ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတဲ့နေရာတွေမှာ မသန့်ရှင်းတဲ့ ရေကတဆင့် ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ပျံ့နှံနိုင်တာကြောင့် ဒီရေကို သောက်သုံးမိရင်ပဲဖြစ်ဖြစ် အရေပြားနဲ့ ထိတွေ့ရင်ပဲ ဖြစ်ဖြစ် ရောဂါပိုးမွှားတွေဟာ လူရော၊ တိရစာ္ဆန်ပါ လွယ်ကူစွာကူးစက်နိုင်ပါတယ်။
ကူးစက်ခံရနိုင်တဲ့ ရောဂါတွေထဲမှာ ကာလသားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ စတာတွေအပြင် လူသိနည်းတဲ့ လက်ပ်တိုစပိုင်ရိုးစစ် ရောဂါလည်း ပါ ပါတယ်။
ကမာ္ဘတဝှမ်းမှာ လက်ပ်တိုစပိုင်ရိုးစစ် ရောဂါ ကူးစက်ခံရတဲ့သူ နှစ်စဉ် တစ်သန်းကျော်ရှိပြီး ရောဂါအခြေအနေပေါ်မူတည်ကာ ကူးစက်ခံရသူ ၁၀၀မှာ ၅ ယောက်ကနေ အယောက် ၃၀ အထိ သေဆုံးလေ့ရှိပါတယ်။
ဒါဟာ လူ ၁၀၀မှာ တယောက်သာ သေဆုံးလေ့ရှိတဲ့ ကိုဗစ်ကပ်ရောဂါထက် များစွ ပိုတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ လက်ပ်တိုစပိုင်ရိုးစစ် ရောဂါဟာ မြန်မာပြည်မှာ ပုံမှန်ဖြစ်ပွါးလေ့ရှိတဲ့ ရောဂါတမျိုးလည်း ဖြစ်ပြီး မိုးရာသီတွေမှာ ပိုမိုပျံ့နှံ့လေ့ရှိပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံတော်တော်များများမှာ ဒီရောဂါဟာ လျစ်လျူရှုခံထားရပြီး ဒါနဲ့ပတ်သက်လို တိကျတဲ့ လေ့လာမှုတွေ စစ်တမ်းတွေလည်း ရှိမနေဘူးလို့ အောက်စဖို့ဒ် တက္ကသိုလ် အပူအပိုင်းဒေသဆေးပညာနဲ့ ကမာ္ဘ့ကျန်းမာရေး ဌာနက ဒေါက်တာမျိုးမောင်မောင်ဆွေရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထုတ် သုတေသန စာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။
လက်ပ်တိုစပိုင်ရိုးစစ် ရောဂါကို မြန်မာလို ခေါ်ဝေါ်ပုံတွေက အမျိုးမျိုးကွဲပြားပါတယ်။ ကြွက်သေးမှ တဆင့် ကူးစက်တတ်တာကြောင့် ကြွက်သေးပန်းရောဂါ၊ အသားဝါတဲ့ ရောဂါလက္ခဏာရှိပြီး တိရစာ္ဆန်တွေက တဆင့် ကူးစက်တတ်တာကြောင့် အသားဝါရောဂါ၊ ဒါအပြင် မသန့်ရှင်းတဲ့ ရေနှင့် ထိတွေ့မှုရှိတဲ့ ရေလုပ်သားတွေ၊ လယ်သမားတွေမှာ ဖြစ်တတ်တာကြောင့် လယ်သမားရောဂါလို့လည်း တင်စားကြပြန်ပါတယ်။
ဒီရောဂါဟာ လက်ပ်တိုစပိုင်ရိုးစစ် ဘက်တီးရီးယား ကူးစက်ခံရလို့ ဖြစ်ပွားတာဖြစ်ပါတယ်။ လက်ပ်တို (Lepto)ဟာ သေးသွယ် ပိန်လှီ သောလို့ အဓိပ္ပာယ်ရပြီး စပိုင်ရိုးစစ် (Spirosis) သည် အရစ်အခွေပုံ၊ ခရုပတ်ပုံလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် သေးသွယ်တဲ့ အရစ်အခွေ ပုံစံရှိသည့် ဘက်တီးရီးယားပိုးလို့ အဓိပ္ပာယ်ရပါတယ်။
ဆေးပညာမှာတော့ လက်ပ်တိုစပိုင်ရိုးစစ် ရောဂါကို ၁၈၈၆ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အဒေါ့ဖ်ဝိုင်းလ် (Adolf Weil) ကိုတင်စားပြီး ဝိုင်းလ်၏ ရောဂါ (Weil’ disease) လို့လည်း သုံးကြပါတယ်။
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟာ လူတွေရော၊ တိရစာ္ဆန်တွေရောပါ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ မွေးမြူရေးတိရစာ္ဆန်တွေ၊ အိမ်မွေးတိရစာ္ဆန်တွေ၊ ကြွက်တွေ၊ တောရိုင်းတိရစာ္ဆန်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွါး လေ့ရှိပေမယ့် လူသားတွေဆီ ရောဂါ ကူးစက်မှုအများဆုံးဖြစ်စေတာကတော့ ရောဂါပိုး ပါဝင်တဲ့ ကြွက်သေးကြောင့် ဖြစ်ပါတယ်။
ပုံမှန် အခြေအနေမှာဆိုရင်တော့ ကြွက်သေးနဲ့ တိုက်ရိုက်ထိတွေ့ခံရမှ ကူးစက်လေ့ရှိပေမယ့် ရေကြီးရေလျှံ မှုတွေ ဖြစ်ပွားတဲ့နေရာ တွေမှာတော့ ရောဂါပိုးပါဝင်တဲ့ ကြွက်သေးတွေဟာ ရေကနေတဆင့် အလွယ်တကူ ပျံနှံ့နိုင်ပါတယ်။
ရောဂါပိုးပါတဲ့ရေ ဒါမှမဟုတ် မြေဆီလွှာကို အနာမကျက်သေးသော ဒဏ်ရာနဲ့ ထိတွေ့တာ၊ ရောဂါပိုးပါတဲ့ ရေကိုသောက်တာ၊ မျက်လုံး ၊ နှာခေါင်း၊ ပါးစပ် စတာတွေနဲ့ ထိတွေ့မိတာတွေကြောင့် ရောဂါ ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရောဂါကူးစက်မိရင်တော့ သန္ဓေသား ပျက်ကြတာ ဒါမှမဟုတ် ကလေးအသေမွေးတာတို့အထိ ပြင်းထန်နိုင်ပါတယ်။ ရောဂါပိုးတွေဟာ ရေထဲမှာဆိုရင် ၁၆ ရက်၊ မြေဆီလွှာမှာဆိုရင် ၂၄ ရက်ခန့်အထိ အသက်ရှင် နိုင်ပါတယ်။
ရောဂါပိုး ကူးစက်ပြီး ၂ရက်မှ တလအတွင်း ရောဂါလက္ခဏာတွေ ပြလေ့ရှိပေမယ့် သိသာထင်ရှားတဲ့ ရောဂါလက္ခဏာတွေ ပြလေ့ မရှိတာကြောင့် လက်ပ်တိုစပိုင်ရိုးစစ် ရောဂါဖြစ်တယ်လို့ တော်တော်များများက သတိမထားမိကြပါဘူး။ တချို့တွေမှာဆိုရင် ရောဂါလက္ခဏာ မပြတာတွေအထိရှိပြီး အချိန်လွန်လို့ ပြင်းထန်အဆင့်ရောက်မှသာ ရောဂါလက္ခဏာတွေက ပေါ်လာလေ့ရှိပါတယ်။
လက်ပ်တိုစပိုင်ရိုးစစ် ရောဂါကို အဆင့် ၂ ဆင့် ခွဲထားပါတယ်။ ပထမအဆင့်ကတော့ အားပျော့တဲ့ အဆင့်ဖြစ်ပြီး လူ ၁၀၀မှာ ၅ ယောက် ခန့် သေဆုံးလေ့ရှိပါတယ်။ ချမ်းတုန်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေသလုံးကြွက်သားနာကျင်ခြင်း၊ အော့အန်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးနီ ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အဖုအပိန့်များထွက်ခြင်း အစရှိတဲ့ ရောဂါလက္ခဏာတွေ ပြလေ့ရှိပါတယ်။
လက်ပ်တိုစပိုင်ရိုးစစ် ရောဂါဖြစ်တယ်လို့ ပထမဆင့်မှာ သိသိချင်း ကုသမယ်ဆိုရင်တော့ လုံးဝပျောက်ကင်းနိုင်ပေမယ့် ရောဂါပျောက် ကင်းပြီးနောက်ပိုင်းအထိ ခေါင်းတခြမ်းကိုက် တာမျိုးတွေအထိ နောက်ဆက်တွဲအနေနဲ့ ဖြစ်နိုင်ပါတယ် ။
ပထမအဆင့် ရောဂါ ဖြစ်ပွါးသူများအနေဖြင့် ပင်နီဆလင် အုပ်စုဝင် ပိုးသတ်ဆေးများဖြစ်တဲ့ Amoxicillin လို ပိုးသတ်ဆေးတွေကို ဆရာဝန်များ ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးရန် လိုပါတယ်၊ ဒါမှသာ ရောဂါပျောက်ကင်းနိုင်မှာပါ၊ ဖျားနာကိုက်ခဲခြင်း ရှိရင်လည်း ပါရာစီတမောသောက်ခြင်း၊ ရေစိုဝတ်ဖြင့် ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ခြင်း စတာတွေနဲ့ သက်သာနိုင်ပါတယ်။
ဒုတိယအဆင့်ကတော့ ရောဂါပြင်းထန်တဲ့ အဆင့်ဖြစ်ပြီး ဒီအခြေအနေမှာဆိုရင် ရောဂါပိုးတွေဟာ အသည်းရဲ့ ဆဲလ်တွေကြားထဲထိ ပျံ့နှံ့သွားပြီး ဆဲလ်သေဆုံးမှု (Apoptosis) ကိုဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းပျက်စီးခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း၊ အသက်ရှုရခက်ခဲခြင်းတို့ကို ရောဂါဒုတိယအဆင့်မှာ တွေ့ရလေ့ရှိပါတယ်။
ဒီအဆင့်တော့ ရောဂါဖြစ်ပွါးသူများအနေနှင့် ပိုးသတ်ဆေးများကိုသောက်သုံးရုံနဲ့ ရောဂါမသက်သာနိုင်ဘဲ ပိုမိုအားပြင်းသော Ceftriaxone လို ပိုးသတ်ဆေးတွေကို သွေးကြောများက တဆင့် အချိန်မှန် ထိုးနှံဖို့ အထူးလိုအပ်ပါတယ်။ ဒီအဆင့်မှာ အားပြင်းတဲ့ပိုးသတ်ဆေးတွေ သုံးပြီး ရောဂါပျောက်ကင်းအောင် ကုသရသည့်အပြင် ရောဂါပိုးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အသည်း ၊ ဦးနှောက်၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်း အင်္ဂါများ ပြန်လည်ကောင်းမွန်လာစေရေး ရေရှည်ကုသသွားဖို့လည်း လိုအပ်ပါတယ်။
ကျောက်ကပ် ပျက်စီးခဲ့ရင်တော့ အစားထိုးခြင်း ဒါမှမဟုတ် အချိန်ကြာမြင့်စွာ ကျောက်ကပ်ဆေးခြင်း၊ ဦးနှောက်အမြှေးပါး ထိခိုက် ပျက်စီးခြင်းအတွက် ဆေးဝါးများသောက်သုံးခြင်း စတာတွေအပြင် အသက်ရှူစက် အကူအညီရယူရခြင်းတို့အထိ လုပ်ဆောင်ရလေ့ ရှိပြီး
ဒုတိယအဆင့် ရောဂါဖြစ်ပွါးသူတွေအနေဖြင့် ရောဂါသက်သာပျောက် ကင်းသွားရင်တောင်မှ ကိုယ်တွင်းအင်္ဂါထိခိုက်မှုများကြောင့် အသက်ဆုံးရှုံးရလေ့လည်း ရှိပါတယ်။
ဒါအပြင် ပြင်းထန်အဆင့် ကူးစက်ခံရသူများအနေဖြင့် အသက်မဆုံးရှုံးလျှင်တောင် ပြန်လည်သက်သာဖို့ လပိုင်းမှ နှစ်ပိုင်း အထိ ကြာမြင့်နိုင်မှာဖြစ်သလို အမြင်အာရုံဝေဝါးခြင်း၊ ခေါင်းအလွန်ကိုက်ခြင်းကဲ့သို့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ ရင်ဆိုင်ရလေ့ ရှိပါတယ်။
လက်ပ်တိုစပိုင်ရိုးစစ် ရောဂါ ကာကွယ်ရေးအတွက် ရေကြီးရေလျှံမှုဖြစ်ပွားရာ နေရာမှာ နေထိုင်သူများ အနေဖြင့် မသန့်ရှင်းသောရေ ချိုးခြင်း၊ သောက်သုံးခြင်း၊ အရေပြားနှင့် တိုက်ရိုက်ထိတွေ့ခြင်းမျိုး မဖြစ်အောင် အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။ လက်ကိုလည်း မကြာခဏဆေးသင့်ပြီး အိမ်မွေးတိရစာ္ဆန်တွေကိုလည်း ကာကွယ်ဆေးများ ထိုးပေးသင့်ကြောင်း ပညာရှင်များက အကြံပြုထားပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်က နေရာဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် ဆင်းရဲဒုက္ခရောက်ကြရပါတယ်။ မသန့်ရှင်းသော ရေမှတဆင့် ရောဂါကူးစက်ခံရမှုတွေ လည်း များပြားလာတာကြောင့် အစိုးရဆေးရုံများ အပြင် ပုဂ္ဂလိက ဆေးခန်းများတွင်ပါ လူနာတွေ အဆမတန် များပြားလာခဲ့ပါတယ်။
အဆိုပါ ဆေးရုံဆေးခန်းတွေကို လာရောက်ပြသတဲ့ လူနာတွေအများစုဟာ လက်ပ်တိုစပိုင်ရိုးစစ် ရောဂါ ဖြစ်ပွါးတယ်လို့ မြေပြင်မှာ ဆေးကုသနေတဲ့ ဆရာဝန်များ၏ ပြောစကားများအရ သိရှိရပါတယ်။
လက်ပ်တိုစပိုင်ရိုးစစ် ရောဂါရှိမရှိကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပြီး ပိုးသတ်ဆေးများသောက်သုံးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ သို့ပေမယ့် ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များရဲ့ ညွှန်ကြားချက်အတိုင်းသာ ရောဂါအတွက် ဆေးဝါးကုသခြင်းများ လုပ်ဆောင် သင့်ပါတယ်။