ပရီးမီးယားလိဂ်ရဲ့ ဒီဇင်ဘာ ပွဲကျပ်ကာလ ရောက်လာပြီဆိုတာနဲ့ အသင်းတွေရဲ့ ပြိုင်ဆိုင်မှုတွေကလည်း ပိုမို ပြင်းထန်လာပါတယ်။ ဒီပွဲကျပ်ကာလကို ရလဒ် ကောင်းကောင်းနဲ့ ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ ရာသီကုန်ရင် အခြေအနေကောင်းလေ့ရှိတာက အစဉ်အလာတခုလို ဖြစ်နေပါပြီ။

မနေ့ညကကန်တဲ့ ပွဲစဉ်တွေမှာတော့ မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်စတဲ့ အသင်းကြီးတွေ နိုင်ပွဲကိုယ်စီရပြီး လီဗာပူးလ်အသင်းကတော့ အဝေးကွင်းမှာ ဝီဂန်အသင်းနဲ့ သရေကျသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်း ၅၁ မိနစ် ပင်နယ်တီရခဲ့ပေမယ့် ကွင်းလယ်လူ ချာလီအဒမ် ကန်သွင်းရာမှာ ဝီဂန်ဂိုးသမား ဟာ့စ်ဘီက ပုတ်ထုတ်ကာကွယ် သွားခဲ့တာပါ။
မန်ယူအသင်းကတော့ ဖူလ်ဟမ်အသင်းကို ခြေအသာ ၅ ဂိုးပြတ်နဲ့ အနိုင်ယူပြီး အတိတ်ဆိုးတွေရှိခဲ့တဲ့ ဖူလ်ဟမ်ရဲ့ အိမ်ကွင်းမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ အဓိကစားသမားများ အနာတရ ဖြစ်နေတဲ့ကြားက အဖိုးတန် ၃ မှတ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဟာ မန်ယူပရိသတ်တွေအတွက် အကောင်းဆုံး ခရစ္စမတ်လက်ဆောင် ဆိုရင်လည်းမမှားပါဘူး။
မန်ယူအသင်းဟာ အဓိက နောက်ခံလူ နှစ်ယောက်ဖြစ်တဲ့ ဖာဒီနန်နဲ့ ဗီဒစ် ဒဏ်ရာရနေတာကြောင့် အီဗန်နဲ့ စမောလင်းကို နောက်ခံဗဟိုမှာ တွဲကစားစေခဲ့ပြီး ဖီးလ်ဂျုံးစ်ကိုတော့ ညာနောက်ခံလူနေရာမှာ ကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဝါရင့်ကစားသမား ဂစ်နဲ့ ကာရစ် တောင်ပံနှစ်ဖက်မှာတော့ ဗလန်စီယာနဲ့ နာနီတို့ ကစားစေခဲ့ပါတယ်။ တိုက်စစ်နေရာမှာတော့ ရွန်နီနဲ့ ဝဲလ်ဘက်တို့က တာဝန်ယူခဲ့တာပါ။ ပွဲစလို့ ၅ မိနစ် အကြာမှာပဲ ဝဲလ်ဘက်က ဗွေဆော်ဦးဂိုး သွင်းယူခဲ့တာပါ။ နာနီက ကွင်းလယ်ဘယ်အခြမ်းကနေ တောက်လျှောက် ဆွဲပြေးလာပြီး မြေလှိမ့်ဘော ဖြတ်ပေးလိုက်ရာမှာ လူကပ်မခံထားတဲ့ ဝဲလ်ဘက်က ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဝဲလ်ဘက်အနေနဲ့ ပြီးခဲ့တဲ့ သုံးလလောက် ဂိုးပေါက်ပျောက်နေခဲ့ပြီး အခုမှ ဂိုးပြန်ရတာလည်းဖြစ်ပါတယ်။
မန်ယူအသင်းဟာ အားထားရတဲ့နောက်ခံလူ ဖီးလ်ဂျုံးစ် ဒဏ်ရာရသွားတာကြောင့် အက်ရှ်လေယန်းနဲ့ အစားထိုးလိုက်ရပါတယ်။ ကွင်းလယ်တောင်ပံ ကစားသမားသုံးယောက်ဖြစ်သွားတာကြောင့် ဖာဂူဆန်ဟာ ဗလန်စီယာကို နောက်တန်းမှာ ကစားစေပြီး နာနီက ညာတောင်ပံကို ပြောင်းကစားခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲလိုက်ပြီးတဲ့နောက် မန်ယူအသင်းရဲ့ ညာတောင်ပံက နာနီနဲ့ ဗလန်စီယာအတွဲကို ဖူလ်ဟမ်က မထိမ်းနိုင်တော့ပဲ ၂၈ မိနစ်မှာ ဒုတိယဂိုး ပေးလိုက်ရပါတယ်။ မန်ယူအသင်းရဲ့ ထုံးစံအတိုင်း ထောင့်ကန်ဘောကို တိုက်ရိုက်မတင်ဘဲ ဗလန်စီယာနဲ့ အပေးအယူလုပ်ပြီး ဂစ် မ တင်ပေးလိုက်တဲ့ ဘောလုံးကို နာနီက ဖူလ်ဟမ်ဂိုးသမားရဲ့ အဝေးထောင့်ကို ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ ဖူလ်ဟမ်အသင်းရဲ့ ဘယ်နောက်ခံလူ ရီဆေးဟာ မန်ယူအသင်းရဲ့ ညာဖက်ခြမ်းတိုက်စစ်ကို လုံးဝမထိန်းနိုင်ဘဲ ပွဲချိန်တလျှောက်လုံး ပေါက်နေခဲ့တာကို တွေ့ရပါတယ်။
ပွဲချိန် ၄၃ မိနစ်မှာတော့ ဗလန်စီယာနဲ့ နာနီ အပေးအယူလုပ်ပြီး နာနီက ဧရိယာထဲ ဆွဲဝင်လာကာ အသာထိုးပေးတဲ့ ဘောလုံးကို ဂစ် ပိတ်သွင်းရာမှာ ဖူလ်ဟမ်နောက်ခံလူ ဆန်းဒရို့စ်နဲ့ ထိပြီး ဂိုးသမား စတော့ဒေးပေါ် ကျော်ပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဒီကနေ့ပွဲမှာ နာနီ၊ ဝဲလ်ဘက်တို့ အထူးခြေစွမ်းပြနိုင်သလို အသက်အရွယ်နဲ့ မလိုက်လောက်အောင် ငယ်မူငယ်သွေး ခြေစွမ်းနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တာက ရိုင်ယန်ဂစ်ပဲ ဖြစ်ပါတယ်။ ဒီတဂိုး သွင်းယူခဲ့တာကြောင့် ဂစ်ဟာ အမှတ်ပေးပြိုင်ပွဲတိုင်းမှာ တနှစ်ကို အနည်းဆုံး တဂိုး သွင်းယူတာ အနှစ် ၂၀ ရှိသွားပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းစတာနဲ့ ဖူလ်ဟမ်အသင်းဟာ ချေပဂိုးရဖို့အတွက် တိုက်စစ်ဆင်ကစားခဲ့ပြီး ပထမ ၁၀ မိနစ်မှာတင် ဂိုးရဖို့အခွင့်အလမ်း ၃ ကြိမ်ရှိခဲ့ပါတယ်။ ဖူလ်ဟမ်တိုက်စစ်မှူးတွေ ဂိုးပေါက်လွဲချော်နေတာရယ်၊ မန်ယူဂိုးသမား လင်ဒီဂတ် ကာကွယ်နိုင်တာကြောင့် မန်ယူအသင်း ဂိုးမပေးရတာဖြစ်ပါတယ်။ မန်ယူကတော့ ပွဲကျပ်ကာလမှာ လူအင်အား ချွေတာတဲ့သဘောနဲ့ ကစားအားချလိုက်ပြီး ဂိုးမပေးရရေးအတွက်သာ ထိန်းကစားသွားတာကို တွေ့ရပါတယ်။
ပွဲချိန် ၅၈ မိနစ်မှာတော့ နာသွားတဲ့ အက်ရှ်လေယန်းနေရာမှာ ပတ်ဂျီဆန်၊ ၇၆ မိနစ်မှာ ဝဲလ်ဘက်အစား ဘာဘာတော့ဗ်တို့နဲ့ လူစားလဲခဲ့ပါတယ်။ မန်ယူအတွက် စတုတ္ထဂိုးကိုတော့ ပွဲကစားချိန် ၈၇ မိနစ်မှာ ဂစ်ထိုးပေးလိုက်တဲ့ ဘောလုံးကို ကွင်းလယ်သာသာကနေ ရွန်နီက အပြင်းကန်သွင်းရာမှာ ဘယ်ဘက်ထောင့်ဂိုးတိုင်နဲ့ ထိပြီးဝင်သွားခဲ့ပါတယ်။
လေးဂိုးပြတ်နဲ့ ပွဲပြီးပြီလို့ ထင်ထားပေမယ့် အချိန်ပိုမှာ ညာခြမ်းက ဗလန်စီယာက လှိမ့်ဘောဖြတ်ခင်းပေးရာမှ အမေ့ခံတိုက်စစ်မှူး ဘာဘာတော့ဗ်က ကိုယ်တခြမ်းလှည့်ပြီး ဖနောင့်နဲ့ပေါက်ကာ သွင်းယူသွားခဲ့လို့ ဖူလ်ဟမ်ဟာ အိမ်ကွင်းမှာ ၅ ဂိုး ဂိုးမရှိနဲ့ လက်ရှိ ချန်ပီယံကို အရှုံးပေးခဲ့ရပါတယ်။ မန်ယူအနေနဲ့ ဒီနေ့ပွဲက အဖိုးတန် ၃ မှတ် ရခဲ့ပေမယ့် အားကိုးရတဲ့ လူငယ်ကစားသမား ဂျုံးစ်နဲ့ ဒဏ်ရာကနေ သက်သာခါစ အက်ရှ်လေယန်းပါ နာသွားခဲ့ရတာကြောင့် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်လို့ ဆိုရမှာပါ။
ပွဲကျပ်ကာလမှာ ဒဏ်ရာရ ကစားသမားအရေအတွက် တိုးလာခြင်းဟာ မန်ယူအတွက် စိုးရိမ်စရာ ဖြစ်ပေမယ့်လည်း မန်ယူရဲ့ ပဲ့ကိုင်ရှင် ဖာဂူဆန်ရဲ့ နည်းဗျူဟာနဲ့ အတွေ့အကြုံတွေကြောင့် ဇယားထိပ်က ၂ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ မန်စီတီးကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ။
ပွဲစဉ် (၁၇) ရလဒ်များ
အက်စတွန်ဗီလာ ၁ – ၂ အာဆင်နယ်
မန်စီးတီး ၃ – ဝ စတုတ်ခ်စီးတီး
အဲဗာတန် ၁ – ဝ ဆွမ်းဆီး
နယူးကာဆယ် ၂ – ၃ ဝက်စ်ဘရွန်း
ကျူပီအာရ် ၂ – ၃ ဆန်းဒါးလန်း
ဖူလ်ဟမ် ၀ – ၅ မန်ယူ
ဝီဂန် ၀ – ဝ လီဗာပူးလ်
ဒီနေ့ ၂၂ ရက် ညမှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ စပါးနဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အဆင့် ၃ နဲ့ ၄ မှာရှိတဲ့ နှစ်သင်းတွေ့တာကြောင့် အကြိတ်အနယ် ပွဲကြီးပွဲကောင်းဖြစ်မှာ အသေအချာပါပဲ။
(ဖြစ်နိုင်ခြေရလဒ်) စပါး ၂ – ၁ ချဲလ်ဆီး