စက်တင်ဘာ ၁၀ ရက်နေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်တွေအရ ကမ္ဘာတဝှမ်း COVID-19 ရောဂါကြောင့် သေဆုံးသူပေါင်း ၉၀၈,၀၀၀ ရှိနေပြီး ကူးစက်သူပေါင်း ၂၈ သန်းကျော်ရှိနေပြီလို့ သိရပါတယ်။ ကူးစက်သူတွေအနက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူကတော့ ၂၀ ဒသမ ၁ သန်းကျော် ရှိနေပါတယ်။
အမေရိကန်နိုင်ငံကတော့ COVID-19 ရောဂါ ဆိုးဆိုးရွားရွား ကူးစက်နေတဲ့နိုင်ငံဖြစ်ပြီး ၆ ဒသမ ၅ သန်းကျော် ကူးစက်ခံထားရပါတယ်။ သေဆုံးသူကတော့ ၁၉၅,၀၀၀ ကျော် ရှိနေပြီး ၃ ဒသမ ၈ သန်းကျော် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။
ဒုတိယ သေဆုံးမှု အများဆုံးနိုင်ငံကတော့ ဘရာဇီးနိုင်ငံဖြစ်ပြီး ၁၂၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ကူးစက်မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ပေမယ့် သေဆုံးသူ ၇၅,၀၀၀ ကျော်သာ ရှိနေတဲ့အတွက် ကိုဗစ်ကြောင့် လူသေဆုံးမှု တတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အိန္ဒိယနိုင်ငံမှာ တရက်အတွင်း ကူးစက်သူ ၉၀,၈၀၂ ယောက် ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံမှာ လူ ၄ ဒသမ ၄ သန်းကျော် ကူးစက်ခံထားရပါတယ်။
တတိယ ကူးစက်မှုအများဆုံး ဘရာဇီးနိုင်ငံကတော့ ၄ ဒသမ ၁ သန်းကျော် ကူးစက်ခံထားရပြီး မက္ကဆီကို၊ ပီရူး၊ ကိုလံဘီယာ၊ ချီလီနဲ့ အီကွေဒေါနိုင်ငံတွေမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်တိုးလာနေပါတယ်။
COVID-19 ကူးစက်မှု ဗဟိုချက်ဟာ အိန္ဒိယနိုင်ငံကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ကမ္ဘာ့ ဒုတိယ လူဦးရေ အထူထပ်ဆုံးနိုင်ငံမှာ ကူးစက်မှု အထွတ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ တော့ Lockdown ကာလ စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘားတွေကို ဖွင့်ခွင့်ပြုခဲ့ပါ တယ်။
တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကူးစက်မှုနှုန်း ထပ်မံတိုးလာဖို့ ရှိနေပြီး လွန်ခဲ့တဲ့ ၂ ပတ်ကစလို့ အိန္ဒိယနိုင်ငံမှာ ပျမ်းမျှ လူ ၁၀၀၀ ကျော် နေ့စဉ် သေဆုံးနေရပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ရရှိတဲ့ အချက်အလက်တွေအရ ကမ္ဘာတဝှမ်းမှာ COVID-19 ကြောင့် ပျမ်းမျှ လူ ၅၆၀၀ ကျော် နေ့စဉ် သေဆုံးနေရပါတယ်။ COVID-19 ကြောင့် ပထမဆုံး လူသေဆုံးခဲ့တာကတော့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ဖြစ်ပြီး မှတ်တမ်းတွေအရ ဇန်နဝါရီ ၁၀ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters
You may also like these stories:
အမေရိကန်မှာ ကလေး ၅ သိန်းကျော် COVID-19 ကူးစက်ခံထားရ
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ရုရှားပြည်သူများထံ ဖြန့်ဝေ
လာမယ့်လ အနည်းငယ်အတွင်း သြစတြေးလျက ကိုဗစ်ကာကွယ်ဆေး ထုတ်မည်