လတ်တလော ဖြစ်ပွားလာသည့် မျောက်ကျောက်ရောဂါ(Monkeypox) ကူးစက်နိုင်မှု အခြေအနေနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့ကြီး(WHO)က နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် သြဂုတ် ၁၄ရက်က ကြေညာခဲ့သည်။
မျောက်ကျောက်ရောဂါသည် ကျောက်ရောဂါအုပ်စုဝင် ဗိုင်းရပ်စ်ဖြစ်ပြီး ၁၉၅၈ ခုနှစ် ကွန်ဂိုနိုင်ငံရှိ မျောက်အုပ်များတွင် စတင်တွေ့ရှိခဲ့ရာ ၁၉၇၀ ခုနှစ်တွင်မှ လူသားများထံသို့ စတင်ကူးစက်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က ၂၀၂၂ ခုနှစ် ဇူလိုင်လမှစ၍ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေး ပေါ်ပြဿနာအဖြစ် သတ်မှတ်ခဲ့ပြီး ယခုအခါ ထပ်မံအတည်ပြု ကြေညာခြင်းဖြစ်သည်။
၂၀၂၄ ဇွန်လ စာရင်းများအရ နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူ တစ်သိန်းနီးပါးရှိပြီး နိုင်ငံတကာ သတင်းဌာနများကမူ လက်ရှိ သေဆုံးသူ ၅၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။
မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ကို အဓိက အုပ်စု (၂) စု ခွဲခြားထားပြီး၊ အုပ်စု- ၁ (Clade 1)မှာ ရောဂါစတင်ရာ ကွန်ဂိုနိုင်ငံ အပါအဝင် အာဖရိကတိုက် အလယ်ပိုင်းရှိ နိုင်ငံများတွင် ဖြစ်ပွါးလေ့ရှိသည်။ အုပ်စု -၂ (Clade 2) ထက် ရောဂါလက္ခဏာ ပိုမို ပြင်းထန်ပြီး ရောဂါဖြစ်သူ ၁၀၀ လျှင် ၁၀ ယောက်ခန့် သေဆုံးလေ့ရှိသည်။
အုပ်စု-၂ (Clade 2 ) သည် အာဖရိကတိုက် အနောက်ပိုင်း နိုင်ငံများတွင် အဓိကဖြစ်ပွားလေ့ရှိပြီး အုပ်စု-၁ (Clade 1) ကဲ့သို့ ရောဂါလက္ခဏာ များ ပြင်းထန်လေ့မရှိပါ။ ရောဂါဖြစ်ပွားသူ တစ်ထောင်လျှင် တစ်ဦးသာ သေဆုံးလေ့ရှိသည်။
လက်ရှိတွင် ဆွီဒင်နှင့် ကွန်ဂိုနိုင်ငံ အပါအဝင် နိုင်ငံတချို့တွင်သာ အုပ်စု- ၁ မျောက်ကျောက်ရောဂါ ဖြစ်ပွားပြီး ကျန်နိုင်ငံများတွင် အားပျော့ သော အုပ်စု-၂ သာဖြစ်ပွားသည်ကို တွေ့ရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် Clade 2 ဖြင့် ကူးစက်သူ ၈၇၂ ဦးရှိပြီး ပထမဆုံး Clade 1b အဆင့် ကူးစက်ခံရသူ တဦးရှိကြောင်း ယနေ့ ကြေညာသည်။
ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံ စကားပြောခြင်း၊ အသက်ရှုခြင်း၊ နမ်းရှုပ်ပွေ့ဖက်ခြင်း၊ အရေပြားခြင်း ထိတွေ့ခြင်း၊ လိင်ဆက်ဆံခြင်းတို့အပြင် ရောဂါကူးစက်သူ၏ အနာ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ချွဲသလိပ်၊ နှာရည်တို့မှ တဆင့် ကူးဆက်ခြင်း၊ ၎င်းတို့၏ အသုံးအဆောင်များ ထိတွေ့ကိုင်တွယ်ခြင်း၊ မသန့်ရှင်းသည့် ဆေးထိုးအပ် ဆေးရုံ ပစ္စည်းများမှ ကူးစက်နိုင်ကြောင်း သိရသည်။
မိခင်များမှ ကလေးသို့လည်း ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ် မွေးဖွားပြီးနောက်ပိုင်း ကူးစက်နိုင်ကြောင်း ကာကွယ်ရေး နှိုးဆော်ချက်များတွင် ဖော်ပြထားသည်။
အလားတူ MPox ကူးစက်ခံထားရသည့် ကြွက်၊ မျောက်နှင့် တခြားသော နို့တိုက်သတ္တဝါများ အကိုက်ခံရခြင်း၊ အကုပ်ခံရခြင်းနှင့် မကျက်သောအသားများ စားခြင်းမှလည်း တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်နိုင်ကြောင်း သိရသည်။
ကမ္ဘာတဝှမ်းတွင် ကူးစက်နေသော မျောက်ကျောက်ရောဂါသည် အားပျော့သော်လည်း တခြားရောဂါ အခံရှိသူများအနေဖြင့် အထူးဂရုစိုက်ရန် လိုကြောင်းကို ကျွမ်းကျင်ဆရာဝန်များမှ တိုက်တွန်းထားသည်။
အထူးသဖြင့် အေအိုင်ဒီအက်စ်ကဲ့သို့ ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်များ နှင့် အသက် ၁ နှစ်အောက် ကလေးငယ်များအပြင် နှင်းခူကဲ့သို့ အရေပြားရောင်ရမ်းသည့် ရောဂါအခံရှိသူများ အတွက်မူ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်နိုင်သည်။
သာမန်လူတဦးအနေဖြင့် မျောက်ကျောက်ရောဂါ ကူးစက်ခံရပါက ၂၁ ရက်အတွင်း သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ပြလေ့ရှိရာ ထင်ရှားသိသာသော လက္ခဏာမှာ လက်ဖဝါး၊ ခြေဖဝါး၊ မျက်နှာ၊ ပါးစပ်၊ လည်ပင်း၊ စအို အစရှိသည့် နေရာတချို့တွင် အနီစက်များ ထခြင်းပင် ဖြစ်သည်။
အနီစက်များ စတင်ထွက်ပေါ်စတွင် ပြားချပ်ချပ် အဖုအပိန့်များအနေဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး မကြာမီ ထိုအဖုအပိန့်များသည် အရည်များဖြင့် ပြည့်တင်းကာ အရည်ကြည် အဖုများကြောင့် ယားယံခြင်း၊ နာကျင်ခြင်းတို့ပါ ခံစားလာရမည် ဖြစ်သည်။ အဆိုပါ အရည်ကြည် အဖုများသည် ရာဂဏန်းအထိ တိုးပွားလာနိုင်ပြီး ၎င်းတို့အား ကုတ်ခြင်း၊ အရေပြားအား ပွတ်တိုက်ခြင်းများ မလုပ်သင့်ဟု ကျွမ်းကျင်သူများမှ သတိပေးထားသည်။
ထို့အပြင် ပြင်းထန်စွာဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ကြွက်သားနာကျင်ခြင်း၊ နောက်ကျောကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်၍ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်ကြော ဂလင်းများ ရောင်ရမ်းခြင်း အစရှိသည်တို့ပါ ဖြစ်ပွားနိုင်သည်။
ပုံမှန်ကျန်းမာရေးကောင်းသူတစ်ဦး အနေဖြင့် မျောက်ကျောက်ရောဂါ ကူးစက်ခံရပါက အရေပြားပေါ်မှ အနာများအပါအဝင် ရောဂါလက္ခဏာ အားလုံးသည် ၂ ပတ် မှ ၄ ပတ်အတွင်း ပျောက်ကင်းနိုင်ပြီး အမာရွတ်တချို့သာ ထင်ကျန်နိုင်ကြောင်း သုတေသနများအရ သိရသည်။
ကာကွယ်နိုင်သည့် နည်းလမ်းများမှာ မျောက်ကျောက်ရောဂါလက္ခဏာ ခံစားနေရသူနှင့် အရေပြားချင်း ထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ် ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းတို့ကို ရှောင်ကြဉ်ရမည်၊ မလွှဲမရှောင်သာပါက လက်အိတ်စွပ်ခြင်း နှာခေါင်းစည်းတပ်ခြင်းတို့ ပြုလုပ်ရန် လိုပေသည်။
လက်ကို ဆပ်ပြာ သို့မဟုတ် အရက်ပျံပါသော လက်သန့်စင်ရည်ဖြင့် စနစ်တကျ ဆေးရမည်၊ မဆေးကြောမီ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတိုကို ကိုင်တွယ်ခြင်း မပြုရ၊ တကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်ရေးရှိရန် လိုသလို အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါ၊ အဝတ်အထည် စသည့် အသုံးအဆောင်ပစ္စည်းများကို စနစ်တကျ လျှော်ဖွပ်သုံးရန်၊ တိရစ္တာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ရန်၊ အသားများကို ကျက်အောင် ချက်ပြုတ်ရန် လိုပေသည်။
မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက် ကုသခြင်းအပြင် အိမ်တွင်း ကုသခြင်း နည်းလမ်းများဖြင့်လည်း သက်သာပျောက်ကင်း နိုင်သည်၊ မိသားစုဝင်များနှင့် အခန်းခွဲ၍ သီးသန့် နေထိုင်ခြင်း၊ ခုခံအားကောင်း မွန်အောင် နေထိုင်စားသောက်ခြင်း မကြာခဏ လက်ဆေးခြင်း၊ အရေပြားအား ခြောက်သွေ့အောင်ထားခြင်း၊ ဆားရည်ဖြင့် ပါးလုတ်ကျင်းခြင်း၊ နာကျင် ကိုက်ခဲမှုများ ခံစားရပါက ပါရာစီတမောသောက်သုံးခြင်း အစရှိသော နည်းလမ်းများဖြင့် မျောက်ကျောက်ရောဂါကို အနိုင်ယူနိုင်သည်။
ကမ္ဘာတဝှမ်းဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှလည်း ယခင် ကာကွယ်ဆေးထက် ပိုမိုကောင်းမွန်သော မျောက်ကျောက်ရောဂါ ကာကွယ်ဆေး ၂ မျိုးကို အတည်ပြု ထုတ်လုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရှိရသည်။
လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ ကူးစက်သူဦးရေ နှင့် သေဆုံးသူဦးရေ ပမာဏသည် အချိန်နှင့် အမျှ ပြောင်းလဲလျက်ရှိပြီး အရှိန်အဟုန်ဖြင့် တိုးပွားဆဲပင် ဖြစ်သည်။
You may also like these stories:
ရောဂါသာရှိ ဆေးမရှိ နာတာရှည် ဝေဒနာရှင်များရဲ့ ဒုက္ခ
ရန်ကုန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကလေးငယ်များကြား ပျံ့နှံ့နေ