Health

COVID-19 ကာကွယ်ဆေး အမေရိကန်မှာ ဖြန့်ချိတော့မည်

အမေရိကန်နိုင်ငံအနေနဲ့ မကြာခင်အချိန်အတွင်း COVID-19 ကာကွယ်ဆေးကို ပြည်တွင်းမှာ ဖြန့်ချိပါတော့မယ်။ ဒါကြောင့်လည်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) က နိုဝင်ဘာလ ၁ ရက်နေ့မှာ COVID-19 ကာကွယ်ဆေး စတင် ဖြန့်ချိတော့မှာဖြစ်တဲ့အတွက် ပြည်နယ် အစိုးရတွေအနေနဲ့ အဆင့်သင့်ရှိနေဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ပြည်နယ်နဲ့ မြို့အသီးသီးက ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ ထံ ပို့ဆောင်ထားကြောင်း The New York Times နဲ့ CDC က CNN သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ စာရွက်စာတမ်းတွေမှာ အမေရိကန်က ဖြန့်ချိသွားမယ့် ဖြစ်နိုင်ခြေ အရှိဆုံး ကာကွယ်ဆေး ၃ မျိုးရဲ့ အသေးစိတ် အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

CDC ဒါရိုက်တာ ရောဘတ်ရက်ဖီးလ်ကလည်း နိုဝင်ဘာ ၁ ရက်နေ့ စတင်ဖြန့်ဖြူးချိန်မှာ ကာကွယ်ဆေးတွေ အချိန်မီ ဖြန့်ဖြူးနိုင်အောင် နေရာခွင့်ပြုချက်နဲ့ လိုင်စင်တွေ အမြန်ဆုံး လျှောက်ထားကြဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေထံ စာရေးသားပေးပို့ခဲ့ပါတယ်။

CDC ရဲ့ ပေးပို့စာထဲမှာ ဆေးဖြန့်ချိနိုင်ဖို့ အဆင့်သင့်ပြင်ထားဖို့သာ ပြောကြားထားပေမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ ကာကွယ်ဆေး ထုတ်နိုင်မယ်လို့ အတိအကျ ပြောဆိုထားခြင်းတော့ မရှိပါဘူး။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံး ဖြစ်သလို လူသေဆုံးမှု အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ကူးစက်၊ သေဆုံး များပြားနေတဲ့အတွက်ကြောင့်လည်း ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းလောက်အလိုမှာ ကိုဗစ် ကာကွယ်ဆေးကို ဖြန့်ချိသွားနိုင်ဖို့ ထရမ့် အစိုးရက ရည်ရွယ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာတော့ အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပြီး ရွေးကောက်ပွဲ မတိုင်ခင် ဖြန့်ချိဖို့ ကြိုးစားနေတဲ့အတွက် ပညာရှင်တချို့က ဝေဖန်နေကြပါတယ်။ တချို့ ပညာရှင်တွေကလည်း လက်တွေ့ စမ်းသပ်မှု မပြီးခင် COVID-19 ကာကွယ်ဆေး ဖြန့်နိုင်မှ လူတွေကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

အမေရိကန်မှာ COVID-19 ကာကွယ်ရေးအတွက် အလားအလာရှိတဲ့ ဆေး ၃ မျိုးကို လူတွေနဲ့ စမ်းသပ်ခဲ့ရာမှာ အဆင့် ၃ အထိ ရောက်ရှိနေပါပြီ။ ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ထိရောက်မှုတွေကို စမ်းသပ်နိုင်ဖို့ ထောင်နဲ့ချီတဲ့ လူတွေကို ကာကွယ်ဆေး ထိုးပေးထားပါတယ်။

ကာကွယ်ဆေး စတင် ဖြန့်ချိရာမှာတော့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ မရှိမဖြစ် လုပ်သားတွေ၊ လုံခြုံရေး အဖွဲ့ဝင်တွေ၊ နာတာရှည် လူနာစောင့်ရှောက်ရေး စင်တာတွေနဲ့ ဝန်ထမ်းတွေကို ဦးစားပေး ထိုးသွားဖို့ကိုလည်း CDC က အကြံပြုထားပါတယ်။

Ref: CNN, NPR

You may also like these stories:

သြဂုတ်လအတွင်း အိန္ဒိယမှာ လူ ၂ သန်းနီးပါး ကိုဗစ်ကူးစက်

အိန္ဒိယမှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်မှု ၇ သောင်းကျော်နဲ့ စံချိန်တင်

အမေရိကန်မှာ ကိုဗစ် ကူးစက်သူ ၆ သန်းကျော် ရှိလာ

Loading