မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု တကျော့ပြန်ဖြစ်လာခြင်းကြောင့် ယခင်က ဖွင့်လှစ်ပေးထားသော အခြေခံ ပညာကျောင်းအားလုံး နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းအားလုံးကို သြဂုတ် ၂၇ မှ စတင်ကာ ယာယီ ပြန်ပိတ်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဧရာဝတီသို့ ပြောသည်။
အခြေခံ ပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကလည်း “မနက်ဖြန်မနက်က စပြီးတော့ တနိုင်ငံ လုံးမှာ ဖွင့်နေတဲ့ အထက်တန်းအဆင့် အစိုးရကျောင်း၊ ဘကကျောင်း၊ ကိုယ်ပိုင်ကျောင်းအားလုံး ၆၅၂၆ ကျောင်းလုံး မနက်ဖြန် မနက်ကစပြီး ယာယီပိတ်သိမ်းဖို့ မှာထားပါတယ်”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဒီနေ့ကိုဗစ်အခြေအနေက အားလုံးသိတဲ့ အတိုင်းပဲ ကြောက်စရာ အင်မတန်ကောင်းတဲ့ အခြေ အနေတခုကို ရောက်နေပါပြီ။ တနိုင်လုံး ကိုဗစ် Positive တွေ့တဲ့ မတ်လ ၂၃ ရက်နေ့က ထိတ်လန့်ခဲ့တယ်ပေါ့။ ဒါပေမယ့် အခုက အဆပေါင်းများစွာ ပိုပြီး စိုးရိမ်စရာ ကောင်းပါတယ်။ ထိတွေ့မရှိဘဲ ကူးစက်တဲ့ ကိစ္စတွေ ပေါ်လာတဲ့ အတွက် ကြောင့် တော်တော်သတိထားရမယ့် အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အခုလို ပိတ်သိမ်းလိုက်တာလို့ ယူဆပါတယ်”ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၇၁၇၃ ကျောင်း ရှိသည့်အနက် ကျောင်းပေါင်း ၆၅၀၀ ကျော် ဖွင့်လှစ်ထားပြီး ကျန်ရှိသည့် ကျောင်းများကိုလည်း ယခုလကုန်ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ် ဒုတိယ အကျော့ ပြန်လည် ဖြစ်လာသဖြင့် ယာယီပိတ်ရန် အစိုးရက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လူမှုရေးဝန်ကြီးက ဦးနိုင်ငံလင်းကလည်း ဇူလိုင်လတွင်မှ စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း နှင့် ကိုယ်ပိုင်ကျောင်း ၆၀၀ နီးပါးကို မနက်ဖြန်မှ စတင်ကာ ယာယီပိတ်မည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာက တဆင့် အသိပေးထားသည်။
သို့ဖြစ်ရာ ရန်ကုန်ရှိ အခြေခံပညာ အထက်တန်းကျောင်း ၄၀၈ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းကိုလည်း မနက်ဖြန်မှ စတင်၍ ယာယီပိတ်မည်ဖြစ်သည်။
COVID-19 ကပ်ရောဂါ ကာလအတွင်း အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက် ၈၀ ပါဝင်သော ဆန်းစစ်ချက်များဖြင့် အထက်တန်းဆင့် ကျောင်းများအား ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ကျောင်းများ ပြန်လည်ဖွင့်ရာတွင် Social Distancing ပြုလုပ်ရမည်ဖြစ်သဖြင့် စာသင်ခန်းများ၌ ကျောင်းသား အရေ အတွက် လျှော့ချမှုများ လုပ်ထားရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများကို အသုတ်လိုက် ခွဲကာ ရက်ခြား၊ အပတ် ခြား သင်ကြားရေး စနစ်ဖြင့် သင်ကြားမှု ပြုလုပ်နေခြင်းလည်း ဖြစ်ပြီး ယခုတွင် ယာယီပြန်ပိတ်တော့မည်ဟု သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခြင်း မရှိ၊ ပြည်ပသို့ ခရီးသွားရာဇဝင် မရှိသော CB ဘဏ်ဝန်ထမ်း အမျိုးသမီး (Case – 375) ထံတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ် ၁၆ တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုကူးစက်မှုနောက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ ရောဂါကူးစက်မှု နောက်ကြောင်းရာဇဝင် စုံစမ်း၍ မရသော COVID-19 အတည်ပြု လူနာများ သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၂၆ ရက်နေ့အထိ ၁၇၆ ဦးရှိလာပြီး နိုင်ငံအဝှမ်းပိုးတွေ့လူနာ ဦးရေမှာ ၅၇၄ ဦး ဖြစ်သည်။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း ကိုဗစ် ဒုတိယလှိုင်း စပြီ ဖြစ်ကြောင်း DVB သတင်းဌာန သို့ ယနေ့ပြောကြားထားသည်။
You may also like these stories:
ကလေးတွေကို ကျောင်းပြန်ပို့ကြပါစို့
၂ နှစ်ကြာမှ ကိုဗစ်ကာလ ပြီးဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော
ကလေးတွေဆီကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်သလား