COVID-19 ကပ်ရောဂါဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာတဝှမ်းနီးပါး ကူးစက်ခံခဲ့ရပါတယ်။
အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၆ သန်းကျော် ရောဂါကူးစက်ခံထားရသလို ၁၈၇,၇၃၆ ယောက် သေဆုံးခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။ ၁ လမပြည့်ခင် အချိန်အတွင်းမှာပဲ အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်သူပေါင်း ၁ သန်းကျော် ရှိလာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာတဝှမ်း COVID-19 ကူးစက်သူအရေအတွက် ၂၅ ဒဿမ ၆ သန်း ကျော်လာခဲ့ပြီ ဖြစ်သလို သေဆုံးသူ အရေအတွက်လည်း ၈ သိန်းခွဲ ကျော်သွားခဲ့ပါပြီ။ ရောဂါပိုး သယ်ဆောင်ထားပေမယ့် ရောဂါလက္ခဏာ မပြသေးသူတွေ၊ စမ်းသပ် စစ်ဆေးမှု မခံယူရသေးတဲ့သူတွေ ရှိနေတဲ့အတွက်ကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းက ဖော်ပြထားတဲ့ အရေအတွက်ထက် ပိုမိုများပြားလာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကစပြီး ကူးစက်လူနာ အရေအတွက် ပိုမို များပြားလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကူးစက်လူနာတွေထဲမှာ ပြည်ပ ခရီးသွား ရာဇဝင် မရှိ၊ ကူးစက်လူနာနဲ့ ထိတွေ့မှု မရှိ၊ ရောဂါကူးစက်မှု မြင့်တက်နေတဲ့ ပြည်တွင်းဒေသတွေကို ခရီးသွားရာဇဝင်လည်း မရှိဘဲ ကူးစက်ခံရသူတွေ ပါဝင်နေပါတယ်။ ကူးစက်မှုကို ခြေရာခံ မလိုက်နိုင်တဲ့အတွက် ဒီလူနာတွေဟာ ကွင်းဆက်ပြတ် ကူးစက်လူနာတွေ ဖြစ်နေကြပါတယ်။
ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ အပြင်ထွက်တဲ့အခါ Mask တပ်တာ၊ လက်ဆေးတာကို အထူး လိုက်နာဖို့ လိုအပ်သလို လူစုလူဝေးနဲ့ ခပ်ခွာခွာ နေထိုင်သင့်တဲ့အချိန်ကို ရောက်လာပါပြီ။ ဒီကနေ့ မနက်ခင်းပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကူးစက်လူနာပေါင်း ၈၈၇ ယောက်အထိ ရှိလာခဲ့ပါတယ်။
အမေရိကန်နိုင်ငံနည်းတူ ဘရာဇီးမှာလည်း ရောဂါကူးစက်သူ အရေအတွက် များပြားလာခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ ဘရာဇီးနိုင်ငံမှာ ကူးစက်သူ ၃ ဒဿမ ၉ သန်းကျော် ရှိနေပြီး သေဆုံးသူအရေအတွက် ၁၂၀,၀၀၀ ကျော် ရှိလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ အရေအတွက်က ၃ ဒဿမ ၄ သန်း ရှိနေပြီး ဘရာဇီးနိုင်ငံမှာ ၃ သန်းကျော် ရှိနေပါတယ်။
ဒုတိယကူးစက်မှု အများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံနဲ့ မတိမ်းမယိမ်းမှာ ရှိနေတာကတော့ အိန္ဒိယနိုင်ငံဖြစ် ပြီး ကူးစက်သူ အရေအတွက် ၃ ဒဿမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၆ သောင်းခွဲကျော် ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ အရေအတွက် ၂ ဒဿမ ၈ သန်းကျော် ရှိပါ တယ်။
ကမ္ဘာတဝှမ်းကူးစက်မှုအများဆုံး ၁၀ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှား၊ ပီရူး၊ တောင်အာဖရိက၊ ကိုလံဘီယာ၊ မက္ကဆီကို၊ စပိန်နဲ့ အာဂျင်တီးနားနိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
Ref: BBC
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ဟာ အေးခဲအသားနဲ့ ငါးတွေမှာ ၃ ပတ်ကြာ အသက်ရှင်နိုင်
အွန်လိုင်းပေါ်က ကိုဗစ် သတင်းမှားတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရ
ကိုဗစ် ကူးစက်မှုဒဏ် ခံနေရတဲ့ အန္ဒမန်ကျွန်းပေါ်က မျိုးနွယ်စုဝင်များ