လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ မန်ယူအသင်းရဲ့ လူမည်းဘောလုံးသမား ပက်ထရစ် အီဗရာကို အသားအရောင်ခွဲခြား ဆက်ဆံခဲ့တယ် ဆိုပြီး ၈ ပွဲပယ်ဖို့ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ကအင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်တဲ့အပြင် ဒဏ်ငွေ ပေါင် လေးသောင်း ချမှတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် မယုံနိုင်အောင် ဖြစ်သွားတဲ့ လီဗာပူးအသင်းက သူတို့တိုက်စစ်မှူးဟာ ဒီလို အသားအရောင် ခွဲခြားတတ်သူ မဟုတ်ဘူးလို့ ဘောလုံးအဖွဲ့ချုပ်ကို ချက်ချင်း တုံ့ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့တုန်းက အန်ဖီးမှာ ကန်ခဲ့တဲ့ လီဗာပူးနဲ့ မန်ယူ ၁ ဂိုးစီ သရေကျတဲ့ ပွဲမှာ ဆွာရက်ဇ်နဲ့ အီဗရာနဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး အချင်းများခဲ့ပါတယ်။
အဲဒီတုန်းက အီဗရာရဲ့ အသားရောင် အပေါ်မှာ ရည်ညွှန်းတဲ့ စကားမျိုး ပြောဆိုမိခဲ့တယ် ဆိုတာကိုတော့ ဆွာရက်ဇ်က ဝန်ခံထားပါတယ်။
သူ့နိုင်ငံ ဥရုဂွေးမှာ ဆိုရင်တော့ ဒီစကားမျိုးဟာ လူမျိုးရေးခွဲခြားတဲ့ စကားမဟုတ်ကြောင်း ဆွာရက်ဇ်က စောဒက တက်ခဲ့ပါတယ်။
တပတ်ကြာ ကြားနာအပြီးမှာ ဘောလုံးအဖွဲ့ချုပ်က ဆွာရက်ဇ်ကို အင်္ဂလန် ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် ဆွာရက်ဇ်ကို အယူခံဝင်မယ်ဆိုရင် ဝင်နိုင်ဖို့အတွက် ၁၄ ရက် အချိန် ပေးထားပါတယ်။
ဆွာရက်ဇ်ကတော့ “ဒီနေ့ဟာ ငါနဲ့ ငါ့မိသားစုအတွက် အရမ်း ခံရခက်ပြီး နာကျင်စရာကောင်းတဲ့နေ့ပါ။ ငါ့ကို ထောက်ခံတဲ့ လူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ဒီနေ့ပြောထားပါတယ်။
ဘီဘီစီသတင်းဌာနရဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ မက်လော်ရန်ဆန်ကလည်း ဒီပြစ်ဒဏ်ဟာ အင်မတန် ပြင်းထန်တဲ့ အတွက် ဆွာရက်ဇ်ဟာ ရာသီ ပွဲစဉ် ၂၀ ရာခိုင်နှုန်းကို လွဲချော်မှာမို့ လီဗာပူးအတွက် သတင်းဆိုးပဲလို့ ကောက်ချက်ချပါတယ်။
လီဗာပူးအသင်း အင်တာနက်စာမျက်နှာမှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်ကို ဖော်ပြထားပါတယ်။
၁။ ပရိသတ် ထောင်သောင်းများစွာ အော်ဟစ်နေတဲ့ ကွင်းထဲမှာ နှစ်ဘက်ကစားသမားများ၊ ပွဲကြီးကြပ်သူတွေ နဲ့ကွင်းလယ်ဒိုင်တို့ဟာ ဆွာရက်ဇ် နဲ့အီဗရာတို့ပြောဆိုချက်တွေကို ဘာမှမကြားလိုက်ရပါဘဲ၊ သက်သေမရှိပါဘဲ ဆွာရက်ဇ် အပြစ်ရှိတယ်လို့ ဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်ချက်ချခဲ့တာ ထူးဆန်းနေကြောင်း၊
၂။ အီဗရာရဲ့ ထွက်ဆိုစာမှာ “ လူးဝစ် ဆွာရက်ဇ်သည် လူမျိုးရေးခွဲခြားသူ တယောက်ဖြစ်မည်ဟု မထင်ပါ” လို့ ဝန်ခံထားတာကလည်း ထောက်ပြစရာ ဖြစ်နေကြောင်း၊
၃။ လူးဝစ်ဆွာရက်ဇ် မိသားစုဟာ လူမျိုးခြား နဲ့သွေးနှော နေတဲ့ မျိုးရိုးက လာတဲ့သူ ဖြစ်သလို၊ သူရဲ့အဘိုး တော်စပ်သူ ကိုယ်တိုင်ဟာလည်း လူမည်းတဦး ဖြစ်ကြောင်း၊
၄။ လူးဝစ်ဆွာရက်ဇ်ဟာ နိုင်ငံ လက်ရွေးစင် အဖြစ် ကစားတဲ့ ဥရုဂွေး ပွဲစဉ်တွေမှာလည်း လူမည်းတွေနဲ့ မိသားစုလို စည်းလုံးခဲ့သလို၊ အိုင်းယက် အသင်းမှာ ကန်တုန်းကလည်း လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ အသင်းကို ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း၊
၅။ အီဗရာ ကိုယ်တိုင်ကလည်း ဆွာရက်ဇ်အား ကွင်းအတွင်း စပိန်ဘာသာ စကားဖြင့် ဆဲဆိုမှု ကိစ္စအား ဆွာရက်ဇ်က မိမိ ဘာမှ မကြားခဲ့ဟု ထွက်ဆိုခဲ့ကြောင်း၊ ထိုဆဲဆိုမှုနှင့် ပတ်သက်ပြီး မည်သို့ ပြစ်ဒဏ်ပေးမည်ကို မိမိတို့သိချင်ကြောင်း၊
၆။ လီဗာပူးအသင်း သမိုင်းကြောင်းတလျှောက် လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ခဲ့ကြောင်း၊ ဆွာရက်ဇ် ကိုယ်တိုင်လည်း ၂၀၁၀ ကမ္ဘာ့ဖလားကာလမှာ အသားအရောင် မခွဲခြားရေး ရန်ပုံငွေပွဲအတွက် လုပ်ဆောင်ခဲ့ဖူးကြောင်း၊ ယခုကိစ္စမှာလည်း အီဗရာရဲ့ ပြောကြားမှု တခုတည်းကိုသာ သက်သေ အဖြစ် တွေ့ရှိရကြောင်း
စသဖြင့် လူးဝစ် ဆွာရက်ဇ် အပြစ် ကျူးလွန်ခဲ့တယ်လို့ မယူဆနိုင်ပုံကို လီဗာပူးဝက်ဆိုက်မှာ ရေးသားထားပါတယ်။
ဒီရေ နှင့် ဆောင်းဦးလင်း ပူးတွဲ ရေးသားသည်။