အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်မှု အမြင့်ဆုံး ဇယားထိပ်ကို ရောက်နေခဲ့တဲ့ ၈ လကျော်အကြာမှာ သေဆုံးသူ ၂၀၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍ၊ ဆေးပညာ စတဲ့ နယ်ပယ်ရပ်တွေမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ နိုင်ငံကြီးတနိုင်ငံ ဖြစ်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို မတွန်းလှန်နိုင်သေးဘဲ ရှိနေပါတယ်။
ကမ္ဘာပေါ်မှာ သေဆုံးသူ အရေအတွက် အများဆုံးဖြစ်နေတာကို John Hopkins တက္ကသိုလ်က ထုတ်ပြန်ချက်တွေမှာ ကြည့်ရှုနိုင်ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရ သေဆုံးသူ အရေအတွက် ၂၀၀,၀၀၅ ဦးရှိပြီလို့ ဖော်ပြထားပါတယ်။ သမ္မတ ထရမ့် အစိုးရကလည်း အဆိုပါကိစ္စကို အလေးထား ဆောင်ရွက်နေတယ်လို့ ထပ်မံ ပြောကြားလိုက်ပါတယ်။
အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ဟာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်ခံရမှုမျိုး ၆၇ ရက် ဆက်တိုက်နဲ့ ညီမျှတယ်လို့ တွက်ချက်ပြထားပါတယ်။ ဒါဟာ အယ်လ်ဘားမားမှာရှိတဲ့ ဆော့လိတ်စီးတီး ဒါမှမဟုတ် ဟန့်စ်ဗီးလ်မှာ နေထိုင်ကြသူတွေနဲ့ ညီမျှပါတယ်။
နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက်နေနိုင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်ရဲ့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ နှုန်းထားအတိုင်း ဆက်လက် မြင့်တက်နေမယ်ဆိုရင် ၂၀၂၀ ခုနှစ် အကုန်ပိုင်းမှာ လက်ရှိထက် ၂ ဆလောက် မြင့်တက်သွားနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်ထိသာ ကာကွယ်ဆေး မရသေးဘူးဆိုရင် ဆောင်းတွင်း အထက်တန်းကျောင်းတွေနဲ့ ကောလိပ်ပြန်ဖွင့်ချိန်တွေမှာ ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ မြင့်တက်သွားနိုင်ပါတယ်။
အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ ၆ ပတ်အလိုမှာ အခုလို COVID-19 ကူးစက်မှု အခြေအနေဟာ သမ္မတ ထရမ့် ကိုင်တွယ်ရမယ့် ကိစ္စရပ်တခုလည်း ဖြစ်နေပါတယ်။
ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်ညီလာခံမှာ သမ္မတ ထရမ့်က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ဝေဖန်ခဲ့သလို၊ တရုတ်နိုင်ငံက သူ့လုပ်ရပ်တွေအပေါ် တာဝန်ယူရမယ်လို့ ပြောဆိုလိုက်ပါတယ်။ တရုတ်သံအမတ်ကြီးကတော့ အဆိုပါ ဝေဖန်ချက်တွေကို အခြေအမြစ် မရှိဟု ဆိုကာ ငြင်းဆိုသွားခဲ့ပါတယ်။
ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က “ကူးစက်မှု အခြေအနေတွေက ဒီလောက် မဆိုးခဲ့သင့်ဘူး” လို့ သူ့ Twitter စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ရှိပေမယ့် COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ကတော့ ကမ္ဘာ့သေဆုံးသူ အရေအတွက်ရဲ့ ၂၀ ရာခိုင်နှုန်းထိ ရှိနေခဲ့ပါတယ်။
တနိုင်ငံချင်းစီရဲ့ သေဆုံးမှုကို အခြေခံ တွက်ချက်ထားတဲ့ အညွှန်းကိန်းအရ အမေရိကန်နောက်မှာ ပီရူး၊ ဘိုလီဗီးယား၊ ချီလီ၊ စပိန်နဲ့ ဘရာဇီးနိုင်ငံတွေ ရှိပါတယ်။ လက်ရှိမှာ ဘရာဇီးနိုင်ငံဟာ သေဆုံးသူ ၁၄၀,၀၀၀ နီးပါး ရှိပြီး၊ အိန္ဒိယက ၉၀,၀၀၀ ကျော်နဲ့ မက္ကဆီကိုက ၇၄,၀၀၀ ကျော် စာရင်း ရှိပါတယ်။
Ref: Aljazeera
You may also like these stories:
စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကိုဗစ် အကျပ်အတည်းကြားက ယီမင်နိုင်ငံ
နှာခေါင်းစည်းက ကာကွယ်ဆေးထက် ပိုစွမ်းတယ်ဟု အမေရိကန် CDC ဆို
ကိုဗစ်ကြောင့် အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်း ဥရောပမှာ လူသေဆုံးမှု ပိုများနိုင်