သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ အေးခဲအသားနဲ့ ငါးတွေမှာ ၃ ပတ်ကြာ အသက်ရှင်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အေးခဲအသားနဲ့ ငါးတွေက တဆင့် COVID-19 ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးပြောဆိုထားတဲ့အတွက် လူတွေအနေနဲ့ဂရုစိုက် နေထိုင်စားသောက်ရမယ့် အခြေအနေကို ရောက်ရှိနေပါပြီ။
သိပ္ပံပညာရှင်တွေအနေနဲ့ လက်တွေ့စမ်းသပ်မှုအဖြစ် စင်ကာပူနိုင်ငံ ဈေးဝယ်စင်တာက ဆယ်လ်မွန်ငါး၊ ကြက်သားနဲ့ ဝက်သားတွေကို နမူနာယူပြီး ကိုရိုနာဗိုင်းရပ်စ် ထည့်သွင်း စမ်းသပ်ခဲ့ပါတယ်။
နိုင်ငံ တနိုင်ငံနဲ့တနိုင်ငံ အကြား အစားအသောက် သယ်ယူပို့ဆောင်ရာမှာ အသုံးပြုလေ့ရှိတဲ့ ၄ ဒီဂရီဆဲလ်စီးယပ်နဲ့ အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ် အကြားက အပူချိန်မှာထားပြီး ၂၁ ရက် စောင့်ကြည့်တဲ့အခါမှာတော့ အသားနဲ့ ငါး နမူနာတွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှင်သန်ဆဲပဲလို့ တွေ့ရှိခဲ့ပါတယ်။
အခု တွေ့ရှိမှုကနေတဆင့် အချိန်ကြာမြင့်တဲ့အထိ COVID-19 ရောဂါဖြစ်ပွားမှု မတွေ့ရှိခဲ့တဲ့ နိုင်ငံတွေ အကြောင်းကို သိပ္ပံပညာရှင်တွေက ရှင်းပြနိုင်ခဲ့ပြီး အနာဂတ်မှာ ဖြစ်ပွားလာနိုင်တဲ့ COVID-19 ကူးစက်နိုင်မှု အခြေအနေကိုလည်း ရှင်းပြနိုင်ခဲ့ပါတယ်။
ဗီယက်နမ်၊ နယူးဇီလန်နဲ့ တရုတ်နိုင်ငံ ဒေသတချို့မှာ ပြည်တွင်း ကူးစက်မှု မရှိခဲ့တာ လပေါင်းအတော်ကြာပြီးမှ ကူးစက်မှုတွေ တကျော့ပြန် ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းမှာ အေးခဲအသားနဲ့ ငါးတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရှိနေတဲ့ အစားအစာကို ကိုင်မိသူဟာ ရောဂါကူးစက်မှု တခုအတွက် အညွှန်းကိန်းတခု ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာ စားနပ်ရိက္ခာ ဈေးကွက်ကလည်း ကြီးမားလွန်းတဲ့အတွက် မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေက အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ကိန်းဘရစ်ချ် တက္ကသိုလ်က ပါမောက္ခ ဂျိန်းစ်ဝုဒ်က ပြောပါတယ်။
ဒါကြောင့်လည်း စားသောက်ဆိုင်လုပ်ငန်းက အလုပ်သမားတွေ အနေနဲ့ COVID-19 လူနာနဲ့ ထိတွေ့မိတာပဲဖြစ်စေ၊ နေထိုင်မကောင်းရင်ဖြစ်စေ အလုပ်ကို မလာသင့်ဘူးလို့ ပါမောက္ခ ဂျိန်းစ်ဝုဒ်က ပြောကြားခဲ့ပါတယ်။
Ref: telegraph
You may also like these stories:
အွန်လိုင်းပေါ်က ကိုဗစ် သတင်းမှားတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရ
ကိုဗစ် ကူးစက်မှုဒဏ် ခံနေရတဲ့ အန္ဒမန်ကျွန်းပေါ်က မျိုးနွယ်စုဝင်များ