ဗြိတိန်နိုင်ငံမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေရဲ့ တခုဝယ် တခုလက်ဆောင် ကြော်ငြာတွေကို တားမြစ်သွားမယ်လို့ ဆိုပါတယ်။ ဗြိတိန်ရဲ့ လူထုကျန်းမာရေး ပြဿနာတွေထဲမှာ အချိန်ကြာ ကြီးထွားနေတဲ့ အဝလွန်ခြင်းကို ဖြေရှင်းဖို့အတွက် လုပ်ဆောင်တော့မှာပါ။
အင်္ဂလန်နိုင်ငံရဲ့ အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံဟာ ပုံမှန်ရှိသင့်တာထက် အဝလွန်ရောဂါ ခံစားနေရသလို၊ မူလတန်းအရွယ် ကလေးငယ်တွေမှာလည်း ၃ ယောက်မှာ ၁ ယောက်က ပုံမှန် ကိုယ်အလေးချိန်ထက် များတာ၊ အဝလွန်တာတွေ ဖြစ်နေတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စားသောက်ဆိုင်တွေက အဆီဓာတ်၊ အငန်ဓာတ်၊ သကြားဓာတ်များတဲ့ အစားအစားတွေနဲ့ ပြန်ဖြည့်ပေးတဲ့ အချိုရည် “တခုဝယ် တခုလက်ဆောင်” ကြော်ငြာတွေကို ၂၀၂၂ ခုနှစ်၊ ဧပြီလကစလို့ တားမြစ်သွားမယ်လို့ အစိုးရက ထုတ်ပြန်လိုက်တာပါ။ ဒါဟာ လူထုကျန်းမာရေး ပိုကောင်းလာပြီး အဝလွန်ခြင်းပြဿနာကို ဖြေရှင်းနိုင်မယ့် ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဗြိတိန်လူမျိုးတွေမှာ အဝလွန်ခြင်းဟာ အချိန်ကာလတခု ကြာအောင် ရှိနေတဲ့ ပြဿနာတရပ်ဖြစ်ပြီး လူကြီးတွေသာမက ကလေးငယ်တွေမှာပါ ပုံမှန်ထက် ကိုယ်အလေးချိန်ပိုများတာတွေ မြင်တွေ့လာရပါတယ်။
ကန့်သတ်ချက်အသစ်ကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆိုပါ အစားအစာ ကြော်ငြာတွေကို ဆိုင်တွေနဲ့ ဝင်ပေါက်တွေ၊ လျှောက်လမ်းနေရာတွေ၊ ငွေရှင်းကောင်တာတွေမှာပါ မြင်သာအောင် ကပ်ထားတာတွေကို တားမြစ်သွားတော့မှာ ဖြစ်ပါတယ်။
“ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာကြော်ငြာတွေ တားမြစ်လိုက်တာဟာ ကျန်းမာရေးနဲ့ သင့်တော်ရာကို အလွယ်တကူ ရွေးချယ်နိုင်အောင် လုပ်ပေးတာပါ။ ကျန်းမာရေးအတွက် သင့်တော်မယ့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးပြီး လူတိုင်းကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ရွေးချယ် စားသောက်လာအောင် ကူညီပေးနိုင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီး Jo Churchill က ပြောပြပါတယ်။
ဗြိတိန်ရဲ့ ပထမဆုံး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ ကန့်သတ်ရေး အကြံပြုချက်အရ ဇူလိုင်ကနေစပြီး ည ၉ နာရီနောက်ပိုင်း တီဗီနဲ့ အွန်လိုင်းပေါ်မှာ အသင့်စား အစားအစာ ကြော်ငြာတွေကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလကစပြီး အစိုးရက နောက်ထပ် ကန့်သတ်ချက်တွေအဖြစ် အွန်လိုင်းပေါ်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ ကြော်ငြာတွေကို လုံးဝ ပိတ်သိမ်းဖို့ အကြံပြုထားပါတယ်။
မကြာသေးခင်က ပြည်သူတွေကို ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အဝလွန်ခြင်းဟာ ကျန်းမာရေး ပြဿနာတွေအပြင် COVID-19 ကြောင့် သေဆုံးနိုင်ချေ ပိုများတယ်လို့ ပြောကြားခဲ့ပြီး သူကိုယ်တိုင်လည်း ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။
Ref: Business Today
You may also like these stories:
မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်
ဗီယက်နမ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးကို လူနဲ့ စမ်းသပ်မှု စတင်
COVID-19 ကာကွယ်ဆေးသစ်များကို WHO ကြိုဆို