ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) မှာ အသင်းကြီး ထိပ်တိုက် တွေ့ဆုံပွဲ အဖြစ် မန်စီးတီး နဲ့ အာဆင်နယ်၊ အရင်တပတ်က မန်စီးတီးရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရိုက်ချိုးခဲ့တဲ့ ချယ်ဆီး နဲ့ ဝီဂန်၊တန်းတက်အသင်း ကျူပီအာ နဲ့ လက်ရှိ ချန်ပီယံ မန်ယူ၊ အက်စတွန်ဗီလာ နဲ့ ထိပ်ဆုံး ၄ သင်း ဝင်ဖို့ ကြိုးစားနေတဲ့ လစ်ဗာပူး၊ ဒါ့အပြင် ခြေစွာနေတဲ့ လန်ဒန်အခြေစိုက် စပါး နဲ့ ဆန်းဒါးလန်း အသင်းတို့ရဲ့ ပွဲစဉ်တွေဟာ ပရီးမီးယားလိဂ် ပရိသတ်တွေ ရင်ခုန်သံ မြန်စေတဲ့ ပွဲတွေ ဖြစ်ခဲ့ပါတယ်။
လက်ရှိရာသီမှာ ခြေစွမ်းပိုင်း အကောင်းဆုံး တည်ငြိမ်မှုရှိနေတဲ့ မန်စီးတီး အသင်းဟာ အရင်တပတ်က ချယ်ဆီးကို ဒီရာသီ ပထမဆုံးရှုံးပွဲအဖြစ် ကြုံပြီးနောက် ခြေစွမ်းပိုင်း ယိမ်းယိုင်သွားနိုင်တယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ပေမယ့် ယခု အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု ရှိကြောင်း ပြသသွားပါတယ်။
နှစ်သင်းလုံး တိုက်စစ်၊ ခံစစ် အားကောင်းကောင်း ကစားခဲ့လို့ ဂိုးတွေ အပြန်အလှန် မသွင်းခဲ့ပေမယ့် ယခုရာသီရဲ့ အကောင်းဆုံးပွဲ ဖြစ်ခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။
မန်စီးတီး အသင်းက ဂျိုးဟတ် ( ဂိုး)၊ ရစ်ချက်၊ ကွန်ပနီ၊ ကိုလိုတိုရေး၊ ဇာဘလက်တာ၊ ဘယ်ရီ၊ နာစရီ၊ ဆေးဗား၊ ယာယာတိုရေး၊ အဂူရို၊ ဘာလော့တယ်လီ တို့နဲ့ ပွဲထွက်လာသလို အာဆင်နယ်အသင်းကလည်း ဆက်စီနီ (ဂိုး)၊ ကိုစီယန်နီ၊ မာတီဆက်ကာ၊ ဗာမယ်လန်၊ ဒီဂျိုရူး၊ အာတီတာ၊ ဝဲလ်ကော့၊ ရမ်ဆေး၊ ဆောင်း၊ ဗန်ပါစီ၊ ဂါဗင်ဟို တို့နဲ့ ပွဲထွက်လာပါတယ်။
ပွဲ စတယ်ဆိုရင်ပဲ မန်စီးတီးက ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ကစားခဲ့သလို၊ မန်စီးတီးရဲ့ အဓိက ဘောလုံးဖြန့်ကစားတဲ့ ဒေးဗစ် ဆေးဗားကို အာဆင်နယ် နောက်ခံလူတွေ ထိန်းဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းမှာ အပြန်အလှန် ထိုးဖောက်ကစားခဲ့လို သရေ ဖြစ်နေရာက ဒုတိယပိုင်းစလို့ ၈ မိနစ်လောက်မှာ ဆေးဗားက ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။ အဲဒီဂိုးဟာ ဘာလော့တယ်လီကြောင့် ရသွားတာပါ။ဘာလော့တယ်လီ ဘယ်ခြမ်းကနေ လွတ်လွတ် ကျွတ်ကျွတ် ဆွဲယူလာပြီး အာဆင်နယ်ကစားသမား ဆောင်းကို တချက်လှည့်ကာ ကန်လိုက်တဲ့ အလုံးက ကန်ချက်ပြင်းလို့ ဂိုးသမားဆက်စီနီ လက်ထဲက ပြန်အံကျအလာမှာ ဆေးဗားက အနီးကပ် ပိတ်သွင်းလိုက်တာ ဖြစ်ပါတယ်။
ဂိုးရပြီး နောက်ပိုင်း မန်စီးတီး က တရစပ် တိုက်စစ် ဆင်ခဲ့သလို နာစရီ တကိုယ်တော် ဆွဲထွက်လာတဲ့ဘောလုံးကို ဘာလော့တယ်လီဘက် ထိုးပေးရာမှာ ဂိုးသွင်းဖို့ အသင့်အနေအထား မရှိတာကြောင့် ဒုတိယ ဂိုးရဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
ထို့အတူ အာဆင်နယ်ဟာလည်း တန်ပြန်တိုက်စစ်နဲ့ ပြန်ကစားရာ ဝဲလ်ကော့ရဲ့ ကန်ချက်ကို ဂျိုးဟတ် ပုတ်ထုတ်လိုက်ရသလို၊ ဗန်ပါစီရဲ့ အနီးကပ် ကန်ချက်ကိုလည်း သေသေသပ်သပ် ဖမ်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ခံလူ ဒီဂျိုရူး နာသွားတာကြောင့် လူငယ်ကစားသမား မီကွယ်နဲ့ လူလဲ ကစားခဲ့ရသလို၊ တိုက်စစ်ဆင်ဖို့ ဝယ်ကော့အစား အာရှာဗင်၊ မာတီဆက်ကာ အစား ချာမက်တို့ ဝင်ရောက်ကစားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာလည်း ကစားရှိန်မချဘဲ ဘာလော့တယ်လီ အစား မယ်နာ၊ နာစရီ အစား ဂျက်ကို၊ တိုရေးအစား ဒီဂျွန်တို့ ဝင်ကစားသွားပါတယ်။
ပွဲပြီးခါနီး အာဆင်နယ် အသင်းက ဗာမယ်လန်ရဲ့ ကန်ချက်ကို ဂျိုးဟတ် ပုတ်ထုတ်ခဲ့တဲ့အလုံးကြောင့် ပရိသတ်တွေ မှင်တက်သွားကြသလို မန်စီးတီး နဲ့အာဆင်နယ် အသင်းတို့ရဲ့ ပွဲစဉ်ဟာ မိနစ် ၉၀ ပြည့်လို့ ၄ မိနစ် အပိုထပ်ဆောင်းချိန်ထိပါ ဘောလုံးရသ အပြည့်ပေးနိုင်ခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။
ဘောလုံးပွဲ အပြီးမှာတော့ မန်စီးတီး အသင်းနည်းပြ မန်စီနီက “ကျနော်တို့ ဒီပွဲ အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်၊ အခွင့်အရေးတွေ ကျနော်တို့ ဖန်တီးခဲ့သလို၊ ဆေးဗားကလည်း အသင်းအတွက် အရေးကြီးတဲ့ ဂိုး ကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ကျနော်တို့ ထိပ်ဆုံးနေရာကို ပြန်လည် ရယူနိုင်ခဲ့သလို ချယ်ဆီးကို ရှုံးပြီးနောက် အာဆင်နယ်လို အသင်းကြီးနဲ့ ရင်ဆိုင်ရတာ မလွယ်ကူခဲ့ပေမယ့် ကျနော်တို့ အနိုင်ရဖို့ တက်ညီလက်ညီ ကြိုးစားခဲ့ကြပါတယ်” လို့ ပြောသွားပါတယ်။
အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါး ကတော့ “အခု ရလဒ်ကြောင့် ထိပ်သီး အသင်းတွေကို အမှီလိုက်ဖို့ ခက်သွားပါပြီ။ ဒါပေမယ့် ကျနော်တို့ ကြိုးစားပြီး ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။ အသင်းရဲ့ခြေစွမ်းဟာလည်း ပုံမှန် တိုးတက်လာနေပါပြီ။ ဒီပွဲမှာ တဖက်အသင်း ဂိုးသမား ဂျိုးဟက်က လက်စွမ်းပြခဲ့ပါတယ်” ဆိုပြီး ပြောကြားသွားပါတယ်။
ပွဲပြီးခါနီး မီကာရစ်ချက်ရဲ့ လက်နဲ့ ဘောလုံး ထိသွားတာကိုလည်း အာစင်ဝင်းဂါးက “ကျနော် အဲ့ဒါကို မမြင်လိုက်ပါဘူး၊ ဒါပေမယ့် ဗန်ပါစီကတော့ ဒါဟာ ပင်နယ်တီ လို့ ပြောပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျနော်တို့ အသင်းအတွက်တော့ ကံမကောင်းခဲ့ပါဘူး” လို့လည်း ပြောဆိုသွားပါတယ်။
ပွဲစဉ်မှတ်တမ်း
မန်စီးတီး ၁ – ဝ အာဆင်နယ်
ဘောလုံးပိုင်ဆိုင်မှု
မန်စီးတီး ၅၄% – ၄၆ % အာဆင်နယ်
ဂိုးပေါက်ကန်သွင်းမှု
၉ – ၈
ဂိုးပေါက်လွဲချော်မှု
၆ – ၄
ထောင့်ကန်ဘောရရှိမှု
၄ – ၆
ပြစ်ဒဏ်ဘော
၁၃ – ၁၀