ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက Big Match လို့ ခေါ်တဲ့ ပရိသတ်များ စောင့်ကြည့်ဖို့ စိတ်လှုပ်ရှားကြနေတဲ့ ပွဲကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ဆက်တိုက်ရှုံးပွဲ မရှိသေးတဲ့ ရော်ဘတ်တို မန်စီနီ ရဲ့ မန်ချက်စတာစီးတီး အသင်းနဲ့ နည်းပြသစ် လက်ထက်မှာ အထိုင်ကျဖို့ ကြိုးစားနေတဲ့ ချယ်ဆီး အသင်းတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အခု လောလောဆယ် ၁၄ ပွဲ ကစားပြီးရာမှာ ၁၂ ပွဲနိုင် ၂ ပွဲ သရေ၊ ၃၈ မှတ်နဲ့ အလွန် ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
ချယ်ဆီးအသင်းကတော့ ရာသီစကတည်းက နည်းပြသစ် လက်ထက်မှာ ကစားသမားတွေ ကစားကွက်နဲ့ အံဝင်ဖို့ ရုန်းကန်နေရပေမယ့် ပြီးခဲ့တဲ့ အပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗလင်စီယာကို ၃ ဂိုးပြတ်နဲ့ နိုင်လိုက်ခြင်းက အသင်းကြီးတွေနဲ့ကန်ရင် အဆိပ်ရှိသေးတဲ့အသင်း ဖြစ်ကြောင်း လူငယ်နည်းပြ ဘိုးအာစ်က သက်သေပြလိုက်တာပါပဲ။
ဒီ ၂ သင်း မကန်ခင် ပြီးခဲ့တဲ့ အပတ်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် နောက်တဆင့် တက်ရေး အတွက် အကြိတ်အနယ် ကန်ခဲ့ရပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ၂ – ဝ နဲ့ အနိုင်ရခဲ့ပေမယ့် တဖက်အုပ်စု ပွဲစဉ်မှာ နာပိုလီအသင်းက ဗီလာရယ် အသင်းကို နိုင်သွားတာကြောင့် မန်စီးတီး အသင်းဟာ တတိယ အဆင့်နဲ့ ကျေနပ်လိုက်ရပြီး ဥရောပ ဖလား ဆက်လက် ယှဉ်ပြိုင်ခွင့်သာ ရသွားပါတယ်။
အလားတူ ချယ်ဆီး အသင်းဟာလည်း အုပ်စု နောက်တဆင့် တက်ရေး အဆုံးအဖြတ် ပွဲစဉ်မှာ ဒရော့ဘာရဲ့ ငယ်မူ ခြေစွမ်းပြန်ပြမှုနဲ့ ၃ ဂိုး – ဂိုးမရှိ ကန်ခဲ့ပါတယ်။ နောက်တဆင့်ကို ထိုက်ထိုက် တန်တန် တက်ရောက်သွားတာပါပဲ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ချယ်ဆီး – ပီတာချက် (ဂိုး)
ဘော့စင်ဝါ၊ အီဗန်နိုဗစ်၊ တယ်ရီ၊ ကိုး
ရာမီရက်၊ ရိုမီယူ၊ လန်းပတ်
စတားရစ်၊ ဒရော့ဘာ၊ မာတာ
မန်စီးတီး – ဂျိုးဟက် (ဂိုး)
ဇာဘလက်တာ၊ ကွန်ပနီ၊ လက်စကော့၊ ကလစ်ချီ
မီနာ၊ တိုရေး၊ ဘယ်ရီ၊ ဆေးဗာ
ဘာလော့တယ်လီ၊ အဂူရို
ချယ်ဆီး အသင်းမှာ လက်ရှိအချိန်ထိ အက်ဆီယန် ဒဏ်ရာကြောင့် မကစားနိုင်သေးပါဘူး။ အရန် ဂိုးသမား ဟီလာရီယို ဟာလည်း လောလောဆယ် ဖျားနေလို့ လူစာရင်းမှာ ပါလာဖို့ မသေချာသလို၊ လူငယ်ကစားသမား မက်အက်ရန်ကလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။
အဓိက ကစားသမားဖြစ်တဲ့ ဒေးဗစ်လူးဝစ်ကတော့ အရင်အပတ်က နယူးကာဆယ် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဝါကတ် ၅ ကြိမ်မြောက် ထိသွားလို့ ဒီအပတ်မှာ ပွဲပယ် ခံထားရပါတယ်။ အဲ့ဒါကြောင့် သူ့နေရာမှာ အီဗန်နိုဗစ် ဝင်ကစားနိုင်ပြီး၊ ညာနောက်ခံလူအနေနဲ့ ဘော့စင်ဝါ ဝင်ကစားနိုင်ပါတယ်။
မန်စီးတီး အသင်းကတော့ ယခုရာသီ ညာနောက်ခံမှာ ခြေစွမ်းပြနေတဲ့ မီကာရစ်ချက်ဟာ ဘိုင်ယန်နဲ့ပွဲမှာ ဒဏ်ရာ ရသွားလို့ သူ့အစား အာဂျင်တီးနား လက်ရွေးစင် ဇာဘလက်တာကို ကစားခိုင်းဖွယ် ရှိနေပါတယ်။ ဘယ်နောက်ခံ ကိုလာရော့ဗ် ကတော့ လက်ရှိအချိန်ထိ ပေါင်တွင်းကြော ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
လက်ရှိအချိန်ထိ ချယ်ဆီး အသင်းဟာ အိမ်ကွင်း စတမ်းဖော့ဘရစ်မှာ ၁၁ ဂိုး တိတိ တဖက်အသင်းရဲ့ ဂိုးသွင်းခြင်းကို ခံထားရပါတယ်။ ဒါပေမယ့် ဒီရာသီ ၁၄ ပွဲ ကန်အပြီးမှာ အိမ်ကွင်း ပွဲစဉ်တိုင်း ဂိုးသွင်းနိုင်ထားနိုင်တဲ့ အသင်းလည်း ဖြစ်နေပြန်ပါတယ်။ ဒယ်နီယယ် စတားရစ်ဟာ ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်း အတွက် နောက်ဆုံး ၃ ပွဲမှာ ပွဲတိုင်း ၁ ဂိုးစီ သွင်းယူထားနိုင်ပါတယ်။
မန်ချက်စတာစီးတီး အသင်းကတော့ ဒီနှစ် ရာသီမှာ ရလဒ်ကော၊ ခြေစွမ်းပိုင်းမှာပါ အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်မှာ တပွဲမှ မရှုံးသေးသလို၊ ဂိုးသွင်းအားကလည်း ၄၈ ဂိုး တိတိ ရှိတာကြောင့် မန်စီးတီးအသင်းရဲ့တိုက်စစ်ဟာ အကောင်းဆုံးမှာ ရှိနေပါတယ်။
ပြဿနာ ခဏခဏ ရှာဖွေတတ်သူလို့ နာမည်ကြီးတဲ့ မာရီယို ဘာလော့တယ်လီဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲမှာ ၇ ဂိုး ထိ သွင်းယူထားနိုင်သလို၊ နည်းပြကြီး မန်စီနီရဲ့ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဆေးဗား (၈ကြိမ် )၊ နာစရီ ( ၆ကြိမ်)၊ ဂျိန်းမယ်နာ နဲ့ မီကာရစ်ချက် တို့ဟာ (၅ကြိမ်) စီ အသင်းဖော်တွေ ဂိုးသွင်းဖို့ ဖန်တီးထားတာကို တွေ့ရပါတယ်။