Health

တောင်ကိုရီးယားမှာ တုပ်ကွေးကာကွယ်ဆေးကြောင့် လူသေဆုံးမှု သတင်းများ ထွက်ပေါ်

တောင်ကိုရီးယားနိုင်ငံမှာ တုပ်ကွေးကာကွယ်ဆေးကြောင့် လူသေဆုံးခဲ့တယ်လို့ ပျံ့နှံ့လာတဲ့ သတင်းတွေဟာ တိုက်ဆိုင်ရုံမျှသာဖြစ်ပြီး ပြည်သူတွေ စိတ်အေးအေးထားကြဖို့ သမ္မတ မွန်းဂျေအင်းက ပြောကြားလိုက်ပါတယ်။

သမ္မတ မွန်းက “သေဆုံးမှုတွေက တုပ်ကွေးကာကွယ်ဆေးနဲ့ တိုက်ရိုက် မပတ်သက်ဘူးဆိုတာ သက်သေ အချက်အလက်တွေ ရှိပါတယ်။ ပြည်သူတွေဘက်ကလည်း ကျန်းမာရေးတာဝန်ရှိသူတွေကို အပြည့်အဝ ယုံကြည်ပေးကြပါ” လို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကစလို့ တုပ်ကွေးကာကွယ်ဆေးထိုးခဲ့သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ ထွက်ပေါ်လာပါတယ်။ သေဆုံးသူတွေဟာ အသက် ၆၀ နဲ့အထက် လူကြီးပိုင်းတွေနဲ့ ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာ တုပ်ကွေးကာကွယ်ဆေးကြောင့်ဆိုတဲ့ ပထမဆုံး သေဆုံးမှုအကြောင်းကို သတင်းမှာ ဖော်ပြခဲ့ပြီးချိန်မှာ လူအများအပြား ကာကွယ်ဆေး ထိုးပေးခဲ့ပြီးပါပြီ။ ကိုရီးယားကျန်းမာရေးအဖွဲ့ကြီးက အဆိုပါသတင်း ထွက်ပေါ်လာပြီးနောက် တုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းကို ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တဲ့အခါ ၄၆ ယောက်က ကာကွယ်ဆေးနဲ့ အနည်းကျဉ်းမျှ ပတ်သက်ရုံ သက်သေတွေပဲ ထွက်ပေါ်ခဲ့တာပါ။ ကျန်တဲ့ ၁၃ ယောက်ကတော့ လက်ရှိအချိန်ထိ မစုံစမ်းရသေးဘူးလို့ ဆိုပါတယ်။

သမ္မတက အခုလို တုပ်ကွေးကာကွယ်ဆေး သတင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်မပူကြဖို့နဲ့ ကျန်းမာရေး တာဝန်ရှိသူတွေကို ဒီနှစ်ထဲမှာ တုပ်ကွေးနဲ့ COVID-19 ကပ်ရောဂါတွေကြောင့် အရင်ထက် ကာကွယ်ဆေး ပိုထိုးပေးဖို့ ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ပြည်သူတွေ စိုးရိမ်မှု လျော့နည်းအောင် အသက် ၆၄ နှစ်အရွယ် ကျန်းမာရေးဝန်ကြီး Park Neung Hoo ကိုယ်တိုင် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပြခဲ့ပါတယ်။ ဒါ့အပြင် အသက် ၆၂ နှစ်နဲ့အထက် လူကြီးတွေကို အစိုးရက အခမဲ့ ကာကွယ်ဆေး ထိုးပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ဆေးရုံတွေမှာ တုပ်ကွေးကာကွယ်ဆေး လာရောက် ထိုးနှံသူ အရေအတွက် လျော့ကျသွားတယ်လို့ အစီရင်ခံအပြီးမှာ သမ္မတ မွန်းရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။ အွန်လိုင်းအသုံးပြုသူ တဦးကတော့ “တုပ်ကွေးကာကွယ်ဆေးထိုးလို့ သေမယ့်အစား တုပ်ကွေးရော၊ COVID-19 ပါ ကာကွယ်နိုင်တဲ့ နှာခေါင်းစည်း Mask အမြဲတပ်နေလိုက်မယ်” လို့ ရေးသားထားပါတယ်။

“ကျမက ဆီးချိုရော၊ ပန်းနာရင်ကြပ်ရော ရှိပါတယ်။ ပထမတော့ တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ တွန့်ဆုတ်မိပါသေးတယ်။ ဒါပေမဲ့လည်း အစိုးရက ပြောကြားတာတွေက ယုံကြည်လောက်တော့ လာထိုးနှံတာပါ” လို့ အသက် ၆၀ အရွယ်အမျိုးသမီးတဦးက ပြောပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေကတော့ “လွန်ခဲ့တဲ့လက တုပ်ကွေးကာကွယ်ဆေး ၄၈၀,၀၀၀ ကျော် ထိုးနှံခဲ့ပြီးမှာ အခုလို လူသေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ ဆေးတွေကိုလည်း အကုန်ပြန်သိမ်းပြီးပါပြီ။ အခုလည်း ကာကွယ်ဆေးပေါ် မယုံကြည်တာတွေ လျော့နည်းသွားပါပြီ”လို့ ဆိုပါတယ်။

Ref: South China Morning Post

You may also like these stories:

COVID-19 ကုသရေးအတွက် Remdesivir ဆေးကို FDA အသိအမှတ်ပြု

ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်လိုက်ပြီ

Loading