Health

COVID-19 ကုသရေးအတွက် Remdesivir ဆေးကို FDA အသိအမှတ်ပြု

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာန(FDA) က ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် Remdesivir ဆေးကို အသိအမှတ်ပြုပေးလိုက်ပြီလို့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Gilead က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ ကိုဗစ် ကုသရာမှာ အဲဒီဆေးဟာ လုံလောက်တဲ့ အကျိုးသက်ရောက်မှု မရှိတာကို တွေ့ရှိခဲ့ကြောင်း ပြောခဲ့တာပါ။

Remdesivir ဆေးဟာ COVID-19 ကုသရေးအတွက် ပထမဆုံး ထောက်ခံချက်ပေးခံရတဲ့ ဆေးဝါးဖြစ်လာခဲ့ပါပြီ။ Veklury အမည်နဲ့ ရောင်းချနေတဲ့ အဆိုပါဆေးကို တာဝန်ရှိသူတွေ မေလတည်းကစလို့ အရေးပေါ် အခြေအနေအတွက် အသုံးပြုနေခဲ့တာပါ။

ဗိုင်းရပ်စ် ကုသဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေအတွက် ထိရောက်တဲ့ အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ သိရှိခဲ့ကြပြီးပြီလို့ ဆိုပါတယ်။ “အမေရိကန်မှာတော့ Veklury ကို အသက် ၁၂ နှစ်အထက် အရွယ်ရောက်ပြီး လူကြီးတွေအတွက် သုံးပါတယ်။ COVID-19 နဲ့ ဆေးရုံတက် ကုသနေတဲ့ လူနာတွေ ကုသဖို့အတွက် အသုံးပြုနေတာပါ” လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ အစောပိုင်းမှာတော့ WHO အဖွဲ့ကြီးက ထောက်ပံ့ပေးထားတဲ့ လေ့လာချက်တရပ်မှာ အဆိုပါ ဆေးဟာ COVID-19 လူနာတွေကို ကုသရာမှာ ဒါမှမဟုတ် လျင်မြန်စွာ နာလန်ထနိုင်ဖို့အတွက်တောင် ထိရောက်တဲ့ အကျိုး သက်ရောက်မှု မရှိဘူးလို့ ပြောကြားခဲ့တာပါ။ ဒါပေမဲ့လည်း အမေရိကန်နိုင်ငံက လေ့လာချက်တရပ်မှာတော့ လူနာ သုံးပုံ တပုံက အချိန်တိုတွင်း မြန်စွာသက်သာလာတာကို တွေ့ရှိခဲ့ကြပါတယ်။

FDA ဘက်က ဆေးဝါးကုမ္ပဏီ တင်သွင်းတဲ့အချက်တွေကို ကြည့်ပြီး အသိအမှတ်ပြုပေးခဲ့တာပါ။ The New England ဆေးပညာဂျာနယ်မှာ ရောဂါအတွက် ကုသမှုခံယူရမယ့် ကာလကို ၁၅ ရက်ကနေ ၁၁ ရက်ကို လျော့ချပေးနိုင်တယ်ဆိုတဲ့ လေ့လာချက်ကို Gilead ဘက်က တင်သွင်းထားပါတယ်။

ဒါ့အပြင် FDA က အဆိုပါ ဆေးနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှု အနည်းငယ်ရှိတယ်ဆိုတဲ့ လေ့လာချက်အပြင် ထိရောက်မှု မရှိဘူးဆိုတဲ့ လေ့လာချက်ကိုပါ လေ့လာစုံစမ်းခဲ့တာပါ။ “အမေရိကန်မှာ လေ့လာချက်တွေအရ ဒီ ဆေးက အကျိုးသက်ရောက်မှု ရှိတာကို ပြနေပါတယ်” လို့ BARDA ရဲ့ ဒါရိုက်တာဟောင်း Rick Bright က ပြောပါတယ်။

“Remdesivir ဆေးကို ဆေးပညာဆိုင်ရာ လေ့လာချက်တွေ အများကြီးကနေ ရလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အသိအမှတ်ပြုပေးခဲ့တာပါ။ ဒါဟာ COVID-19 ကပ်ရောဂါအတွက် သိပ္ပံဆိုင်ရာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်တယ်” လို့ FDA အကြီးအကဲ ဒေါက်တာ Stephen Hahn က ပြောကြားလိုက်ပါတယ်။

Gilead ဆေးကုမ္ပဏီကထုတ်တဲ့ Remdesivir ဆေးဟာ ကုန်ကျစရိတ်များတာကြောင့် ကျွမ်းကျင်သူတွေကတော့ ထိရောက်မှု ရှိတာကို သက်သေမပြနိုင်သေးတဲ့ ဆေးဝါးအတွက် တန်ဖိုးကြီးလွန်းတယ်လို့ မှတ်ချက်ပြုပါတယ်။

Remdesivir ဆေးကို အီဘိုလာရောဂါ ကုသဖို့အတွက် Gilead က တီထွင်ခဲ့တာပါ။ COVID-19 ကပ်ရောဂါဖြစ် လာချိန်မှာ အလားအလာအရှိဆုံး ကုသဆေးအဖြစ် ညွှန်းဆိုခဲ့ကြပေမယ့် နောက်ပိုင်းမှာ လုံလောက်တဲ့ အကျိုးကျေးဇူးတွေ မတွေ့ရဘူးဆိုတဲ့ အချက်နဲ့ ထောက်ပြခဲ့ကြပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် COVID-19 ရောဂါ ကူးစက်ခံစဉ်က Remdesivir ဆေးကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ WHO အဖွဲ့ကြီးကတော့ ကိုဗစ် ရောဂါ ပြင်းထန်သူတွေကို steroid ဆေးတမျိုးဖြစ်တဲ့ dexamethasone ဆေး အသုံးပြုဖို့ အကြံပေးထားပါတယ်။

Ref: edition.cnn

You may also like these stories:

အနောက်ဥရောပနိုင်ငံတွေမှာ ပထမဆုံး ကိုဗစ် ကူးစက်မှု ၁ သန်းကျော်သွားတဲ့ စပိန်

Remdesivir ဆေးက ကိုဗစ်လူနာသေဆုံးမှုကို အနည်းငယ်သာ လျှော့ချနိုင်ဟု WHO တွေ့ရှိ

ကူးစက်မှုအသစ်ကြောင့် တရုတ်မှာ လူဦးရေ ၉ သန်းကျော် ကိုဗစ် စစ်ဆေးမည်

Loading