ဘောလုံးပရိသတ်တွေ ရင်ခုန်စွာ အားပေး ကြည့်ရှုခဲ့ကြတဲ့ ရီးရဲယ့်နဲ့ ဘာစီလိုနာတို့ရဲ့ လာလီဂါ ပွဲစဉ် (၁၆) ဟဲဗီးဝိတ်ပွဲမှာ ဘာစီလိုနာအသင်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပေါ်စီးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ရလဒ်တွေကို စုစည်းကြည့်ရင် နိုင်ပွဲတွေ ဆက်နေတဲ့ ရီးရဲယ့်အသင်းရဲ့ အရှုံး ဖြစ်သလို၊ နည်းပြ မော်ရင်ဟို အတွက်လည်း ပြိုင်ဘက်ကြီး ဂွါဒီယိုလာကို ဒိုင်ပွဲရပ်နဲ့ အရှုံးပေးလိုက်ရတာပါပဲ။
ဒီပြိုင်ပွဲနဲ့ ဆက်စပ်တဲ့ နောက်စာမျက်နှာကတော့ ဇန်နဝါရီလ (၉) ရက်နေ့မှာ ပေးအပ် ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ နည်းပြဆုတွေအတွက် နောက်ဆုံး ဆန်ခါတင် (၃) ဦး စာရင်းတွေ ရွေးချယ် ထုတ်ပြန်ထားတာပါပဲ။ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်မယ့်သူတွေထဲမှာ ဘာစီလိုနာက မက်ဆီနဲ့ ဇာဗီ၊ ရီးရဲယ့်က စီရော်နယ်လ်ဒိုတို့ ဖြစ်ပါတယ်။ အကောင်းဆုံး နည်းပြဆု အတွက်တော့ ဂွါဒီယိုလာ (ဘာစီလိုနာ)၊ မော်ရင်ဟို (ရီးရဲယ့်)၊ ဆာ အဲလက် ဖာဂူဆန် (မန်ယူ) တို့ပါ။
ပရိသတ်ကြားမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒို၊ ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့က ပေါ်ပြူလာ အဖြစ်ဆုံးပါပဲ။ အကောင်းဆုံးဆုကို ဘယ်သူ ရယူသွားနိုင်မလဲ ဆိုတာကို စိတ်ဝင်တစားဖြစ်နေရတဲ့ အခြေအနေလို့ ပြောရမှာပါ။ အခု ရီးယဲယ်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြတဲ့ ဒီပွဲစဉ်က ဆုံးဖြတ်ပေးနိုင်တယ်လို့ ပြောရင် ရနိုင်ပါတယ်။
မက်ဆီက အဖိုးတန် ချေပဂိုးအတွက် လှပတဲ့ဖန်တီးမှု၊ ဇာဗီက လှပ သေသပ်တဲ့ ကန်ချက်တွေနဲ့ ဘာကာအတွက် ခြေစွမ်းပြခဲ့ကြပေမဲ့ စီရော်နယ်လ်ဒိုကတော့ ကွင်းပျောက်၊ ဂိုးပျောက် ဖြစ်နေတာပါ။ မော်ရင်ဟို အနေနဲ့လည်း ဂွါဒီယိုလာကို နောက်ထပ်တကြိမ် အရှုံးပေးလိုက်ရပြန်တာကြောင့် ဒီနှစ် အကောင်းဆုံး နည်းပြဆုအတွက် မရေရာတော့ဘူးလို့ မှတ်ချက်ပြုလို့ ရနိုင်တယ် မဟုတ်လား။
ဘာစီလိုနာအသင်းဟာ ရီးယဲယ်မက်ဒရစ်အသင်းကို အနိုင်ကစားခဲ့ပြီးနောက် ဖီဖာ ကမ္ဘာ့ကလပ် ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်ဖို့ ဂျပန်နိုင်ငံကို ထွက်ခွာသွားပါပြီ၊ (၃) နှစ်အတွင်း ဒုတိယမြောက် ဖလား ရယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ချဲလ်လ်ဆီးဟာ အေစီမီလန်အသင်းက မန်စီးတီးတိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်ကို ခေါ်ယူနိုင်ခဲ့ရင် မီလန်တိုက်စစ်မှူး (၂) ဦးဖြစ်တဲ့ ပါတိုနဲ့ ရော်ဘင်ဟို တို့ ၂ ဦး ထဲက တဦးဦးကို ကမ်းလှမ်းခေါ်ယူနိုင်ဖို့ စီစဉ်နေပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဒရော့ဘာ၊ အနယ်လ်ကာ၊ ကာလူးတို့ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပါတယ်။ ဒါကြောင့် တိုက်စစ်ပိုင်းကို ပြန်အားဖြည့်ဖို့ ပါတို၊ ရောဘင်ဟိုတို့ကို ပစ်မှတ်ထား နေတာလို့ အားကစားမီဒီယာတွေက ရေးနေကြတာပါ။
အလားတူပါပဲ၊ ယခုနှစ်ရာသီမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြ ဂိုးများ သွင်းယူနေတဲ့ တိုက်စစ်မှူး ဗန်ပါစီကိုခေါ်ယူဖို့ကိုလည်း မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေက အပြိုင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဗန်ပါစီဟာ ပရီးမီးယား လိဂ်မှာ စုစုပေါင်း (၁၅) ဂိုး သွင်းယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ဦးဆောင် နေသလို၊ ယခုနှစ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ် (၃၂) ခုမှာ (၃၃) ဂိုး အထိ သွင်းယူထားသူပါ။ ဗန်ပါစီရဲ့ လက်ရှိစာချုပ် သက်တမ်းမက (၁၈) လသာ ကျန်ရှိတော့ပေမယ့် စာချုပ် သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေတော့ ပြုလုပ်ခြင်း မရှိသေးပါဘူး။ ရီရဲယ့်နည်းပြ မော်ရင်ဟိုကလည်း ဗန်ပါစီရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ယခုရာသီကုန်မှာ ကမ်းလှမ်းဖို့ စီစဉ်နေတယ်၊ အာဆင်နယ်အသင်းက ကစားသမားတွေကို ပစ်မှတ်ထား ခေါ်ယူနေတဲ့ မန်စီးတီးအသင်းကလည်း ဗန်ပါစီကို စိတ်ဝင်စားနေပြီး တပတ်လစာ ပေါင် (၂၅၀.၀၀၀) အထိ ပေးပြီး ကမ်းလှမ်းသွားမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီး – အာဆင်နယ် ပွဲစဉ် ပါဝင်နေပါတယ်။ မန်စီးတီးအသင်းဟာ ပွဲကျပ်တွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပြီး ဒီပွဲမှာလည်း ကစားကွက် ပြန်ကိုက်ညီလာနေတဲ့ အာဆင်နယ်နဲ့ ထိပ်တိုက် ဆုံတွေ့နေလို့ အသေ အလဲ ကစားရဖို့များပါတယ်။
ပွဲစဉ်တွေက အင်အားမျှတဲ့အသင်းတွေ ထိပ်တိုက် တွေ့နေတာ ဖြစ်ပြီး၊ ခြေစွမ်းပြန်ရနေတဲ့ ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ဝီဂန်နဲ့ ကစားရမှာဖြစ်လို့ ဂိုးမပြတ်တောင် အနိုင်ရဖို့သေချာနေပါတယ်။
မန်ယူကလည်း ကွင်းပတ်ကွင်းမှာ ရလဒ်ကောင်းဖို့ များပြီး လီဗာပူးလ်ကတော့ အိမ်ကွင်းမာတဲ့ ဗီလာကို အက်စတွန်ဗီလာကွင်းမှာ ခက်ခက်ခဲခဲ နိုင်ပွဲရှာဖွေရမယ်လို့ ထင်မြင်မိပါတယ်။
အသင်းကြီးတသင်းဖြစ်တဲ့ စပါးကလည်း အဝေးကွင်းညံ့တဲ့ ဆန်ဒါးလန်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်လို့ အနိုင်ရဖို့များပါတယ်။