ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးအဖြစ် လူသိများတဲ့ ရုရှားထုတ် Sputnik-V ကာကွယ်ဆေး သန်း ၅၀ ဝယ်ယူဖို့ ဘရာဇီးနိုင်ငံက စီစဉ်နေပါတယ်။ ကာကွယ်ဆေး စမ်းသပ်မှုနောက်ဆုံးအဆင့် ရလဒ်ကိုလည်း ဘရားဇီနိုင်ငံရဲ့ ပြည်နယ်တခုဖြစ်တဲ့ ဘာဟီရာပြည်နယ်မှာ စမ်းသပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားကာကွယ်ဆေးကို မော်စကိုမှာရှိတဲ့ ဂါမာလီယာသုတေသန အဖွဲ့က တီထွင်ခဲ့တာဖြစ်ပြီး ဈေးကွက် ဖြန့်ချိမှုအပိုင်းကိုတော့ ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က တာဝန်ယူထားပါတယ်။ ပြီးခဲ့တဲ့လအတွင်း ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးအဖြစ် မှတ်ပုံတင်နိုင်ခဲ့ပြီးနောက် ဘရာဇီးနိုင်ငံ၊ ပါရာနာပြည်နယ်မှာလည်း ကာကွယ်ဆေး စမ်းသပ်ဖို့နဲ့ ထုတ်လုပ်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
RDIF ရဲ့ဖော်ပြချက်အရ ရုရှားနိုင်ငံက Sputnik-V ကိုဗစ် ကာကွယ်ဆေး သန်း ၅၀ ကို ဘရာဇီးနိုင်ငံရဲ့ ဘာဟီရာပြည်နယ်ကို ရောင်းချသွားမယ်လို့ သိရပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ရာအူး ကော်စတာကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကာကွယ်ဆေး စမ်းသပ်ဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ကာကွယ်ဆေး စမ်းသပ်ဖို့အတွက် ဘရာဇီး ကျန်းမာရေးဌာနရဲ့ ခွင့်ပြုချက်ရခဲ့ရင် ဘာဟီရာပြည်နယ်မှာ ကနဦးအဖြစ် ကာကွယ်ဆေး ၅၀၀ ရရှိမယ်လို့ ပြောပါတယ်။
စည်းမျဉ်း စည်းကမ်းတွေကို အတည်ပြုပြီးနောက်မှာတော့ နိုဝင်ဘာလကစပြီး ရုရှားထုတ် ကာကွယ် ဆေးကို တင်ပို့ပေးနိုင်မယ်လို့ RDIF က ပြောပါတယ်။ ရုရှားနိုင်ငံအနေနဲ့ Sputnik-V ရဲ့ နောက်ဆုံး အဆင့် စမ်းသပ်မှုတွေ မပြုလုပ်နိုင်သေးခင်မှာဘဲ ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးအဖြစ် မှတ်ပုံ တင်ခဲ့ပါတယ်။
အောက်တိုဘာလမှာ စတင်နိုင်ဖွယ်ရှိတဲ့ စမ်းသပ်မှု အောင်မြင်သွားခဲ့ရင် ဘာဟီရာပြည်နယ်ရဲ့ Bahiafarma ဆေးဝါးသုတေသန စင်တာကတဆင့် ဘရာဇီးဈေးကွက်ကို တင်ပို့နိုင်မယ်လို့ ပြည်နယ် ကျန်းမာရေးမှူးဖြစ်သူ Fabio Vilas-Boas Pinto က ပြောပါတယ်။
ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၄ ဒသမ ၃ သန်းကျော် ရောဂါကူးစက်ခံထားရပါတယ်။ သေဆုံးသူ ၁ ဒသမ ၃ သိန်းကျော် ရှိနေပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့သူ ၃ ဒသမ ၅ သန်းကျော် ရှိပါတယ်။
RDIF အနေနဲ့ တခြားနိုင်ငံတွေကိုလည်း ကာကွယ်ဆေး ရောင်းချဖို့ လက်မှတ် ထိုးထားပါတယ်။ ကာဇက်စတန်နိုင်ငံကလည်း ကနဦးအဖြစ် ကာကွယ်ဆေး ၂ သန်းဝယ်ယူဖို့ လက်မှတ်ထိုးထားပြီး နောက်ပိုင်းမှာ ၅ သန်းအထိ တိုးဝယ်သွားဖို့ သဘောတူညီထားပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ ပုဂ္ဂလိကကုမ္ပဏီတခုဖြစ်တဲ့ Landsteiner Scientific ကလည်း ကာကွယ်ဆေး ၃၂ သန်း ဝယ်ယူဖို့ RDIF နဲ့ သဘောတူထားပါတယ်။ ၂၀၂၀ – ၂၁ ခုနှစ်အတွင်း လူပေါင်း ၁ ဘီလီယံကျော်အတွက် ရုရှားထုတ် ကာကွယ်ဆေး ရရှိနိုင်မယ်လို့ RDIF က ပြောပါတယ်။
Ref: Reuters
You may also like these stories:
အာဆီယံနိုင်ငံများအတွင်း ကိုဗစ် ကူးစက်မှု အခြေအနေ
ကမ္ဘာတဝှမ်း ကိုဗစ်ကြောင့် သေဆုံးသူ ၉ သိန်းကျော်ပြီ
အမေရိကန်မှာ ကလေး ၅ သိန်းကျော် COVID-19 ကူးစက်ခံထားရ