ဒီဇင်ဘာဆောင်းညရဲ့ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်တွေ အပြီးမှာ ပရိသတ် ကို အံ့အားသင့်စေတဲ့ ရလဒ်တွေ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် မန်ချတ်စတာ မြို့ခံနှစ်သင်းရဲ့ချန်ပီယံလိဂ် နောက်တဆင့်တက်ခွင့် လွဲချော်ခဲ့ရတဲ့အချက်ဟာ အများပြောစမှတ်တွင်နေတဲ့ သတင်း ဖြစ်လာပါတယ်။ ဒီထဲမှာမှ ယခင်နှစ် ဖိုင်နယ်တက်ခဲ့တဲ့ မန်ယူ အသင်းဟာ အုပ်စု အဆင့်က လှည့်ပြန်ခဲ့ရတာကြောင့် နတ်ကြီးတဲ့ချန်ပီယံလိဂ်မှာ ဘယ်အသင်းမှ အုပ်စုတက်ဖို့အာမ မခံနိုင်ဘူး ဆိုတာ သက်သေပြသွားပါတယ်။
သြဂုတ်လ အစပိုင်း ချန်ပီယံလိဂ် ပွဲစဉ်တွေ ထွက်လာချိန်မှာ ဖာဂူဆန် ကိုယ်တိုင် ရိုမေးနီးယားကလပ် အသင်း အော်တိုလို ဂလာတီ အကြောင်းကို မကြားဖူးပါဘူး လို့ ဆိုခဲ့ပြီး ဘောလုံး ပရိသတ်တိုင်းက မန်ယူအသင်း အုပ်စုပြိုင်ဘက်တွေကို လွယ်လွယ် ကူကူ အနိုင်ရမယ်လို့ ယူဆခဲ့ကြပါတယ်။
ဒါပေမယ့် အုပ်စု ပွဲစဉ်တွေမှာ ဆွစ်ဇာလန် ကလပ် ချန်ပီယံ ဘေဆယ် နဲ့ ဘန်ဖီကာ အသင်းတွေကို အိမ်ကွင်း အိုးထရက်ဖို့တ်မှာ သရေကျခဲ့တာက စပြီး ဘေဆယ်ကွင်း ဂျကော့ပက်မှာ သရဲနီတွေရဲ့ အသင်းလိုက် ကစားပုံ အားနည်းခဲ့ပါတယ်။ ဒါတွေကြောင့် ဒီအပတ် ဆွစ်ဇာလန်ကလပ် ဘေဆယ်ကို ရှုံးနိမ့်ကာ၂၀၀၅ နောက်ပိုင်း ပထမဦးဆုံး အကြိမ်နဲ့ အုပ်စုကနေ ဆုတ်ခွာလာရပါတယ်။ နောက်ဆုံးတမှတ် ရရင် နောက်တဆင့်ကို တက်နိုင်ဖို့ရာ အခွင့်အလမ်း ရှိခဲ့ပေမယ့် ကွင်းလယ်ပိုင်း ဖန်တီးမှု အားနည်းခြင်း၊ ပွဲအပေါ် အာရုံစူးစိုက်မှုနည်းခြင်း နဲ့နောက်ဆုံး ရသင့်တဲ့ ဂိုးတွေ လွဲချော်ခြင်းတို့ကြောင့် မန်ယူပရိသတ်တွေရဲ့ရင်ကို တနုံ့နုံ့ ဖြစ်စေခဲ့တဲ့ ဒီဇင်ဘာ ညခါး ဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းရဲ့အားနည်းခဲ့တဲ့ အချက်တွေကို ပြန်ကြည့်မယ် ဆိုရင် ဒီဂီယာရဲ့ဘောလုံးအဝင်အထွက် ဆုံးဖြတ်မှု အားနည်းတာတွေ၊ နည်းဗျူဟာပိုင်း လွဲမှားခဲ့တာတွေ၊ အသင်းရဲ့ကျောက်ဆောင် ဗီဒစ် ဒဏ်ရာခဲ့တာအပြင်၊ ကွင်းလယ်ပိုင်း ဖန်တီးမယ့်သူမရှိ ၊ ခံစစ်ပိုင်းမှာ အားနည်းခဲ့မှုတွေက ဘောလုံး ကျွမ်းကျင်သူတွေရဲ့ ထောက်ပြစရာ ဖြစ်လာပါတယ်။ မန်ယူ ကပ္ပတိန် နောက်ခံလူဟောင်း ဂယ်ရီနဗီးက ဒီဂီယာရဲ့ ဘောလုံး အဝင်အထွက် ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်သွားတယ်။ ဘေဆယ်အသင်းရဲ့ပထမဆုံး ဂိုးမှာ ရှာကီရီရဲ့ထောင့်ဖြတ်ဘောကို မမှီမကမ်း ခြေထောက်နဲ့ ဖြတ်ထုတ်ရာက ပြန် အန်ကျလာတဲ့ ဘောလုံးကို ဘေဆယ်တိုက်စစ်မှုး စတယ်လာ ကန်သွင်းယူသွားတဲ့ ဂိုးဟာ စပိန် လူငယ် ဂိုးသမား ဒီဂီယာရဲ့ အတွေ့အကြုံ အားနည်းမှုကြောင့် ဖြစ်ပါတယ် တဲ့။
နည်းဗျူဟာပိုင်းမှာတော့ နောက်ပိုင်း မန်ယူ အသင်းဟာ ကွင်းလယ်ပိုင်း အားနည်းမှုကို ပြင်ဆင်ဖို့ ဂျုန်းစ် ၊ ဂစ် ၊ ပက်ဂျီဆန် တို့နဲ့ပွဲထွက်လာသလို တောင်ပံမှာ ယန်း နဲ့နာနြီကို ထားပြီး ရူးနီ ကို ရှေ့တန်းမှာ တယောက်တည်း အထောင် ကစားစေခဲ့ပေမယ့် ကွင်းလယ်ပိုင်းကနေ အခွင့်အရေး ဖန်တီးမှုတွေ နည်းတာကြောင့် ရူးနီ ဟာ ရှေ့တန်းမှာ တယောက်တည်းရုန်းကန်ခဲ့ရပါတယ်။ ဂိုးသွင်းဖို့ အခွင့်အရေးကောင်း တချို့ရခဲ့ပေမယ့်လည်း ကွင်းလယ် ဝါရင့်ကစားသမား ဂစ်ရဲ့တကိုယ်တော် ခြေစွမ်းပြမှုကြောင့်သာ ဖြစ်ခဲ့ပြီး အသင်းလိုက်ကစားပုံ အားနည်းခဲ့ပါတယ်။ မန်ယူရဲ့ ကစားသမားဟောင်း ရွိုင်ကင်းကတော့ ပွဲအပြီးမှာ မန်ယူအသင်းဟာ အရှုံးနဲ့ထိုက်တန်ကြောင်း ၊ ကွင်းလယ်မှာ လူအင်အားဖြည့်ဖို့ လိုနေကြောင်း သုံးသပ်သွားပါတယ်။
နောက်တချက်အနေနဲ့ နောက်တန်းလူ ဗီဒစ် ပွဲချိန်အတွင်း ဒဏ်ရာ ရသွားတာဟာ မန်ယူအသင်းရဲ့ နောက်တဆင့် တက်ရေး ကံကြမ္မာ ပိုပြီး မှုန်ဝါးသွားစေခဲ့ပါတယ်။ ဝါရင့်နောက်ခံလူ ဖာဒီနန် ဟာ အသက် အရွယ်ကြောင့် အကျပိုင်း ရောက်နေသလို ၊ လူငယ်တွေဖြစ်တဲ့ ဂျုန်းစ် နဲ့ စမောလင်းတို့ကတော့ ခံစစ်အပြင် တိုက်စစ်ပိုင်းကိုပါ အားအင်ပြည့် လိုက်ကစားနိုင်ပေမယ့်၊ ဖူဟမ် အသင်း နောက်ခံလူဟောင်း စမောလင်းရဲ့ လူကပ် ကစားပုံ အမှား တချက်ကြောင့် ဒုတိယ ဂိုးကို အလွယ်တကူ ပေးလိုက်ရပါတယ်။
နည်းပြကြီး ဖာဂူဆန် အတွက် တပူပေါ် နှစ်ပူဆင့်စေတာကတော့ ဗီဒစ်ဟာ အခုရာသီ ပွဲစဉ်တွေကို ဒဏ်ရာကြောင့် လွဲချော်တော့မှာမို့ နောက်တန်းမှာ ဦးဆောင်မှု နည်းနေတဲ့ မန်ယူ အသင်းအတွက် ပရီးမီးယားလဂ် ပွဲစဉ်တွေပေါ် ရိုက်ခတ်လာမလား ဆိုတာလည်း စောင့်ကြည့်ရပါတော့မယ်။
နောက်ဆုံး တချက်အနေနဲ့ မန်ယူ ပရိသတ်တွေ စိတ်မသက်သာ ဖြစ်နေတာကတော့ ကွင်းလယ်ပိုင်းမှာ ထိန်းချုပ်မှု မဲ့နေတာပါပဲ။ ပေါလ်စခိုး အနားယူသွားတာ ကွင်းလယ်ပိုင်းမှာ အစားထိုးမယ့်သူ မရှိသလို၊ အားထားရတဲ့ လူငယ်ကစားသမား ကလေဗာလေ ဒဏ်ရာ မကြာခဏ ရနေတာကလည်း အသင်းပရိသတ်တွေ ပူပန်စရာ ဖြစ်လာပါတယ်။ လက်ရှိကွင်းလယ်မှာ ဝင်ကစားပေးနေတဲ့ ဂစ်၊ ပက်ဂျီဆန် တို့ဟာ တကယ့် ပလေးမိတ်ကာ စစ်စစ်တွေ မဟုတ်သလို၊ အရန်ခုံမှာ ထိုင်ခဲ့ရတဲ့ ဖလက်ချာ၊ ဗလင်စီယာ၊ ဂစ်ဆင် တို့ဟာလည်း ဖာဂူဆန်ရဲ့ယုံကြည်မှုကို မရလို့ ပွဲချိန်အတွင်း ဝင်မစားခဲ့ရပါဘူး။ စကိုင်းစပေါ့က ဂျေမီရက်နက်ကတော့ မန်ယူ အသင်းဟာ ရှနိုက်ဒါ၊ မော်ဒရစ် တို့လို ကွင်းလယ် ဖန်တီးရှင် လိုနေတယ်လို့ မန်ယူ ပရိသတ်တွေရဲ့ အမြင်ကို ထောက်ခံသွားပါတယ်။
နောက်ဆုံး အနေနဲ့ စောင်ကြည့်ရမှာတွေကတော့ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်မှာ ရှုံးနိမ့်မှုဟာ ပရီးမီးယားပွဲစဉ်တွေ အပေါ် ရိုက်ခတ်လာမလား၊ ဖာဒီနန် ပြောသလို အရှုံးထဲက သင်ခန်းစာ ယူပြီး ယူရိုပါ ဖလားကို အခါအခွင့်သင့်တုန်း ရအောင် ယူမလား၊ လက်ရှိ ချန်ပီယံ ဂုဏ်ပုဒ်ကို ဆက်ထိန်းဖို့ ပရီးမီးယားပွဲစဉ်တွေကို အသင်း ခေါင်းဆောင် ဗီဒစ် မပါဘဲနဲ့ အရှိန်အဟုန် မပျက် ဆက်လက် ခြေစွမ်းပြနိုင်မလား ဆိုတာတွေပါပဲ။