောင်းမှာ ကိုဗစ် ကူးစက်သူ ၇၀၀ ကျော်ရှိလာ