ဗြိတိန်နိုင်ငံမှာ Boxing Day လို့ ခေါ်တဲ့ အများပြည်သူ အားလပ်ရက် ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ လန်ဒန် မြေအောက်ရထား ဝန်ထမ်းများ သပိတ်မှောက်မယ် ဆိုတဲ့ သတင်းကြောင့်အဲဒီနေ့မှာ ကန်ဖို့ စီစဉ်ထားတဲ့ အာဆင်နယ်၊ ချယ်လ်ဆီး စတဲ့ နာမည်ကျော် အသင်းတွေ ပါဝင်ကြမယ့် ပရီးမီးယားလိဂ်ပွဲစဉ်များ ရက်ရွှေ့ဆိုင်းရဖွယ် ရှိနေပါတယ်။

ပွဲကြည့်ပရိသတ်များနဲ့ အသင်း ဝန်ထမ်းများ သွားလာရေးခက်ခဲမှာကို အထူးစိုးရိမ်နေတယ်လို့ နှစ်သင်းစလုံးက ပြောပါတယ်။
အခု လောလောဆယ်မှာတော့ သပိတ်မှောက်မယ့် လန်ဒန် မြေအောက်ရထား ဝန်ထမ်းများနဲ့ လန်ဒန်မြို့ အာဏာပိုင်တွေ ဆွေးနွေးလျက်ရှိပါတယ်။
ကြေညာထားတဲ့အတိုင်း Boxing day သပိတ်မှောက်ပွဲသာ ဖြစ်မြောက်ခဲ့ရင်တော့ လန်ဒန်မြို့ သွားလာရေး ဆိုးဆိုး ဝါးဝါး ဖြစ်ဖို့ သေချာတဲ့အတွက် အာဆင်နယ် နဲ့ ဝုလ်ဗ်စ်တို့ရဲ့ အမ်းမရိတ်စ်ကွင်း ပွဲစဉ်ကို ဒီဇင်ဘာ (၂၇) ရက်နေ့ ရွှေ့လိုက်ဖို့ စီစဉ်ထားပါတယ်။
အာဆင်နယ်ကာ အဲဒီပွဲအတွက် လက်မှတ် ခြောက်သောင်း ရောင်းချထားတာကြောင့် ပွဲကြည့်ပရိသတ်များ ကွင်းလုံးပြည့်အောင် အားပေးကြမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလဟာ ပရီးမီးယားလိဂ် အသင်းများအတွက် ပွဲစဉ်များ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ကာလ ဖြစ်ပါတယ်။ ခရစ်မတ်နေ့နဲ့ နှစ်သစ်ကူး အားလပ်ရက်များကြောင့် ပွဲစဉ်များကို ပုံမှန်လို ရက်သိပ်မခြားဘဲ ကန်ရတာပါ။
ချယ်လ်ဆီးကတော့ လန်ဒန်မြို့ခံ ပြိုင်ဘက် ဖူလ်ဟမ်အသင်းကို စတမ်းဖို့ဒ် ဘရစ်ဂျ်မှာ လက်ခံကစားဖို့ စီစဉ်ထားတာပါ။ အဲဒီပွဲမှာလည်း ပရိသတ်များ ကွင်းလုံးပြည့် သွားရောက် အားပေးကြမယ်လို့ သိရပါတယ်။
အာဆင်နယ် ဝက်ဘ်ဆိုတ်မှာတော့ “ဝုလ်ဗ်စ်အသင်းနှင့် ကန်ရမည့် ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေအရပ်ရပ်ကို စောင့်ကြည့် အကဲခတ်လျက်ရှိသည်။ အာဆင်နယ်အသင်းပရိသတ်များ၊ ဝုလ်ဗ်စ်အသင်းပရိသတ်များ၊ အခြားပွဲကြည့်ပရိသတ်များ၊ ဝန်ထမ်းများ အားလုံး၏ လုံခြုံရေးကို စိုးရိမ်လျက်ရှိသည်” လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ချယ်လ်ဆီးရဲ့ ဝက်ဘ်ဆိုက်မှာလည်း အလားတူ ကြေညာထားပါတယ်။