အရှေ့တောင်အာရှကို COVID-19 ရောဂါ ကူးစက်ပြီးနောက်ပိုင်း လာအိုနိုင်ငံဟာ နိုင်ငံတကာခရီးသွားတွေအတွက် အလုံခြုံဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကို COVID-19 အလုံခြုံဆုံးနိုင်ငံတွေအဖြစ် သတ်မှတ်ထားကြပါတယ်။
ဗီယက်နမ်နိုင်ငံကလည်း အလုံခြုံဆုံးစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပြည်တွင်းကူးစက်မှုတွေ တကျော့ပြန် မြင့်တက်လာပြီး လူသေဆုံးတဲ့အထိ ဖြစ်လာတဲ့အတွက်ကြောင့် COVID-19 အလုံခြုံဆုံး နိုင်ငံစာရင်းမှာ ထည့်ဖို့ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။
လက်ရှိအချိန်မှာလည်း ဗီယက်နမ်နိုင်ငံမှာ ကူးစက်လူနာ ၉၈၃ ယောက် ရှိနေပြီး ၂၅ ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာနိုင်ငံမှာလည်း ပြည်တွင်း ကူးစက်လူနာသစ် တယောက် ထပ်မံ တွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိခဲ့တာ တလပြည့်ပြီးမှ ပြည်တွင်းကူးစက်လူနာသစ်ကို သြဂုတ်လ ၁၆ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်ကနေ ကူးမှန်း မသိတဲ့ ပြည်တွင်းကူးစက် လူနာပေါင်း အယောက်၂၀ နီးပါး ရှိနေပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရှိခဲ့တဲ့ ကူးစက်လူနာကလည်း ဘယ်ကနေ ကူးလာမှန်း မသိရသူပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံသားတွေအနေနဲ့ COVID-19 ကို ပေါ့ဆလို့ မရသေးဘူးဆိုတာ သိဖို့ လိုအပ်ပါတယ်။
လာအိုမှာလည်း ပြည်တွင်းကူးစက်မှု မရှိတာ လပေါင်း အတော်ကြာခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ပြည်ပက ပြန်လာပြီး Quarantine ဝင်နေသူတွေမှာ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် လာအိုနိုင်ငံမှာလည်း ကူးစက်သူ ၂၂ ယောက် ရှိသွားခဲ့ပါပြီ။ လာအိုနိုင်ငံရဲ့ လက်ထောက် ကျန်းမာရေးဝန်ကြီး Phouthone Meaungpak ကလည်း COVID-19 ကြောင့် လာအိုနိုင်ငံမှာ လူသေဆုံးသူ မရှိခဲ့ဘူးလို့ ပြောပါတယ်။
ကူးစက်ခံရသူ ၂၂ ယောက်အနက် ၁၉ ယောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပြီး ၃ ယောက်ကတော့ ဆေးကုသမှု ဆက်လက် ခံယူနေပါတယ်။ ဆေးကုသမှု ခံယူနေသူတွေရဲ့ ကျန်းမာရေးကလည်း ပြန်လည် ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။
ကူးစက်မှု အရေအတွက် နည်းပါးသလို လူသေဆုံးမှုလည်း မရှိခဲ့တဲ့အတွက် လာအိုနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ COVID-19 အလုံခြုံဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လာအိုနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့က ပထမဆုံး ကူးစက်လူနာ ၂ ယောက်ကို တွေ့ရှိခဲ့ပါတယ်။
လာအိုမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ ကူးစက်လူနာတွေဟာ အသက် ၂၈ နှစ်အရွယ် ဟိုတယ်ဝန်ထမ်းအမျိုးသားတယောက်နဲ့ အသက် ၃၆ နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတယောက် ဖြစ်ပါတယ်။ ကူးစက်ခံရသူ နှစ်ယောက်စလုံးဟာ လာအိုနိုင်ငံရဲ့ မြို့တော် ဗီယင်ကျန်းမြို့မှာ နေထိုင်သူတွေ ဖြစ်ကြပြီး နိုင်ငံခြားသားတွေနဲ့ အနီးကပ် ထိတွေ့ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
ကူးစက်လူနာ ၂ ယောက် တွေ့ရှိပြီးနောက်ပိုင်းမှာတော့ လာအိုအစိုးရက တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ခဲ့ပါတယ်။ တနိုင်ငံလုံးကိုလည်း Lockdown ချခဲ့သလို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုကို လည်း တားမြစ်ခဲ့ပါတယ်။
နိုင်ငံခြားသားခရီးသွားတွေ အများဆုံး လာရောက်လေ့ရှိတဲ့ Luang Prabang ဒေသကိုလည်း ယာယီကန့်သတ်ထားလိုက်ပါတယ်။ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စားသောက်ကုန် ဝယ်ယူတာမျိုး၊ ဆေးရုံတက်တာမျိုးတွေကိုသာ ခွင့်ပြုခဲ့ပြီး အကြောင်း မရှိဘဲ အပြင်ထွက်ခွင့် မပေးတော့ပါဘူး။
ပြည်နယ်တခုကနေ နောက်ပြည်နယ်တခုကို ခရီးသွားခွင့် မပြုတော့သလို စားသောက်ဆိုင်၊ ဘား၊ အားကစား လေ့ကျင့်ရေး ခန်းမနဲ့ ဈေး စတာတွေ အားလုံးကို ပိတ်လိုက်ပြီး COVID-19 ကို လာအိုအစိုးရက ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
လာအိုအစိုးရအနေနဲ့ နိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား အပါအဝင် တခြားခရီး သွားတွေကိုလည်း ပြင်းထန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း လာအိုနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကူးစက်မှု နည်းခဲ့သလို လူသေဆုံးမှုလည်း မရှိခဲ့ပါဘူး။
ပြည်တွင်းကူးစက်မှု မရှိတာ ၃၃ ရက် ကြာပြီးတဲ့နောက် မေလနှောင်းပိုင်းမှာတော့ ကန့်သတ်ချက်တွေကို လာအိုအစိုးရက ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်နေ့မှာတော့ အရှေ့တောင်အာရှမှာ ကိုဗစ်ကင်းစင် နိုင်ငံအဖြစ် လာအိုအစိုးရက ကြေညာခဲ့ပါတယ်။ လာအိုအစိုးရ ကြေညာပြီး မကြာခင်မှာပဲ လာအိုနိုင်ငံမှာ လျှပ်စစ်ကျွမ်းကျင် လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ကိုရီးယားနိုင်ငံသားတဦးမှာ COVID-19 ရောဂါ တွေ့ရှိခဲ့တဲ့အတွက် ကူးစက်သူ ၂၀ ယောက် ရှိလာခဲ့ပါတယ်။
COVID-19 ကူးစက်မှု မရှိတာ ၁၀၂ ရက် ကြာပြီးမှ ပထမဆုံးလူနာကို ပြန်လည် တွေ့ရှိခဲ့တာပါ။ အဲဒီအလုပ်သမားဟာ လာအိုနိုင်ငံကို ရောက်စက Quarantine ၁၄ ရက် ဝင်ခဲ့ပြီး Negative လက္ခဏာ ပြထားသူလည်း ဖြစ်ပါတယ်။ လာအိုနိုင်ငံရဲ့ လက်ထောက် ကျန်းမာရေးဝန်ကြီးကတော့ ဒုတိယလှိုင်း ပြန်စနေတာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး လာအိုသို့ လာရောက်သူ အားလုံးကိုလည်း Quarantine ၁၄ ရက် ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
လာအိုနိုင်ငံမှာ သြဂုတ်လအတွင်း နောက်ထပ် တွေ့ရှိသူ ၂ ယောက်အနက် တယောက်က ထိုင်ဝမ်နိုင်ငံက ပြန်လာသူဖြစ်ပြီး တယောက်ကတော့ အမေရိကန်နိုင်ငံက ပြန်လာသူ ဖြစ်ပါတယ်။ ၂ ယောက်စလုံးကလည်း Quarantine ဝင်နေကြသူတွေ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိတော့ လာအိုနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကူးစက်မှုနည်းတဲ့နိုင်ငံ ဖြစ်နေသေးတဲ့အတွက် COVID-19 အလုံခြုံဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
Ref: laotiantimes, travelseewrite
You may also like these stories:
ကိုဗစ်ကြောင့် ခမာနှစ်သစ်ကူးပွဲတော်ကို ရက်ရွှေ့ပြီး ကျင်းပ
ကူးစက်မှု ၁၀ ဆမြန်တဲ့ ပုံစံပြောင်း ကိုဗစ်ပိုးတမျိုး မလေးရှားမှာ တွေ့ရှိ