သြဂုတ်လကစပြီး ကမ္ဘာတဝှမ်း COVID-19 ရောဂါ ကူးစက်မှု ပြန်လည် မြင့်တက်ခဲ့ပါတယ်။ နိုင်ငံအများစုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့ ယူဆနေချိန်မှာပဲ ကူးစက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။
ကမ္ဘာ့ပထမဆုံး ကိုဗစ် ကင်းစင်နိုင်ငံအဖြစ် ကြေညာခဲ့တဲ့ နယူးဇီလန်မှာလည်း ပြည်တွင်း ကူးစက်မှု မရှိခဲ့တာ ရက်ပေါင်း ၁၀၀ ကျော် ကြာပြီးနောက်ပိုင်း ပြည်တွင်း ကူးစက်မှု ပြန်လည် စတင်ခဲ့ပါတယ်။
အလားတူ ဗီယက်နမ်၊ မြန်မာ စတဲ့ အာဆီယံနိုင်ငံတွေမှာ တကျော့ပြန် ပြည်တွင်း ကူးစက်မှုနဲ့ တဖန် ရင်ဆိုင်လာရပါတယ်။ ဗီယက်နမ်နိုင်ငံဆိုရင်လည်း ပြည်တွင်း ကူးစက်မှု မရှိတာ ၃ လကျော် ကြာမြင့် ပြီးမှ ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှုတွေ ပြန်လည် စတင်ခဲ့ပါတယ်။
ပထမလှိုင်းလို့ ဆိုနိုင်တဲ့ ကာလအတွင်း ဗီယက်နမ်နိုင်ငံမှာ COVID-19 ကြောင့် လူသေဆုံးမှု မရှိခဲ့ပေမယ့် တကျော့ပြန် ကူးစက်မှုမှာတော့ ၃၅ ယောက် သေဆုံးခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ဗီယက်နမ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့က COVID-19 ကူးစက်လူနာ ၂ ယောက် စတင် တွေ့ရှိခဲ့ပါတယ်။
ပထမလှိုင်း ကာလအတွင်း ဗီယက်နမ်နိုင်ငံမှာ ကူးစက်သူ ၃၅၀ ကျော်နဲ့ ပြည်တွင်း ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လပေါင်း အတန်ကြာပြီးနောက်မှာတော့ ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်း ကူးစက်မှုတွေ ပြန်စတင်ခဲ့တဲ့အတွက် ကူးစက်သူပေါင်း ၁၀၅၉ ယောက် ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း COVID-19 ပြည်တွင်း ကူးစက်မှုကို ၁ လနီးပါး ထိန်းချုပ်နိုင်ခဲ့ပေမယ့် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်လူနာ တွေ့ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကူးစက်လူနာတွေ့ရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ COVID-19 ကူးစက်လူနာတွေကို တွေ့ရှိခဲ့ရပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကူးစက်လူနာ ၂၂၆၅ ယောက် ရှိနေပြီး ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ပထမလှိုင်းလို့ ဆိုနိုင်တဲ့ ကာလအတွင်း မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၆ ယောက်သာ ရှိခဲ့ပေမယ့် သြဂုတ်လကစပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၈ ယောက် ထပ်တိုးလာခဲ့ပါတယ်။
သြဂုတ်လကစပြီး မြန်မာနိုင်ငံမှာ ကူးစက်လူနာ အရေအတွက် တိုးလာခဲ့သလို သေဆုံးသူ အရေ အတွက်လည်း တိုးလာခဲ့ပါတယ်။ ကျား၊ မ ကူးစက်မှုအရ ဆိုရင်တော့ အမျိုးသား ၈၄၃ ယောက် ၊ အမျိုးသမီး ၁၄၂၂ ယောက် ကူးစက်ခံထားရပါတယ်။
လက်ရှိအချိန်အထိ အာဆီယံနိုင်ငံတွေမှာ COVID-19 ကူးစက်သူပေါင်း ၅၂၇,၀၀၀ ကျော် ရှိနေပါတယ်။ အာဆီယံနိုင်ငံအလိုက် ကူးစက်မှု အဆင့်မှာ မြန်မာနိုင်ငံက အဆင့် ၆ နေရာမှာ ရှိနေပြီး ကူးစက်မှု အများဆုံးနဲ့ သေဆုံးမှုအများဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။
COVID-19 ကြောင့် အာဆီယံနိုင်ငံတွင်း လူသေဆုံးမှု လုံးဝ မရှိတဲ့ နိုင်ငံတွေကတော့ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံအလိုက် ကူးစက်သူ၊ သေဆုံးမှုသူနဲ့ ကျန်းမာရေး ပြန်ကောင်းလာသူ အရေအတွက်ကို အောက်ပါဇယားမှာ လေ့လာနိုင်ပါတယ်။
Ref: worldometers
You may also like these stories:
ကမ္ဘာတဝှမ်း ကိုဗစ်ကြောင့် သေဆုံးသူ ၉ သိန်းကျော်ပြီ
အမေရိကန်မှာ ကလေး ၅ သိန်းကျော် COVID-19 ကူးစက်ခံထားရ
ပြည်သူ့ကျန်းမာရေးကို လစ်လျှူရှုတဲ့အတွက် အင်ဒိုနီးရှားအစိုးရ ဝေဖန်ခံနေရ