စပိန်နိုင်ငံဟာ COVID-19 ကူးစက်ခံရသူပေါင်း ၁ သန်းကျော်လွန်သွားပါပြီ။ ဒါဟာ ကူးစက်ခံလူနာ ၅ သိန်းကျော်ခဲ့ပြီး ၆ ပတ်မြောက်ချိန်မှာ ၁ သန်းကျော်သွားတဲ့ ဆဋ္ဌမမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားတာပါ။ အနောက် ဥရောပနိုင်ငံတွေထဲမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁ သန်းကျော်လွန်သွားတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အရင်ပတ်က ထုတ်ပြန်ချက်တွေအရ COVID-19 ကြောင့် သေဆုံးသူ ၅၇၅ ဦးရှိခဲ့ပြီး၊ အောက်တိုဘာ ၂၁ ရက်က ၂၄ နာရီအတွင်း ကူးစက်ခံလူနာ ၁၆,၉၇၃ ဦးနဲ့ သေဆုံးသူ ၁၅၆ ယောက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ စတင် ကူးစက်ခံရတဲ့ အချိန်ကစလို့ ၉ လကျော်အတွင်း ကူးစက်ခံလူနာ ၁ သန်း ကျော်လွန်သွားတာပါ။
ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးဖြစ်နေတဲ့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနဲ့ အာဂျင်တီးနားနိုင်ငံတွေပြီးရင် ဆဋ္ဌမမြောက် ကူးစက်လူနာ ၁ သန်းကျော်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်လာပါတယ်။
အရင်လပိုင်းကစလို့ ဥရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းတွေ ပြန်မြင့်တက်လာခဲ့ပါတယ်။ အစိုးရပိုင်းကလည်း ပထမလှိုင်းတုန်းကလို ဆေးရုံတွေမှာ စုပြုံမနေအောင် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ပြီး တားဆီး ကာကွယ်နေပါတယ်။
စပိန်နိုင်ငံဟာ COVID-19 ကပ်ရောဂါကာလ ပထမဆုံးလတွေမှာ ကူးစက်မှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး၊ ကလေးငယ်တွေ အပြင်မထွက်ရလို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေအထိပါ ထုတ်ပြန်ခဲ့ရတာပါ။ နောက်ပိုင်းမှာ ကူးစက်မှုတွေ ကျဆင်းလာတာကြောင့် ရုန်းကန်နေရတဲ့ စီးပွားရေးကဏ္ဍ ပြန်လည်ပတ်နိုင်အောင် နိုင်ငံရေး သမားတွေက ခရီးသွားဧည့်သည်တွေ ဝင်ခွင့်ပြုဖို့ အသားပေး ပြောလာခဲ့ပါတယ်။
သြဂုတ်လကုန်ပိုင်းမှာပဲ နေ့စဉ်ကူးစက်မှု ၁၀,၀၀၀ ကျော်ရှိလာခဲ့ပြီး သေဆုံးနှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက်တရက်တည်းမှာတင် သေဆုံးသူ ၂၁၈ ဦးရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးလူနာ ၃၄,၃၆၆ ဦး ရှိသွားပါပြီ။
အောက်တိုဘာ ပထမပတ်မှာပဲ မက်ဒရစ်မြို့အာဏာပိုင်အဖွဲ့က မြို့တော်နဲ့ အနီးအနားက မြို့ ၉ မြို့ကို တစိတ် တဒေသ Lockdown ချမှတ်ခဲ့သလို စပိန်အစိုးရအဖွဲ့က ၁၅ ရက်ကြာ နိုင်ငံအဆင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးကလည်း အောက်တိုဘာ ၂၂ ရက်မှာ ဒေသဆိုင်ရာအကြီးအကဲတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
စပိန်နည်းတူ တခြားဥရောပနိုင်ငံတွေဖြစ်တဲ့ အိုင်ယာလန်မှာလည်း ဆောင်းဦးပေါက်ကာလတလျှောက်လုံး COVID-19 နဲ့ပတ်သက်တဲ့ အမြင့်ဆုံးအဆင့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်။ အီတလီနိုင်ငံမှာလည်း COVID-19 ကပ်ရောဂါ စတင်ချိန် နောက်ပိုင်း နေ့စဉ် ၁၅,၀၀၀ ကျော်နဲ့ အမြင့်ဆုံးကူးစက်ခံနေရပါတယ်။
ဂျာမနီနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး Jens Spahn ကိုယ်တိုင် COVID-19 ရောဂါ ကူးစက်ခံထားရလို့ တဦးတည်း သီးခြား နေထိုင်နေတယ်လို့ ဆိုပါတယ်။
Ref: BBC
You may also like these stories:
ကူးစက်မှုအသစ်ကြောင့် တရုတ်မှာ လူဦးရေ ၉ သန်းကျော် ကိုဗစ် စစ်ဆေးမည်
ကိုဗစ်ရောဂါအတွက် ဒေါ်နယ်ထရမ့်ကို ကျွေးတဲ့ ဆေးတွေ
ကိုဗစ်ကာကွယ်ဆေး ၃ ဒေါ်လာဖြင့် ကမ္ဘာ့ကာကွယ်ဆေး မဟာမိတ် GAVI ရောင်းမည်