ရုရှားသမ္မတ ဗလာဒီမာပူတင်က သြဂုတ်လ အစောပိုင်းတုန်းကပဲ ကမ္ဘာ့ပထမဆုံး COVID-19 ကာ ကွယ်ဆေးကို မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ မှတ်ပုံတင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်က COVID-19 ကာကွယ်ဆေး အလုံးရေ ၁ ဘီလီယံကျော် ဝယ်ယူဖို့ ရုရှားနိုင်ငံကို ကမ်းလှမ်းခဲ့ကြပါတယ်။
နိုင်ငံတကာ သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘေးအန္တရာယ် ကင်းရှင်းမှုကို ပြန်လည် သုံးသပ်ဖို့ လိုအပ်နေတယ်လို့ သတိပေး ပြောဆိုထားပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို စမ်းသပ်ခဲ့ရာမှာ ထိရောက်တဲ့ စွမ်းဆောင်ချက်တွေ တွေ့ရှိခဲ့ပြီး ရေရှည်တည်တံ့တဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ဖန်တီးပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ COVID-19 ကာကွယ်ဆေးကို အခုရက်သတ္တပတ်အတွင်း လူပေါင်း ၄၀,၀၀၀ ကျော်ကို စမ်းသပ်သွားမယ်လို့ ရုရှားနိုင်ငံက ကြေညာခဲ့ပါတယ်။
ကာကွယ်ဆေး စီမံကိန်းကို ငွေကြေး မတည်တဲ့ ရုရှားနိုင်ငံရဲ့ Sovereign wealth fund အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာလည်း “Sputnik V” လို့ နာမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးရဲ့ ဘေးအန္တရာယ် ကင်းရှင်းမှု စမ်းသပ်ချက်ကို လူပေါင်း ၄၀,၀၀၀ ကျော်နဲ့ အခုရက်သတ္တပတ်အတွင်းမှာ စတင်သွားမယ်လို့ ဖော်ပြထားပါတယ်။
အခုစမ်းသပ်မှုဟာ တခြားကာကွယ်ဆေးတွေက ခံယူနေရတဲ့ အဆင့် ၃ စမ်းသပ်ချက်နဲ့ တူညီကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ကာကွယ်ဆေး စမ်းသပ်မှုမှာ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ပါဝင်မှာဖြစ်သလို စေတနာအလျောက် ပါဝင်စမ်းသပ်လိုသူတွေကိုလည်း ထည့်သွင်း စမ်းသပ်သွားမယ်လို့ ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ Kirill Dmitriyev က ပြောပါတယ်။
နိုင်ငံပေါင်း ၂၀ ကျော်ကလည်း ကာကွယ်ဆေးအလုံးရေ ၁ ဘီလီယံကျော် မှာယူထားသလို ရုရှားနိုင်ငံအနေနဲ့လည်း နိုင်ငံအများစုကို တင်ပို့ရောင်းချပေးဖို့ သဘောတူညီထားပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ကာကွယ်ဆေး အများအပြားကို လာမယ့် အောက်တိုဘာလမှာ ထုတ်လုပ်နိုင်မှာဖြစ်ပြီး နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာမှာ နိုင်ငံခြားတိုင်းပြည်တွေကို ပထမဆုံးအကြိမ် တင်ပို့ ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး WHO ရဲ့ သံသယတွေက လျော့နည်းလာနေပြီလို့ Dmitriyev က ပြောပါတယ်။ အစပိုင်းကတော့ WHO မှာ ရုရှားကာကွယ် ဆေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အပြည့်အစုံ မရှိခဲ့တဲ့အတွက် ယုံကြည်မှု မရှိခဲ့ပါဘူး။ အခု တော့ တရားဝင် အချက်အလက်တွေကို ပေးပို့ထားပြီး အကဲဖြတ်ခိုင်းထားတဲ့အတွက် WHO ရဲ့ သဘောထားတွေက သိသိသာသာ ပြောင်းလဲလာတယ်လို့ သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၂၃ ဒဿမ ၅ သန်းကျော်၊ ကျန်းမာ ရေး ပြန်လည် ကောင်းမွန်လာခဲ့သူ ၁၆ သန်းကျော်နဲ့ သေဆုံးသူ ၈ သိန်းကျော် ရှိခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာ့စတုတ္ထမြောက် COVID-19 ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၉ သိန်းခွဲကျော် ရောဂါကူးစက်ခံထားရသလို ၇၇၀,၀၀၀ ကျော် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။ COVID-19 ကြောင့် ရုရှားနိုင်ငံမှာ လူပေါင်း ၁၆၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Ref: thejakartapost
You may also like these stories:
ကူးစက်မှု ၁၀ ဆမြန်တဲ့ ကိုဗစ်သန္ဓေပြောင်းပိုး အရှေ့တောင်အာရှနိုင်ငံတွေကို ကူးစက်လာ
ပြင်သစ်နဲ့ ဂျာမနီမှာ ကိုဗစ် ကူးစက်မှုများ ပြန်မြင့်တက်လာ