ဒီတပတ်ရဲ့ Big Match က အမှတ်ပေးဇယားမှာ ဒုတိယလိုက်နေတဲ့ မန်ယူ အသင်းကို ၅ မှတ်ဖြတ်ထားတဲ့ မန်စီးတီးနဲ့ ဒီတပွဲသာ အောင်ဖျာလိပ်လို့ကတော့ဒီနှစ် ဘောလုံးရာသီမှာ ချန်ပီယံပြေးပွဲ လမ်းကြောင်းကနေ အလံဖြူထောင် ပြေးရတော့မယ် လို့ မန်နေဂျာကြီးကိုယ်တိုင် ဝန်ခံထားတဲ့ ချယ်လ်ဆီး အသင်းတို့ ဆုံတွေ့တဲ့ပွဲပေါ့။
ဒီဇင်ဘာ ၁၂ ရက်က စတန်းဖို့ ဘရစ်ချ် ကွင်းမှာ ကစားတဲ့ အိမ်ရှင် ချယ်လ်ဆီးနဲ့မန်စီးတီး ပွဲက ပရီးမီးယာလိဂ်ကို အားပေးကြ တဲ့ ပရိသတ်များစွာရဲ့ရင်ခုန်သံကို အရမ်းမြန် စေတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ အထူးသဖြင့် မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး ပရိသတ်တွေရဲ့ ရင်ခုန်သံကို ပိုမိုမြန်စေတယ် ဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။
ဒီပွဲရဲ့ လူအခင်းအကျင်းကတော့ ပုံမှန်အတိုင်းပါပဲ။ နှစ်သင်းစလုံးက ၄း ၃း ၃ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ ချယ်လ်ဆီး အသင်းမှာ တိုက်စစ်မှူး တောရက်စ် မပါလာခဲ့သလို မန်စီတီး အသင်းမှာလည်း နာဆရီ ပါတာကို မတွေ့ရပါဘူး။
အိမ်ရှင် ချယ်လ်ဆီးအသင်းမှာ ဂိုးသမား ပီတာချက်။ နောက်တန်း ဂျွန်တယ်ရီ၊ အက်ရှ်လေကိုး၊ အီဗန်နိုဗစ်။ ဘောင်စင်ဝါ။
အလယ်တန်း ရာမီးယက်စ်၊ မီယာလက်စ်၊ ရိုမီယူ။ ရှေ့တန်း ဒရော့ဘာ၊ စတားရိုက် နဲ့ မာတာ တို့ ဖြစ်ပါတယ်။
ဧည့်သည် မန်စီးတီးအသင်းကတော့ ဂျိုဟတ် ဂိုး။ နောက်တန်း ဇာဘလက်တာ၊ လက်စ်ကော့တ်၊ ကွန်ပနီ၊ ကလစ်ချီ၊ ဂျိမ်းစ် မေလာ၊ ယာယာ တိုရေး၊ ဂျရတ် ဘယ်ရီ။ ရှေ့တန်း ဆေးလ်ဗား၊ ဘာလိုတယ်လီ၊ အဂူရို တို့နဲ့ ကစားတာပါ။
မန်စီးတီးရဲ့ အဖွင့်ဂိုး
ပွဲစလို့ မိနစ်ပိုင်းအတွင်းမှာပဲ အိမ်ရှင်အသင်းရဲ့ရင်ဘတ်ထဲကို နာကျင်စေခဲ့တာကတော့ ဘောလုံးလူဆိုးလေးအဖြစ် ကျော်ကြား နေတဲ့ မန်စီတီးရဲ့ ဘာလိုတယ်လီ ဖြစ်ပါတယ်။ ၁ မိနစ်နဲ့ ၃၈ စက္ကန့် အရောက်မှာ မန်စီးတီး ပရိသတ်တွေရဲ့ အသည်း ကျော် ဖြစ်တဲ့ အဂူရိုဟာ ချယ်လ်ဆီး နောက်ခံလူတွေကြားကနေ အတင်းထိုးဖောက် မွှေနှောက်ပြီး အသင့်နေရာယူထားတဲ့ ဘာလိုတယ်လီ ရှိရာကို ထိုးပေးလိုက်ပါတယ်။ ဘာလိုတယ်လီဟာ ချယ်လ်ဆီး နောက်ခံလူ အီဗန်နိုဗစ်နဲ့ အပြိုင် ဘောလုံး ကို လုယူပြီး ချယ်လ်ဆီး ဂိုးသမားကိုပါ ကျော်ဖြတ်ပြီး ဂိုးပေါက်ထဲကို လှလှပပ ကန်သွင်းကာ ဗွေဆော်ဦး ဂိုးကို သွင်းယူခဲ့ပါတယ်။
ရှုံးပွဲလုံးဝမရှိသေးဘဲ ပရီးမီးယာလိဂ်ကို ဦးဆောင်နေတဲ့ မန်စီးတီးအတွက် ဒီနေ့ပွဲမှာ စောစောစီးစီး အဖွင့်ဂိုးရလို့တာထွက် ကောင်းတဲ့ မြင်းကောင်းတကောင် ဖြစ်ခဲ့ပါတယ်။ ဒီပွဲရှုံးရင် မန်စီးတီးနဲ့ ၁၃ မှတ်အထိ ပြတ်ကျန်ခဲ့တော့မယ့် ချယ်လ်ဆီးအတွက် ကတော့ အရှိုက်တည့်တည့်ကို ပွဲစလို့၂ မိနစ်မပြည့်ခင် အထိုးခံလိုက်ရတာပါပဲ။
အဖွင့်ဂိုးရပြီးနောက် ကစားပွဲက ပိုမို မြိုင်ဆိုင်လာပြီး အပြန်အလှန် ထိုးဖောက် ဂိုးသွင်းရန် ကြိုးစားကြရင်း ပထမပိုင်း ၁၁ မိနစ် မှာ မန်စီးတီးရဲ့အဂူရိုဟာ ချယ်လ်ဆီး နောက်တန်းရဲ့ အမှားကနေတဆင့် ဘောလုံး ရရှိသွားခဲ့ပါတယ်။ ဒီဘောလုံးကို ချယ်လ် ဆီး ကွင်းလယ်လူ ရိုမီယူနဲ့ အပြိုင်လုယင်း အဂူရိုက အပြင်းကန်သွင်းပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက်သွားတာဟာ တကယ့် ကို အသည်းယားစရာပါပဲ။
ချယ်လ်ဆီးအသင်းဟာ အဖွင့်ဂိုးပေးလိုက်ရလို့ ဖိအားများ ဝင်သွားခဲ့သလို အရင်က အကောင်းဆုံးအလယ်တန်း အတွဲတွေဖြစ် တဲ့ လန်းပတ်နဲ့ ကာလကြာရှည် ဒဏ်ရာရနေတဲ့ အက်ဆီယံတို့ မပါဝင်နိုင်ခြင်းကလည်း ချယ်လ်ဆီးရဲ့ ကွင်းလယ် အဖျက် စွမ်းရည် အားနည်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့် မန်စီးတီးဟာ ကွင်းလယ်ကနေ ဘောလုံးရယူပြီး တိုက်စစ်ဆင်နိုင် တာကို တွေ့ရပါတယ်။
ဒါပေမယ့် ချယ်လ်ဆီး အသင်းဟာ မန်စီးတီးအသင်းရဲ့ တဖက်သတ်ကြီး ဖိထားခြင်းကို ခံနေရတာ မဟုတ်ပါဘူး။ အပြန် အလှန် ထိုးဖောက် ကစားသွားတာကို တွေ့ရပါတယ်။ ပထမပိုင်း၂၅ မိနစ်အရောက်မှာတော့ ချယ်လ်ဆီးရဲ့ ဒရော့ဘာဟာ မန်စီးတီးအသင်းရဲ့နောက်တန်းလူတွေကြားထဲကနေ လှည့်ယူရင်း အမှတ်မထင် ကန်သွင်းလိုက်တာကို ဂိုးသမား အချိန်မီ ပုတ်ထုတ်လိုက်နိုင်လို့သာ ချေပဂိုးမရခဲ့တာပါ။
ချယ်လ်ဆီး ချေပဂိုး သွင်းယူ
ဒီလိုနဲ့ ပွဲချိန် ၃၃ မိနစ်နဲ့ ၁၈ စက္ကန့် အရောက်မှာတော့ အိမ်ရှင် ချယ်လ်ဆီးတို့ ပျော်ရွှင်ခဲ့ရပါပြီ။ အသင်းခေါင်းဆောင် ဂျွန် တယ်ရီက နောက်တန်းက ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး စတားရိုက်က ရယူသွားပြီး မန်စီးတီး နောက်တန်းလူတွေကို လှည့်ပတ် လိမ်ခေါက်ကာ ချယ်လ်ဆီး ကွင်းလယ်လူ ရာအူးလ် မီယာလက်စ်ဆီကို အံကိုက် ထိုးပေး လိုက်ပါတယ်။ ဒီဘောလုံးကို မီယာလက်စ် အပိုင် ပိတ်ပြီး ကန်သွင်းလိုက်တာကြောင့် ချယ်လ်ဆီး အသင်း ချေပဂိုး ရရှိသွားခဲ့ပါတော့တယ်။
ချယ်လ်ဆီး ပရိသတ်တွေရဲ့ မျက်နှာမှာ အပြုံးပန်းဆင်မြန်းရခဲ့ပေမယ့် တိုက်စစ်အား ကောင်းလွန်းသော မန်စီးတီး ကစား သမားတွေဟာ ဒရစပ်တိုက်စစ်ဆင်နေခဲ့တာကို တွေ့ရပါတယ်။ ပထမပိုင်း ၃၉ မိနစ်အရောက်မှာ မန်စီးတီးရဲ့ဘာလိုတယ်လီ ဟာ ပါးနပ်လှစွာနဲ့ ကွင်းလယ်အတွင်း ဘောလုံးကိုဆွဲယူလာပြီး အဂူရိုဆီကို ဖြတ်တင်ပေးလိုက်တာဟာ လူကျွံဘော ဖြစ်သွား လို့သာပေါ့။ မဟုတ်ရင် မန်စီးတီးသားတို့ ဝင့်ကြွားတာကို မြင်ရဦးမှာပါ။ ဒီလိုပဲ ၄၂ မိနစ်လောက်မှာ ဒရော့ဘာကြောင့် ရရှိလာ တဲ့ ပြစ်ဒဏ်ဘောကို မာတာက ကန်သွင်းခဲ့ပေမယ့် ဂိုးလွန်ဘော ဖြစ်သွားခဲ့ပါတယ်။ ပွဲက မြန်ဆန်လွန်းပြီး တဘက်နှင့် တဘက် အပြန်အလှန် တိုက်စစ်ဆင် ထိုးဖောက်ခဲ့ကြပါတယ်။ ပွဲကတော့ တကယ့်ကို Big Match အစစ်ပါပဲ။ သူတပြန် ကိုယ် တပြန် ကစားကြရင်း ပထမပိုင်း ပြီးလုပြီးခင် ၄၅ မိနစ်လောက်မှာ ဘာလိုတယ်လီရဲ့ ဖြတ်တင်ဘောကနေ အဂူရိုက ချယ်လ် ဆီး ဂိုးပေါက်ထဲကို ကန်သွင်းခဲ့ပေမယ့်လည်း ဂိုးပေါက်လွဲချော်သွားခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ဒီလိုနဲ့ ပထမပိုင်းဟာ ဘောလုံးရသ အပြည့်နဲ့ ပြီးဆုံးသွားပါတယ်။
ဒုတိယပိုင်းကို စတင်ချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ မန်စီးတီးကို အနိုင်ယူလိုစိတ် ပြင်းပြစွာနဲ့ တိုက်စစ်ဆင်လာတာကို တွေ့ရပါတယ်။ ဒုတိယပိုင်းစလို့ ၄၇ မိနစ်အချိန်မှာ မန်စီးတီး နောက်ခံလူ ကလစ်ချီ ပြစ်ဒဏ် ကျူးလွန်တဲ့အတွက် ရရှိတဲ့ ဖရီး ကစ် ကို ချယ်လ်ဆီး တိုက်စစ်မှူး မာတာက ကန်တင်လိုက်ပါတယ်။ အဲဒီဘောလုံးဟာ မန်စီးတီးနောက်ခံလူတွေကို ကျော်ပြီး စတားရိုက်ဆီကို ရောက်ရှိသွားခဲ့ရာ သူက ရင်ဘတ်နဲ့ ထိန်းပြီး မနားတမ်း ခပ်ပြင်းပြင်း ကန်သွင်းလိုက်တာဟာ ဂိုးပေါ်ကို ထောင်သွားခဲ့ပါတယ်။ ဂိုးပေါက်တည့်ရင် မန်စီးတီးတို့ အသည်းကွဲကိန်းပါပဲ။ အဲဒီနောက် ၄၉ မိနစ်အရောက်မှာလည်း မန်စီးတီး နောက်ခံလူ ကလစ်ချီဘက်မှ ချယ်လ်ဆီး ကွင်းလယ်လူ မီယာလက်က အနိမ့်ဘော ဖြတ်တင်ပေးတာကို မန်စီးတီးနောက်ခံ လူတွေ ဖျက်ထုတ်ခဲ့ရပါသေးတယ်။
မန်စီးတီး ကံဆိုးပြီ
ဒုတိယပိုင်း ၅၇ မိနစ်အရောက်မှာတော့ အဝါကတ် ထိထားတဲ့ ကလစ်ချီဟာ ဘောလုံးဆွဲပြေးလာတဲ့ ချယ်လ်ဆီးကစားသမား ရာမီးယက်စ်ထံမှ ဘောလုံးကို ဖြတ်အလုမှာ ဘောလုံးကို မထိဘဲ ခြေထောက်ကို တက်နင်းလိုက်တာကြောင့် နှစ်ဝါတနီနဲ့ ကွင်း အပြင်ကို ထွက်ခဲ့ရပါတော့တယ်။
အသင်းကြီးအချင်းချင်း ယှဉ်ပြိုင်ကြရတဲ့ ပွဲမျိုး အရေးကြီးတဲ့ ပွဲမျိုးမှာ အနီကတ်ပေးခံရတာဟာ ပွဲကိုသတ်လိုက်သလို ဖြစ်သွား တာ များပါတယ်။ အခုလည်းပဲ မန်စီးတီးအသင်းဟာ လူ ၁၀ ယောက်ကျန်တော့တဲ့အခါမှာ တိုက်စစ် မကစားနိုင်တော့ဘဲ ခံစစ်ကို ပြောင်းကစားရပါတော့တယ်။ ကွင်းလယ်ကစားသမား ဂျိမ်းစ် မေလာကို နောက်ကို ဆင်းကစားစေသလို ၆၄ မိနစ်မှာ အားကိုးရတဲ့ တိုက်စစ်မှူး အဂူရိုကို ထုတ်ကာ နောက်တန်းကစားသမား ကိုလိုတိုရေး နဲ့ လူစားလဲလာတာကို တွေ့ရပါတယ်။
မန်စီးတီးက တိုက်စစ်ကို ချကစားနေစဉ်မှာ ချယ်လ်ဆီးကတော့ အနိုင်ရရှိရေးအတွက် ပိုမို အားတင်ကာ တိုက်စစ်ဆင် လာ တာ ကို တွေ့ရပါတယ်။
၆၇ မိနစ်မှာ ချယ်လ်ဆီး နောက်ခံလူ ဘောင်စင်ဝါ ဖြတ်တင်ပေးတာကို ဒရော့ဘာ အပိုင် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့်လည်း မန်စီးတီး ခံစစ်မှူးတွေက ဦးအောင် ခေါင်းတိုက် ကာကွယ်လိုက်နိုင်တာကြောင့် အနိုင်ဂိုးရခွင့် လွဲခဲ့ရပါတယ်။ အခွင့် အရေး ကောင်းကြီးတရပ် လက်လွတ်ခဲ့ပါတယ်။
အဆင့်ဆင့် ပိတ်ဆို့ထားကြတဲ့ မန်စီးတီးနောက်တန်းကို ထိုးဖောက်ပြီး ဂိုးသွင်းဖို့ ကြိုးစားကြပေမယ့် ချယ်လ်ဆီးရဲ့ အားထုတ် မှုဟာ အရာမထင်ခဲ့ပါဘူး။ အပိုင်ကန်သွင်းခွင့် မရခဲ့ကြပါဘူး။ ၇၃ မိနစ်မှာ စတားရိုက် အပိုင်ကန်သွင်းချက်ကလည်း ဂိုးပေါက် လွဲခဲ့ရပါတယ်။
ဒီအချိန်မှာ ချယ်လ်ဆီးရဲ့ မန်နေဂျာဟာ ရာမီးလက်စ်အစား ဝါရင့် ကွင်းလယ်လူ လန်းပတ်ကို လူစားလဲလိုက် ပါတော့တယ်။
ချယ်လ်ဆီးက ကွင်းလယ်ကို သဘာကြီး လန်းပတ်နဲ့ အားဖြည့်လိုက်စဉ်မှာ မန်စီးတီးကတော့ ၇၅ မိနစ်အရောက်မှာ အားကိုး ရတဲ့ ဆေးလ်ဗားအစား ဒီဂျောင်းနဲ့ ကာ ခံစစ် ပိုမိုလုံခြုံအောင် လုပ်လာပါတယ်။
ပွဲချိန် ၇၇ မိနစ် အရောက်မှာ စတားရိုက်က ဒရော့ဘာဆီကို ဖြတ်တင်ပေးပေမယ့် မန်စီးတီးနောက်တန်းက ဖြတ်ပြီး ဖျက် ထုတ်နိုင်ခဲ့ပါတယ်။ တဖန် ဒရော့ဘာနဲ့ ရာမီးယက်စ်တို့ အပေးအယူလုပ်ပြီး ထိုးဖောက်ကာ ရာမီးယက်စ် ပိတ်သွင်းခဲ့ပေမယ့် အားပျော့တဲ့အတွက် မန်စီးတီး ဂိုးသမားက အသာအယာ ဖမ်းယူခဲ့ပါတယ်။
မြင်းကောင်း ခွာလိပ်ပြီ
ချယ်လ်ဆီးက တရစပ် ဖိပြီး တိုက်စစ်ဆင်လာလို့ မန်စီတီးနောက်တန်းဟာ အရမ်းကို အလုပ်ရှုပ်ခဲ့ရပါတယ်။ ဒီလို အလုပ်ရှုနေ ရင်းနဲ့ပဲ ၈၂ မိနစ်အရောက်မှာတော့ ဒီရာသီ ပရီးမီးယာလိဂ်မှာ အရမ်းကို ခြေစွာပြီး လုံး၀ ရှုံးပွဲမရှိသေးတဲ့ မမြည်းစမ်းဖူးတဲ့ မန်စီးတီးဟာ ခါးသီးတဲ့ အရသာကို ခံစားသွားဖူး ရပါပြီ။
ချယ်လ်ဆီး တိုက်စစ်မှူး စတားရိုက်ဟာ မန်စီးတီးနောက်ခံလူ နှစ်ယောက်ကို လှည့်ဆွဲပြေးပြီး ကန်သွင်းချက်က မန်စီးတီး နောက်ခံလူ လက်စ်ကော့ရဲ့ လက်နဲ့ထိသွားလို့ ပင်နယ်လ်တီ ပေးလိုက်ရပါတယ်။ ဒီပင်နယ်လ်တီကို လူစားဝင်လာတဲ့ လန်းပတ် က အမှားအယွင်းကင်းကင်းနဲ့ မန်စီးတီး ဂိုးပေါက်ထဲကို ကန်သွင်းလိုက်တဲ့အတွက် ချယ်လ်ဆီးတို့ အနိုင်ဂိုးကို ရရှိသွားပါတယ်။
ချယ်လ်ဆီၤးရဲ့ ဒီနိုင်ပွဲဟာ ချယ်လ်ဆီး တသင်းတည်းအတွက် ပျော်ရွှင်ရတာမဟုတ်ဘဲ မန်စီးတီးရဲ့ ၆ ဂိုး ၁ ဂိုးနဲ့ အရှက်ခွဲခံခဲ့ရ တဲ့ မန်ယူပရိသတ်တွေရဲ့ ရင်ဘတ်ကိုလည်း အပျော်မြစ် ဖြတ်စီးစေခဲ့ပါတယ်။
အခုချိန်ခါမှာ မန်ယူနဲ့ မန်စီတီးက၂ မှတ်ပဲ ကွာတော့သလို ချယ်လ်ဆီးအသင်းဟာလည်း ဇယားထိပ်က မန်စီးတီးနဲ့ ၇မှတ် အကွာကို ရောက်သွားခဲ့ပါတယ်။ ဒါ့အပြင် ထိပ်တန်းလေးသင်း အပြင်ဘက်ကို ရောက်ရှိသွားခဲ့ရတဲ့ ချယ်လ်ဆီးဟာတတိယ နေရာကို ပြန်ရယူနိုင်ခဲ့ပါတယ်။ ဇယားထိပ်က မန်စီးတီးက ၃၈ မှတ်။ ဒုတိယနေရာက မန်ယူက ၃၆မှတ်နဲ့ တတိယနေရာက ချယ်လ်ဆီးက ၃၁ မှတ် အသီးသီး ရှိနေပါတယ်။ ချန်ပီယံ ပြေးလမ်းက တကောင်တည်း ပြေးနေတဲ့ ပြိုင်ပွဲမဟုတ်ဘဲ ထိပ်သီး အသင်းတွေ ပြန်လည် တိုက်ပွဲဝင်နေကြတဲ့ ပြိုင်ပွဲအသွင်ကို ဆောင်ခဲ့ပြန်ပါပြီ။
ပရီးမီးယာလိဂ်မှာ ဒီဇင်ဘာလဆိုတာ ခက်ခဲကြမ်းတမ်းတဲ့ ပွဲကြပ်များကို တရစပ် ကစားကြရတာ ထုံးစံပါပဲ။ ငွေကြေး အလုံး အရင်းနဲ့ ချန်ပီယံပြေးလမ်းကြောင်းကို ဇယားထိပ်ကနေ ဦးဆောင်ပြေးနေတဲ့ မန်စီးတီးဟာ ချယ်လ်ဆီးအသင်းကို အဝေးကွင်း မှာ လက်မြှောက်ခဲ့ရတာဟာ မြင်းကောင်းခွာလိပ် သွားခဲ့ရတယ်ဆိုရင် လွန်အံ့မထင်ပါဘူး။ ခရစ္စမတ်ကာလမှာ မန်စီးတီးဟာ ဘယ်လောက် စွမ်းတယ် မစွမ်းဘူးဆိုတာကို ကျနော်တို့ ဆက်လက် ရှုစားကြပါစို့လို့ ပြောလိုက်ပါရစေ။