တရုတ်နိုင်ငံမှာ ကူးစက်မှုအသစ်ကြောင့် လူဦးရေ ၉ သန်းကျော်ကို ၅ ရက်အတွင်း COVID-19 စစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ပြည်ပက ပြန်လာသူတွေ၊ ဗိုင်းရပ်စ် ကူးစက်လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံနဲ့ ဆက်စပ်နေတဲ့ ကူးစက်မှုတွေကြောင့် Qingdao တမြို့လုံးကို စစ်ဆေးသွားမှာပါ။
တရုတ်အစိုးရက မေလတုန်းကလည်း လူဦးရေ ၁၁ သန်းကျော်ရှိတဲ့ ဝူဟန်မြို့ကို အခုလိုပဲ တပြိုင်တည်း အများအပြား ဗိုင်းရပ်စ် စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ လက်ရှိမှာ ရောဂါစတင်ခဲ့တဲ့ တရုတ်ပြည်မှာတော့ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်နိုင်နေပါပြီ။
ဒေသခံ ကျန်းမာရေးကောင်စီရဲ့ ထုတ်ပြန်ချက်အရ လက္ခဏာ မပြတဲ့ ကူးစက်မှုအသစ်တွေဟာ ဆေးရုံတခုတည်းနဲ့ ဆက်နွယ်နေတာကြောင့် ကူးစက်မှုတွေ ပြန်ရှိလာမှာကို စိုးရိမ်ပြီး မြို့နေလူထု အကုန်လုံးကို ၅ ရက်အတွင်း ဗိုင်းရပ်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
စစ်ဆေးမှု ပထမအသုတ်အဖြစ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံတွေမှာ လတ်တလော ဆေးကုသခံလူနာ ၁၄၃,၀၀၀ ယောက် စစ်ဆေးအပြီးမှာ ကူးစက်မှု မရှိကြောင်း Qingdao မြို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။ ကူးစက်မှုအသစ်တွေက တရုတ်နိုင်ငံရဲ့ ရွှေရောင် ရက်သတ္တပတ်အားလပ်ရက်တွေအပြီးမှာ ပေါ်ထွက်လာတာကြောင့် တကျော့ပြန် ဖြစ်လာမှာကို စိုးရိမ်ပြီး Qingdao မြို့ရဲ့ ခရိုင် ၅ ခုလုံးကို ဗိုင်းရပ်စ်စစ်ဆေးဖို့ ဖြစ်လာခဲ့တာပါ။
အောက်တိုဘာ ၁ ရက်က စတင်ခဲ့တဲ့ Mid-Autumn Festival အားလပ်ရက်ရှည်အတွင်းက ပြည်တွင်းခရီးသွား သန်း ၆၀၀ ကျော်လောက် နိုင်ငံတွင်း သွားလာလည်ပတ်ခဲ့တယ်လို့ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အားလပ်ရက် ခရီးထွက်သူတွေကြောင့် တရုတ်မှာ ပြည်တွင်းကူးစက်မှုအသစ်တွေ ပြန်ဖြစ်လာနိုင်မလားဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
နှစ်စဉ် နွေရာသီမှာ ကျင်းပလေ့ရှိတဲ့ Qingdao မြို့ရဲ့ အကြီးဆုံး Tsingtao ဘီယာပွဲတော်ကို သြဂုတ်လတိုင်း ဘီယာချစ်သူတွေ လာရောက်ဆင်နွှဲလေ့ရှိပါတယ်။ Qingdao မြို့ကိုလည်း ရွှေရောင်ရက်သတ္တပတ် အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွား ၄ သန်းကျော် လာရောက် လည်ပတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ နေ့စဉ် COVID-19 ကူးစက်သူ ဆယ်ဂဏန်းလောက်ပဲရှိပြီး လက်ရှိထိ စုစုပေါင်းလူနာ ၈၅,၅၉၁ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦး ရှိပါတယ်။ ဆေးရုံတက်ရောက်ကုသနေသူ ၂၂၈ ဦးသာ ကျန်ရှိပါတော့တယ်။
Ref: Euro News
You may also like these stories:
ကိုဗစ်ကာကွယ်ဆေး ၃ ဒေါ်လာဖြင့် ကမ္ဘာ့ကာကွယ်ဆေး မဟာမိတ် GAVI ရောင်းမည်
အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂ သိန်း ကျော်ပြီ
စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကိုဗစ် အကျပ်အတည်းကြားက ယီမင်နိုင်ငံ