အင်ဒိုနီးရှားအစိုးရဟာ COVID-19 ရောဂါ ကာကွယ်ဆေး ရရှိဖို့အတွက်ပဲ ဦးတည်ချက်ထားနေပြီး ပြည်သူ့ ကျန်းမာရေးကို လစ်လျှူရှုထားတယ်လို့ ကူးစက်ရောဂါဗေဒဆိုင်ရာ ပညာရှင်တွေက ဝေဖန်ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားအစိုးအနေနဲ့ ပြည်သူတွေကို Mask တပ်ဆင်ဖို့ တွန်းအားပေးရမှာ ဖြစ်သလို ရောဂါကူးဆက်မှု ကွင်းဆက် ရှာဖွေရေးလုပ်ငန်းတွေမှာ အားနည်းနေပြီး ကာကွယ်ဆေးထိုးနိုင်ဖို့ကိုသာ အာရုံစူးစိုက်နေပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေးဟာ အဖြေတခု မဟုတ်ဘူးလို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အစိုးရအဖွဲ့ဟာ ကာကွယ်ဆေး အလားအလာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို မကြာခဏ ပြောဆိုလေ့ရှိတတ်ပြီး သမ္မတ ကိုယ်တိုင်ကလည်း COVID-19 ကာကွယ်ဆေးကို၂၀၂၁ ခုနှစ် အလယ်ပိုင်းလောက်အတွင်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင့် မကြာသေးခင်ကမှ ပြောကြားခဲ့ပါသေးတယ်။
ဘန်ဒေါင်းအခြေစိုက် Bio Farma(Persero) ဟာ အင်ဒိုနီးရှားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ် ပြီး တခုတည်းသော ဒေသတွင်း ကာကွယ်ရေးထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီဟာ တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီနဲ့ COVID-19 ကာကွယ်ဆေးအတွက် စာချုပ် ချုပ်ဆိုထားပြီးဖြစ်သလို အင်ဒိုနီးရှားစေတနာ့ဝန်ထမ်း ၁၆၀၀ ကို ကိုဗစ် ကာကွယ်ဆေးထိုးပြီး စမ်းသပ်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှား – တရုတ် ကုမ္ပဏီတွေက ထောက်ပံ့ပေးမယ့် ကာကွယ်ဆေး သန်း ၂၉၀ မရသေးခင်မှာ တော့ အစိုးရအနေနဲ့ Mask တပ်တာ ၊ လက်ဆေးတာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း စီးပွားရေးဆိုင်ရာညှိနှိုင်းဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ သန္ဓေပြောင်း COVID-19 ရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်ပြီး လူ ၂ သိန်းကျော် ရောဂါ ကူးစက်ခံထားရပါတယ်။ သေဆုံးသူ အရေအတွက်ကလည်း ၈,၂၃၀ ဦး ရှိသွားခဲ့ပြီး အရှေ့တောင်အာရှမှာ COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ကူးစက်မှု အများဆုံးကတော့ မြို့တော် ဂျာကာတာဖြစ်ပြီး လူဦးရေထူထပ်တဲ့ အနောက်ပိုင်းပြည်နယ်၊ အလယ်ပိုင်းနဲ့ အရှေ့ဂျာဗား ပြည်နယ်တွေမှာလည်း ကူးစက်မှု မြင့်တက်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ သန်း ၂၇၀ နီးပါးရှိပေမယ့် တရက်ကိုပျမ်းမျှ လူ ၁၂,၀၀၀ နဲ့ ၂၀,၀၀၀ ကြားသာ COVID-19 စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဂျာဗားကျွန်းမှာဆိုရင် လူဦးရေ သန်း ၁၄၀ ရှိနေတဲ့အတွက် COVID-19 ထိန်းချုပ်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ရဲ့ ကူးစက်ရောဂါပညာရှင် ဒေါက်တာ ပန်ဒူရီယိုနိုကလည်း ရောဂါကူးစက်မှုနှုန်းမြင့်တက်နေတာနဲ့ ပတ်သက်ပြီး အစိုးရရဲ့မဟာဗျူဟာက စိုးရိမ်ဖွယ်ကောင်းကြောင်း သတိပေးပြောကြားထားပါတယ်။
တဆက်တည်းမှာပဲ သူက ကမ္ဘာမှာဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါတိုင်းဟာ ကာကွယ်ဆေးကြောင့် အဆုံး သတ်ခဲ့ရတာချည်းပဲ မဟုတ်ဘူးလို့ ပြောကြားခဲ့သလို လက္ခဏာဝိသေသတွေ ပိုမိုများပြားတဲ့ COVID-19 လို ရောဂါမျိုးအတွက် ကာကွယ်ဆေးဟာ အဖြေတခု မဟုတ်ကြောင်း ပြောပါတယ်။
ဆက်လက်ပြီး ကာကွယ်ဆေးဟာ ကာလရှည်တခုမှာ တစုံတရာ အကျိုးပြုနိုင်ပေမယ့် ကာလတိုအတွင်းမှာတော့ ကာကွယ်ဆေးထက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စနစ်တွေကို ပိုပြီးအလေးထားဖို့ လိုအပ်ကြောင်း၊ အစိုးရအနေနဲ့ ပြည်သူတွေ Mask တပ်ဖို့နဲ့ Social distancing စည်းကမ်းတွေ လိုက်နာဖို့ တွန်းအားပေးသင့်ကြောင်း ဒေါက်တာပန်ဒူက ပြောပါတယ်။
Ref: SMH
You may also like these stories:
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ရုရှားပြည်သူများထံ ဖြန့်ဝေ
လာမယ့်လ အနည်းငယ်အတွင်း သြစတြေးလျက ကိုဗစ်ကာကွယ်ဆေး ထုတ်မည်
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ရလဒ်ကောင်းမွန်