ဒေါ်အောင်ဆန်းစုကြည်ဟာ ဘောလုံး လောက ပြင်ပမှာ အလေးစားဆုံး အားကျရတဲ့ ပုဂ္ဂိုလ်တဦးပါလို့ လီဗာပူးလ် နည်းပြဟောင်းဂျရတ် ဟူလီယာက မကြာသေးခင် ရက်ပိုင်းက ယူရိုစပေါ့သတင်းဌာနနဲ့ မေးမြန်းခန်းတခုမှာ ပြောလိုက်ပါတယ်။

“ဘောလုံးပြင်ပလောကမှာ ကျနော်အလေးစားဆုံး ပုဂ္ဂိုလ်ကတော့ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ သူ့ရဲ့သတ္တိရှိမှု၊ စရိုက်၊ ယုံကြည်ချက် အပေါ်မှာ မားမားမတ်မတ် ရပ်တည်နိုင်တဲ့ လူတယောက် အပေါ်မှာ ခင်ဗျားလည်း လေးစားမှာပဲ။ သူဟာ အမျိုးသမီး တယောက်ဖြစ်တယ်၊ ခေါင်းဆောင်တယောက်လည်း ဖြစ်တယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေက တကယ့်အံ့မခန်းပါပဲ”လို့ သူက ပြော သွားတာပါ။
အသက် ၆၄ နှစ်ရှိပြီ ဖြစ်တဲ့ ပြင်သစ်လူမျိုး ဟူလီယာ ဟာ အင်္ဂလန်နဲ့ ပြင်သစ်က နာမည်ကြီး ကလပ်အသင်းတွေမှာ နည်းပြ လုပ်ခဲ့ ဖူးပါတယ်။
သူ့ရဲ့ အအောင်မြင်ဆုံးအချိန်ကတော့ အင်္ဂလန်ကလပ် လီဗာပူးလ်မှာ နည်းပြလုပ်ခဲ့တဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် တနှစ် တည်းမှာပဲ လီဗာပူးလ်အသင်းအတွက် ဆုဖလား ၅ ခု ယူပေးနိုင်ခဲ့သူပါ။၂၀၀၄ ခုနှစ်မှာတော့ သူ့ရဲ့ကျန်းမာရေး အခြေအနေကြောင့် လီဗာပူးလ် အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။
ဟူလီယာ နည်းပြလုပ်ခဲ့တဲ့ နောက်ဆုံးအသင်းကတော့ အင်္ဂလန်ကလပ် အက်စတွန်ဗီလာ ဖြစ်ပြီး ဒီနှစ် ဇွန်လ ၁ ရက်နေ့မှာပဲ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဘောလုံးလောက ကနေ အနားယူသွားခဲ့ရပါတယ်။
သူရဲ့စွမ်းဆောင်မှုတွေကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ legion d’honneur ဆုနဲ့ အင်္ဂလန်နိုင်ငံရဲ့ OBE ဂုဏ်ထူးဆောင်ဘွဲ့တို့ကို ရရှိထားပါတယ်။