ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကိုဗစ် ဒုတိယလှိုင်းကို ရင်ဆိုင်ရဖို့ နီးကပ်လာနေပါတယ်။ ပြင်သစ် နိုင်ငံအနေနဲ့လည်း နိုဝင်ဘာလအတွင်း ကိုဗစ် ဒုတိယလှိုင်းဒဏ်ကို ခံစားရနိုင်တယ်လို့ အစိုးရအကြံပေး ဖြစ်သလို သိပ္ပံကောင်စီ အကြီးအကဲဖြစ်တဲ့ ပါမောက္ခ Jean-Francois Delfraissy က ပြင်သစ်ရုပ်သံ ၂ ခုနဲ့ အင်တာဗျူးမှာ ဗုဒ္ဓဟူးနေ့က ပြောကြားသွားခဲ့ပါတယ်။
နိုဝင်ဘာလအတွင်း ကြုံရနိုင်တဲ့ ကိုဗစ် ဒုတိယလှိုင်းက ကြောက်ဖို့ ကောင်းလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ မာဆေးမြို့မှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး နောက်ပိုင်း အခုလိုပဲ ပါမောက္ခက မှတ်ချက်ချခဲ့ခြင်းပဲ ဖြစ်ပါတယ်။
အစောပိုင်းရက်တွေတုန်းကလည်း ပြင်သစ်ဝန်ကြီးချုပ် Jean Castex က ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုက ကျဆင်းမသွားသေးဘူးလို့ ပြောကြားခဲ့ပါသေးတယ်။
မာဆေးမြို့အာဏာပိုင်တွေကလည်း အင်္ဂါနေ့ကစပြီး စားသောက်ဆိုင်နဲ့ ဘားတွေကို အချိန် ကန့်သတ်ချက်နဲ့သာ ဖွင့်လှစ်ခွင့်ပြုထားပြီး သြဂုတ်လ ၂၆ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တောင်ပိုင်းက ဆိပ်ကမ်းမြို့မှာ နေထိုင်သူတွေအားလုံး Mask မဖြစ်မနေ ဝတ်ဆင်ရမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ပြင်သစ်နိုင်ငံဟာ COVID-19 ကြောင့် ကမ္ဘာပေါ်မှာ သတ္တမမြောက် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ပြင်သစ်အစိုးရအနေနဲ့ COVID-19 ကူးစက်၊ သေဆုံး ကိန်းဂဏန်းတွေကို အနီးကပ် စောင့်ကြည့် လေ့ လာနေပြီး လိုအပ်လာခဲ့ရင်တော့ Lockdown ချတာမျိုး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အရင်ကတော့ စားသောက်ဆိုင်နဲ့ ဘားတွေကို မနက် ၁ နာရီအထိ ဖွင့်ခွင့်ပြုထားပေမယ့် အခု စည်းကမ်းအရ ဆိုရင်တော့ မနက် ၆ နာရီကနေ ည ၁၁ နာရီအထိပဲ ဖွင့်လို့ ရပါတော့မယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ပြင်သစ်နိုင်ငံမှာ ကူးစက်လူနာသစ် ၃,၃၀၄ ယောက် ရှိခဲ့ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေနဲ့ ယှဉ်ကြည့်ရင် ကူးစက်မှု အမြင့်ဆုံးအထိ ရောက်လာခဲ့ပါတယ်။
ကူးစက်သူတွေထဲမှာ အရွယ်ရောက်ပြီးသား လူငယ်အများစု ပါဝင်နေတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ပြင်သစ်နိုင်ငံမှာ ကူးစက်လူနာ ၂ သိန်းနီးပါး၊ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့သူ ၈ သောင်းခွဲကျော်နဲ့ သေဆုံးလူနာ ၃ သောင်းကျော် ရှိခဲ့ပါတယ်။
Ref: CAN, fxstreet
You may also like these stories:
တကျော့ပြန် ကိုဗစ်ကြောင့် တောင်ကိုရီးယားမှာ စာသင်ကျောင်းများ ပြန်ပိတ်
ပြင်သစ်နဲ့ ဂျာမနီမှာ ကိုဗစ် ကူးစက်မှုများ ပြန်မြင့်တက်လာ
ရုရှားထုတ် ကိုဗစ် ကာကွယ်ဆေးကို ဗီယက်နမ် ဝယ်ယူမည်