မျက်နှာမှာ အကာအကွယ်လုပ်တဲ့ Mask က လောလောဆယ်မှာ အစွမ်းထက်ဆုံး ပြည်သူ့ကျန်းမာရေး ကိရိယာပါလို့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး ဗဟို (Centers for Disease Control and Prevention-CDC) က ပြောကြားလိုက်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေးမှာ လတ်တလော အခြေအနေတွေအရ နှာခေါင်းစည်းက ကာကွယ်ဆေးထက်ပိုပြီး စွမ်းဆောင်နိုင်တယ်လို့ ဆိုတာပါ။
“ကျနော်တို့မှာ ရှင်းလင်းတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်တွေ ရှိပါတယ်၊ နှာခေါင်းစည်းက အကောင်းဆုံး အကာအကွယ်ပါ “ လို့ CDC ညွှန်ကြားရေးမှုး Dr. Robert Redfield က ဆိုပါတယ်။ သူ့ကိုယ်ပိုင် အမြင်အရကိုပဲ ကာကွယ်ဆေးထိုးသည့်တိုင်အောင် နှာခေါင်းစည်းကသာ ကိုဗစ် ကာကွယ်ရေးမှာ ပိုထိရောက်မယ် ထင်နေပါတယ်လို့တောင် ပြောပါတယ်။ သူ ဆီးနိတ် အထက်လွှတ်တော် အစည်းအဝေးတခု ( U.S. Senate Appropriations Subcommittee on Labor, Health and Human Services, Education, and Related Agencies that a potential coronavirus vaccine) မှာ တင်ပြခဲ့ချက်အရ အခု ၂၀၂၀ နှစ်ကုန်လောက်မှာ အရေအတွက် အကန့်အသတ်နဲ့ ရရှိနိုင်မယ်လို့ ယူဆထားတဲ့ ကာကွယ်ဆေးမှာကိုက ကာကွယ်နိုင်စွမ်း immunogenicity က ၇၀ ရာခိုင်နှုန်းသာ ရှိမယ်လို့ဆိုပါတယ်။
Immunogenicity ဆိုတာက ဗိုင်းရပ်စ်ကို တုန့်ပြန်ဖို့ ကိုယ်ခံအား တည်ဆောက်နိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာပါ။ ကျန်းမာရေးဆိုင်ရာ ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် အကြံပေး Dr. Anthony Fauci ကလည်း ပိုပြီး ခိုင်မာစိတ်ချရတဲ့ immunogenicity ၉၈ ရာခိုင်နှုန်း ရှိတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ဖော်ထုတ်နိုင်ဖို့့ မျှော်လင့်ချက်ရှိပေမယ့် အလားအလာတော့ နည်းသေးတယ်လို့ဆိုပါတယ်။ သူက National Institute of Allergy and Infectious Diseases ရဲ့ ညွှန်ကြားရေးမှုးလည်း ဖြစ်ပြီး သြဂုတ်လလောက်ကတည်းက ၇၅ ရာခိုင်နှုန်း စွမ်းရည်ရှိတဲ့ ကာကွယ်ဆေးရနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။
အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေး Food and Drug Administration – FDA ကတော့ အခုအချိန်ထိ ကမ္ဘာမှာပေါ်ပေါက်နေတဲ့ ကာကွယ်ဆေးတွေက အန္တရာယ်ကင်း စိတ်ချရပြီး စွမ်းရည်အားဖြင့်တော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ထိရောက်ကြတယ်လို့ဆိုပါတယ်။
၅၀ ရာခိုင်နှုန်း ထိရောက်မှု ဆိုတာက အခုအခါ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့ တုပ်ကွေး flu ကာကွယ်ဆေးနဲ့ အကြမ်းအားဖြင့် တူတူဘဲလို့ဆိုပြီး ၉၃ ရာခိုင်နှုန်း ထိရောက်တဲ့ ဝက်သက်ကာကွယ်ဆေး ထက်တော့ နည်းပါးတယ်လို့ CDC က ဆိုပါတယ်။
အထက်မှာ ပြောခဲ့တဲ့ အစည်းအဝေးမှာ Dr. Redfield က အပြာရောင် ဆေးရုံသုံး နှာခေါင်းစည်းကို ကိုင်ပြရင်း “ကျနော်တို့မှာ ကိုယ်ခံအား တုန့်ပြန်မှု မရခဲ့ရင် ကာကွယ်ဆေးက ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ သူက အမေရိကန် လူမျိုးတွေ နှာခေါင်းစည်းတပ်တာ ဆက်ပြီး ကျင့်သုံးကြဖို့နဲ့ အထူးသဖြင့် အသက် ၁၈ နှစ်ကနေ ၂၅ အထိအရွယ်တွေမှာ ဒါကို အကျင့်တခု ဖြစ်အောင် လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေး ထိန်းချုပ်ဖို့ကတော့ တကမ္ဘာလုံးက လူတွေ နှာခေါင်းစည်းတပ်ကြဖို့ လိုမယ်လို့ ဆိုပါတယ်။
CDC ကရော၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ရော အခုဆိုရင် လူတွေကို နှာခေါင်းစည်းတပ်ကြဖို့ အကြံပြုနေပါပြီ။ ပိုးရှိနေသူတယောက် စကားပြော၊ နှာချေ၊ ချောင်းဆိုးကနေ ကူးစက်ပျံ့ပွားတာ သေချာတာမို့ ဒါက လုပ်ကို လုပ်သင့်တယ်လို့ဆိုပါတယ်။ CDC ကလည်း နှာခေါင်းစည်းက ပါးစပ်ရော၊ နှာခေါင်းပါ ဖုံးအုပ်ထားတာမို့ တဦးနဲ့တဦး ၆ ပေကွာလို လူမှုအကွာအဝေး မကျင့်သုံးနိုင်သူတွေအဖို့ ဒါက အသင့်တော်ဆုံးလို့ဆိုပါတယ်။
အမေရိကန် ကျန်းမာရေးနှင့် လူသားဆိုင်ရာဝန်ဆောင်မှု ဝန်ကြီးဌာန U.S. Department of Health and Human Services ရဲ့ လက်ထောက်ဝန်ကြီးတဦး ဖြစ်တဲ့Adm. Brett Giroir ကလည်း “ ရောဂါပျံ့ပွားမှု ကာကွယ်ရေးအတွက် ကျနော်တို့ လုပ်နိုင်တဲ့ အရေးကြီးဆုံး တခုတည်းသော အရာက နှာခေါင်းစည်း တပ်တာပါ “ လို့ဆိုပါတယ်။ လူတဦးနဲ့တဦးကြား လက္ခဏာ မပြဘဲ ကူးစက်စေနိုင်တာတွေကလည်း ရှိနေလို့ပါဘဲ။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ဧပြီလတုန်းက နှာခေါင်းစည်း သုံးတာကို အားမပေးပါဘူး။ “ကျနော်တော့ သုံးဖြစ်မယ် မထင်ဘူး” လို့တောင်ပြောခဲ့တာပါ။ ဒါပေမယ့် ဇူလိုင်လ ကျတော့ “နှာခေါင်းစည်း ဝတ်ဆင်တာက မျိုးချစ်စိတ်” ဆိုပြီး ပြန်ပြောင်း ပြောလာပါတယ်။ သူကတော့ အရင်က ပြောခဲ့တာကို နားလည်မှု လွဲကြတာပါလို့ဆိုပါတယ်။ နှာခေါင်းစည်းက ကာကွယ်ဆေးလောက် အရေးမကြီးလှဘူး လို့သာ ဆိုလိုကြောင်း ပြန်ပြောပါတယ်။ ကာကွယ်ဆေးက ပိုပြီး အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ဆိုလိုကြောင်း ရှင်းလင်းပါတယ်။
Dr. Redfield ကလည်း “ကိုဗစ် ၁၉ ကာကွယ်ဆေးက အရေးကြီးတာကို ရာနှုန်းပြည့်ယုံကြည်ပါတယ်၊ ကိုဗစ် ၁၉ ကာကွယ်ဆေးက အမေရိကန်တွေ မူလ ပုံမှန်အတိုင်း ပြန်လည်နေထိုင် လှုပ်ရှားနိုင်မယ့် တခုတည်းသော အရာပါ “ လို့ဆိုပါတယ်။ “အခု လက်ရှိအနေအထားမှာ လုပ်ဆောင်နေရတဲ့ ကာကွယ်ရေး နည်းလမ်းတွေ ဖြစ်တဲ့ လူစုလူဝေးရှောင်၊ လူမှု အကွာအဝေး ကျင့်သုံး၊ လက် မကြာခဏဆေး၊ နှာခေါင်းစည်းတပ် ဆိုတာတွေကို ဖြေလျှော့ပေးနိုင်မယ့် အကောင်းဆုံး ကာကွယ်ခြင်းကလည်း ကာကွယ်ဆေးဖြစ်ပါတယ်“ လို့ဆိုပါတယ်။
အခုဆိုရင် CDC က အမေရိကန်နိုင်ငံသား အားလုံးကို အခမဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးနိုင်မယ့် အစီအစဉ်တခု ရေးဆွဲနေပါတယ်။ Dr. Redfield အဆိုအရတော့ အမေရိကန် နိုင်ငံသားအားလုံး ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ အစီအစဉ်က ၆ လကနေ ၉ လ လောက်အထိ ကြာမြင့်နိုင်သေးပြီး ပုံမှန်အနေအထားအတိုင်း ပြန်ရောက်ဖို့က ၂၀၂၁ ခုနှစ် တတိယ ၃ လပတ်လောက်မှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မရေရာတဲ့ ကပ်ရောဂါ အသစ်တခု အတွက် တွေ့ရှိချက်တွေ၊ ယူဆချက်တွေက အမျိုးမျိုး အဖုံဖုံ၊ အငြင်းအခုံတွေလည်း ရှိမြဲပါ။ ဘယ်သူကမှ သိထားပြီးသား အရာအတွက် ဆုံးဖြတ်လုပ်ဆောင်နေရတာ မဟုတ်လေတော့ တွေ့ရှိချက် အသစ်အသစ်တွေကနေ ကောင်းနိုးရာရာ လက်တွေ့ကျတာတွေကို လုပ်ဆောင်ဖို့ အကြံပြုကြတာပါ။ နှာခေါင်းစည်းတောင်မှ ဘယ်လိုမျိုးက စိတ်ချရတယ်၊ ဘယ်ဟာက မထူးဘူး ဆိုတာမျိုးတွေ ပြောဆိုနေကြဆဲပါ။
ဒါပေမယ့်လည်း တကယ့် အနှစ်သာရ အနေနဲ့ နှာခေါင်းစည်းဆိုတာ ကိုယ့်ဆီက ရောဂါပိုးမွှား တခြားမရောက်အောင် ဆိုတာရယ်၊ ကိုယ် တပ်ထားရင် တခြားသူကို ကာကွယ်ပြီး တခြားသူ တပ်ထားရင် ကိုယ့်ကို ကာကွယ်တယ် ဆိုတဲ့ အခြေခံလေး နှလုံးသွင်းထားကြဖို့တော့လိုပါတယ်။ သိပ္ပံနည်းကျ စမ်းသပ်မှုတွေအရလည်း နှာခေါင်းစည်း အမျိုးအစားပေါ် မူတည်ပြီး စွမ်းဆောင်နိုင်မှု အနည်းအများ ကွာပေမယ့် နှာခေါင်းစည်းတပ်တာက ကာကွယ်မှုတော့ ပေးစွမ်းကြောင်း သက်သေပြကြပါတယ်။
လက်တွေ့ကျပြီး လတ်တလော အနေအထားမှာ ကာကွယ်ဆေးလည်း မကျယ်ပြန့်သေးမီမှာ နှာခေါင်းစည်းလေး တပ်ပြီး သွားလာ လှုပ်ရှားကြတာက အနည်းနဲ့အများ ဆိုသလို ကာကွယ်ရေး အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာတော့ လက်ခံ ကျင့်သုံးသင့်ကြတယ်လို့ ထင်မြင်မိပါတယ် ။
ကိုးကား။ ။ CNBC ၏ CDC director says face masks may provide more protection than coronavirus vaccine
You may also like these stories:
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ သန်း ၃၀ ကျော်ပြီ
နှာခေါင်းအတွင်းဖျန်းသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တရုတ်တွင် လူနှင့် စတင်စမ်းသပ်
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး သန်း ၅၀ ဝယ်ဖို့ ဘရာဇီး စီစဉ်နေ