ဂျပန်နိုင်ငံမှာ မနေ့က ကျင်းပတဲ့ ဖီဖာ ကမ္ဘာ့ကလပ် (Club World) ဗိုလ်လုပွဲမှာတော့ ၂၀၀၉ ခုနှစ် ဥရောပချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန်ဘာစီလိုနာအသင်းကတောင်အမေရိကချန်ပီယံ ဆန်းတို့စ်အသင်းကို နည်းဗျူဟာ၊ ကစားအား၊ ဘောလုံး ကျွမ်းကျင်မှု၊ အသင်းလိုက်စုစည်းမှု၊ ဘာကာသူရဲကောင်း မက်ဆီ၊ ဖာဘရီဂတ်စ်၊ ဇာဗီတို့ရဲ့ ထိုးဖောက်ကစားအား၊ ပူလ်ယိုး၊ ပီကေးတို့ရဲ့ နောက်တန်းမာမာနဲ့ အဘက်ဘက်က အသာစီး ရယူ ကစားသွားခဲ့ပြီး ဖီဖာ ကမ္ဘာ့ကလပ် ချန်ပီယံဆုကြီးကို အလွယ်တကူ ဆွတ်ခူးနိုင်ခဲ့တာပါ။

၂ ဘက် အသင်းသားတွေ ယှဉ်ပြိုင်ကစားဖို့ ကွင်းအတွင်း ဆင်းလာတဲ့အခါမှာ ဘာစီလိုနာက တိုက်စစ်မှူး မက်ဆီ နဲ့ ဆန်းတို့စ် တိုက်စစ်မှူး နေလ်မာ တို့က ရှေ့ဆုံးက လျှောက်လှမ်း လာတာကလည်း စိတ်ဝင်စားစရာ မြင်ကွင်းတခုပါပဲ။
ပွဲစကစားချိန်မှာ ၂ ဘက် လျင်လျင်မြန်မြန် ကစားကြပေမဲ့ ၃ မိနစ်ကျော်လာတဲ့ အချိန်မှာတော့ ဘောလုံးဟာ ဘာစီလိုနာ ကစားသမားတွေရဲ့ ခြေထောက်ထဲမှာ ဝဲလည်နေပါတော့တယ်။ ပွဲချိန် ၁၅ မိနစ်မှာတော့ ကွင်းလယ်လူ ဇာဗီ ထိုးပေးတဲ့ ဘောလုံးကို မက်ဆီက ဆန်းတို့စ် ဂိုးသမားကို ကျော်ပြီး လှလှပပ သွင်းယူသွားခဲ့ပါတယ်။ ၂၄ မိနစ်မှာ ဇာဗီ၊ ၄၅ မိနစ်မှာ ဖာဘရီဂတ်စ်၊ ၈၂ မိနစ်မှာ မက်ဆီတို့ရဲ့ဂိုးတွေနဲ့ ချန်ပီယံဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးသွားပါတယ်။
ပြိုင်ပွဲမတိုင်မီကလည်း ဘာစီလိုနာနည်းပြ ဂွါဒီယိုလာက ဖီဖာကမာ့ကလပ် ချန်ပီယံဆုကို အရယူသွားမှာပါ လို့ ဂျပန်မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောဆိုထားခဲ့ပါသေးတယ်။
ဆန်းတို့စ်ကလပ်သင်းက ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး နေလ်မာ ကတော့ ဘာစီလိုနာရဲ့ ခံစစ်မှုးတွေကြားမှာပဲ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဖီဖာ အကောင်းဆုံး နည်းပြဆု၊ ဘောလုံးသမားဆုတို့ကို ဘာကာနည်းပြ ဂွါဒီယိုလာ နဲ့ တိုက်စစ်မှူးမက်ဆီတို့ ဆွတ်ခူး ရရှိနိုင်ဖို့ အမှတ် တက်သွားခဲ့ပါပြီ။
ဇယားထိပ်က မန်စီးတီး
ဒီတပတ် ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) မှာတော့ ချဲလ်ဆီးတသင်းသာ အဝေးကွင်းမှာ ဝီဂန်အသင်းကို သရေကျခဲ့ပြီး ကျန်အသင်းကြီးအားလုံး အနိုင်ရသွားခဲ့ပါတယ်။ မန်စီးတီး – အာဆင်နယ်ပွဲ ရလဒ်ဟာ ၂ သင်းလုံး အတွက် အရေးပါတဲ့ ပွဲဖြစ်သလို မန်စီးတီး အနေနဲ့ အနိုင်ကစားရမယ့်ပွဲလို့ မှတ်ချက်ပြုထားကြတာပါ။ ခန့်မှန်းတွက်ချက်မှု တွေ အတိုင်းပါပဲ၊ ဂျူပီအာ – မန်ယူပွဲက ဝး၂။ ဗီလာ – လီဗာပူးက ဝး၂။ စပါး – ဆန်းဒါးလင်းက ၁း၀ နဲ့ အနိုင်ရရှိခဲ့ကြပါတယ်။

မန်ယူတိုက်စစ်မှူး ရွန်းနီရဲ့ ၅၅ စက္ကန့်မှာ ဂျူပီအာဂိုး ညာထောင့်ကို လှလှပပ ခေါင်းတိုက်ရယူတဲ့ အဖွင့်ဂိုးဟာလည်း ပွဲစဉ် (၁၆) မှာ အစောဆုံးနဲ့ အလှဆုံးဂိုးအဖြစ် မှတ်တမ်းတင် စရာ ဖြစ်ခဲ့ပါတယ်။
ဘောလုံးပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မန်စီးတီး – အာဆင်နယ်ပွဲဟာ အကြိတ်အနယ်ရှိ သလို လျင်လျင်မြန်မြန် အပြန်အလှန် ကစားသွားကြတဲ့ပွဲပါ။ ဘောလုံးပိုင်ဆိုင်မှုကလည်း ၅၀ း ၅၀ လို့ တောင် ပြောရင် ရပါတယ်။ ဆေးဗားလ်၊ နာစရီ၊ အဂူရိုတို့ရဲ့ ဘောလုံးအခင်း အကျင်း ဖြန့်ခွဲမှု၊ အာဆင်နယ် နောက်တန်းလူတွေနဲ့ ဂိုးသမား ဆဇက်စနီတို့ ကာကွယ် ဖျက်ထုတ်နိုင်မှု၊ မန်စီးတီး အထောင်တိုက်စစ်မှူး ဘယ်လိုတယ်လီ ဂိုးပေါက် လွဲချော်နေမှုတွေကြောင့် မန်းစီးတီး ဂိုးရနည်းခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဗန်ပါစီ၊ ဂျာဗင်ဟို၊ ဝေါကော့၊ အာတီတာ၊ ဆောင်း၊ ရမ်ဆေးတို့ရဲ့ ရှေ့နောက် အတွဲညီညီ တိုက်စစ်ကလည်း မန်စီးတီးကို ခြိမ်းခြောက် ဖိအားပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်ဟာလည်း မန်စီးတီး ဂိုးသမားဂျိုးဟတ်ကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ပါဘူး။ နှစ်သင်း ယှဉ်ပြိုင် ကစားကြရမှာ နည်းပြမန်စီနီရဲ့ မန်းစီးတီးသင်းဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရတာရယ်၊ ပွဲစဉ် ၁၅ မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ရတာတွေကြောင့် ယခုပွဲဟာ အရေးပါတဲ့ပွဲ ဖြစ်ခဲ့ရပါတယ်။
အဲဒီအပေါ်မှာ မန်စီနီက ” ပြီးခဲ့တဲ့အပတ် ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ ပွဲ ၂ ပွဲနောက်ပိုင်း ဒီပွဲမှာ ကျနော့်အသင်းသားတွေ အကောင်းဆုံး ခြေစွမ်း ပြနိုင်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျနော် ပီတိဖြစ်ရပါတယ်” လို့ ဘီဘီစီအားကစားကဏ္ဍနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဝမ်းပန်းတသာ ပြောခဲ့ပါသေးတယ်။
ဒါကြောင့်လည်း ဗျူဟာပိုင်းရော၊ ကစားသမားအားပါ အားကောင်းကောင်းနဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ အားဖြည့်ပြီး ကစားသွားတဲ့အတွက် အနိုင်ရရှိခဲ့တယ်လို့ ဆိုရမှာပါ။ ယခုပွဲမှာလည်း မန်စီးတီးက ဆေးဗာလ်းဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အနိုင်ဂိုးကိုလည်း ၅၃ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။
အာဆယ်နယ်အသင်းရဲ့ အဓိက အားနည်းချက်က တောင်ပံကစားကွက်တွေမှာ အားပျော့တာကြောင့်ဖြစ်တယ်လို့ အားကစား လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။ အာဆင်နယ် ယခုပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ မန်စီးတီးအသင်းကို ဘတပြန် ကျားတပြန် ကစားသွားနိုင်ခဲ့တာပါ။
ပွဲစဉ် ၁၆ ကစားပြီးတဲ့အထိ မန်စီးတီးဟာ ၁၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲရှုံး၊ ၄၁ မှတ်နဲ့ ဇယားထိပ်မှာ ရှိနေပြီး မန်ယူကတော့ ၁၂ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲရှုံးနဲ့ ၃၉ မှတ်နဲ့ ဒုတိယ၊ စပါးသင်းကတော့ တပွဲကျန် ၃၄ မှတ်နဲ့ အဆင့် ၃ နေရာကို တက်ရောက်လာပြီး ချဲလ်ဆီးကတော့ အဆင့် ၄ နေရာကို လျောကျသွားခဲ့ပါတယ်။
ခရစ်စမတ် နဲ့ နှစ်သစ်ကူးအချိန်အထိ အမှတ်ပေးဇယားထိပ်မှာ ရှိနေတယ် ဆိုရင် ရာသီဒုတိယပိုင်း အတွက် ပိုပြီး အခြေအနေကောင်းတာကြောင့် ဒီနှစ် မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မလား ဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပါ။