ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာ ရှေ့တန်းကနေ ရောဂါ ကာကွယ် ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်။ သေဆုံးသူ စုစုပေါင်း ၁၇၅,၀၀၀ ကျော်ချိန်မှာ COVID-19 ကြောင့် သေဆုံးသူ ကျန်းမာရေးဝန်ထမ်း ၉၀၀ ကျော်သွားခဲ့ပြီလို့ ထုတ်ပြန် ကြေညာထားပါတယ်။
ရှေ့ဆုံးကနေ တိုက်ပွဲဝင်နေတဲ့ ဆရာဝန်တွေကအစ သူနာပြု၊ အောက်ခြေဝန်ထမ်းတွေအဆုံး အားလုံးပေါင်း ၉၂၂ ယောက်ဟာ ရောဂါကူးစက်သူတွေအတွက် ကျရာနေရာကနေ ကူညီစောင့်ရှောက်ရင်း အသက် ဆုံးရှုံးခဲ့ကြတာပါ။ အများစုကတော့ ဆေးရုံတွေမှာ တကိုယ်ရည်သုံး PPE ဝတ်စုံတွေနဲ့ ကိရိယာတွေ မလုံလောက်တဲ့ အကြောင်းရင်းကြောင့်လည်း ကူးစက်ခံခဲ့ရပါတယ်။
အမေရိကန်နိုင်ငံဟာ တနေ့ကို ကူးစက်ခံရသူပေါင်း ၁ သိန်းနီးပါးရှိတယ်လို့ WHO က ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို၊ ရောဂါကူးစက်ခံရမှု ဖြစ်နိုင်ချေ အများဆုံးသူတွေကလည်း အနီးကပ် ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။
၁၆၇ ယောက်သော ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ၆၂ ရာခိုင်နှုန်းက အသားရောင်ကြောင့် ကူးစက်မှု ပိုဖြစ်နိုင်တယ်လို့ Kaiser Health News and the Guardian မှာ ဖော်ပြထားပါတယ်။ အသားရောင်အညိုနဲ့ အမည်းရောင်ရှိသူတွေဟာ တခြားအသားရောင်တွေထက် ကူးစက်နိုင်ချေ ပိုများပြီး သေဆုံးနှုန်းလည်း ပိုများနေတယ်လို့ လေ့လာချက်အသစ်တွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေထဲက ၄၀ ရာခိုင်နှုန်းဟာ သူနာပြုတွေ ဖြစ်တယ်လို့ လေ့လာချက်အသစ်က ဆိုပါတယ်။ သုံးပုံတပုံသော သူနာပြုဝန်ထမ်းတွေဟာ တကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်း လက်အိတ်၊ နှာခေါင်းစည်း၊ PPE ဝတ်စုံတွေ မလုံလောက်တာကြောင့် သေဆုံးနိုင်ချေ ပိုများနေပါတယ်။ သေဆုံးသူတွေထဲက ထက်ဝက်နီးပါးဟာ အသက် ၆၀ ကျော်အရွယ်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ထမ်း သေဆုံးမှု အရေအတွက်ကတော့ အစိုးရထုတ်ပြန်ချက်အတိုင်း အချိန်နဲ့ တပြေးညီ ဖော်ပြထားတာပါ။ သမ္မတ ထရမ့်အစိုးရဟာ ဇူလိုင်လကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ သေဆုံးသူ စာရင်းကို ဆေးရုံတွေကနေ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာကို အရင်ပေးပို့ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် အဆိုပါ ထိန်းချုပ်ရေး စင်တာကနေ ထွက်ရှိလာတဲ့ စာရင်း အချက်အလက်တွေဟာ ပွင့်လင်းမြင်သာမှု အားနည်းပြီး အနည်းငယ် ကွဲပြားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ကိုရိုနာကာကွယ်ဆေးတွင် တရုတ်ဦးဆောင်မှုကြောင့် ပူပန်မှုနှင့်မျှော်လင့်ချက် နှစ်မျိုးလုံးဖြစ်
အရှေ့တောင်အာရှမှာ ကိုဗစ် အလုံခြုံဆုံးနိုင်ငံ ဖြစ်နေသေးတဲ့ လာအို
ကလေးတွေဆီကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်သလား