၂၀၁၁ ဟာ လီဗာပူးလ်အသင်း အတွက် အတက်အကျ လှိုင်းတွေနဲ့ လူးလွန့်နေခဲ့တဲ့ နှစ်တနှစ် လို့ ပြောရင် မမှားပါဘူး။ ပရိသတ်က King Kenny လို့ ချစ်စနိုးခေါ်တဲ့ လီဗာပူးလ်ရဲ့သူရဲကောင်းကန်နီဒဲဂလစ်ရှ် အန်ဖီးမှာ နည်းပြဖို့ ပြန်ရောက်လာခဲ့၊ ပရိသတ်အချစ်တော်ကနေ ဗီလန်တဖြစ်လဲ စပိန်တိုက်စစ်မှုး ဖာနန်ဒိုတောရက်စ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးညမှာ ချယ်ဆီး အသင်း လက်ထဲ ပေါင် သန်း ၅၀ နဲ့ စံချိန်တင် ရောင်းချခဲ့၊ အဲဒီနေ့မှာပဲ နယူးကာဆယ် တိုက်စစ်မှုး အန်ဒီကာရိုးကို ပေါင် ၃၅ သန်းနဲ့ ရအောင် ခေါ်ယူခဲ့ပါတယ်။ အေဂျက်စ် တိုက်စစ်မှူး လူးဝစ်ဆွာရက်စ်ကိုလည်း ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ချန်ပီယံလိဂ်ရော ယူရိုပါလိဂ်ပါ ဝင်ခွင့် လွဲခဲ့ရပေမယ့် ဆွာရက်ဇ်ရဲ့ မှော်ဝင်ခြေစွမ်းနဲ့ ချန်ပီယံ မန်ယူအသင်းကို အနိုင်ယူခဲ့တာပါ။ မန်ယူနောက်တန်းကို ဆွာရက်ဇ်ရဲ့ တကိုယ်တော် ကျော်ဖြတ်မှု ရုပ်သံမှတ်တမ်းဟာ ချက်ချင်းပဲ အင်တာနက် စာမျက်နှာ youtube.com မှာ ကြည့်သူဦးရေ များပြားခဲ့သလို သူ့ကို အားပေးတဲ့ ပရိသတ် အများအပြား ပေါ်ထွက်လာပါတယ်။
လီဗာပူးလ်ဟာ ၂၀၁၀ ကုန်ခါနီးကတည်းက ပြဿနာ တပုံတပင်နဲ့ ရုန်းကန်ခဲ့ရတာပါ။ နည်းပြဟောင်း ရွိုင်းဟော့ဒ်ဆန် လက်ထက်မှာ အသင်းရဲ့အခြေအနေ အင်မတန် ဆိုးရွားခဲ့ပြီး တန်းဆင်းဇုန်နားမှာ တဝဲလည်လည် ဖြစ်နေပါတယ်။ ၂၀၁၁ ဇန်နဝါရီ ၄ ရက်မှာ ဘော်တန်ကို နိုင်လိုက်လို့ ရွိုင်ဟော့ဒ်ဆန် အသက်ရှူ ချောင်ခဲ့ပေမယ့် နောက် ၄ ရက်အကြာ ဘလက်ဘန်းကို ၃-၁ နဲ့ ရှုံးခဲ့ပြီး အသင်းကနေ အထုတ်ခံရပါတယ်။ အသင်းကို ဇယားထိပ် ရောက်အောင် ပြန်ကယ်ဖို့ သိပ်မကြာခင်မှာပဲ အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေက ကန်နီဒဲဂလစ်ရှ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်လိုက်ပါတယ်။ အမှောင်ထုထဲ ရောက်နေခဲ့တဲ့ လီဗာပူးလ်အသင်းဟာ စကော့သားကြီး ကန်နီဒဲဂလစ်ရှ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ခဏအတွင်းမှာပဲ ပြန်ဦးမော့နိုင်ခဲ့ပါတယ်။
ဒဲဂလစ်ရှ် ရောက်ရောက်ခြင်း ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ အဓိက တိုက်စစ်မှူး ဖာနန်ဒိုတောရက်ရဲ့ အသင်းပြောင်းရွှေ့ရေး ကြိုးပမ်းမှုတွေပါပဲ။ ဇန်နဝါရီအပြောင်းအရွှေ့ ပိတ်ခါနီးမှာတော့ တောရက်စ်ဟာ အသင်းပြောင်းရွှေ့ခွင့် ပေးရေး စာတင်ခဲ့ချိန်မှာတော့ ဒဲဂလစ်ရှ်က “ဘယ်ကစားသမားကမှ အသင်းထက် ပိုအရေးမကြီးဘူး” လို့ ဆိုပြီး တောရက်စ်ကို ပေါင်သန်း ၅၀ နဲ့ ချဲလ်ဆီးလက်ထဲ ရောင်းချလိုက်ပါတယ်။
တဆက်တည်းမှာပဲ တောရက်စ်နေရာ အစားထိုးနိုင်ဖို့ နယူးကာဆယ်မှာ ခြေစွမ်းပြနေတဲ့ ၂၁ နှစ်သား အင်္ဂလန်တိုက်စစ်မှုး အန်ဒီကာရိုးကို ခေါ်လိုက်ပါတယ်။ သူ့မှာ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် အသင်းရဲ့ နောင်ရေးအတွက် ရအောင် ခေါ်ယူလိုက်တာပါ။
ဟော်လန်လိဂ် အေဂျက်စ်အသင်းက လူးဝစ်ဆွာရက်ဇ်ကို ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း တောရက်စ် ချဲလ်ဆီး အသင်းဆီကို ပြောင်းသွားတဲ့ သတင်းကြောင့် သတိထားမိသူ အများကြီး မရှိခဲ့ပါဘူး။ ဆွာရက်ဇ်ဟာ ပထမဆုံးကစားတဲ့ စတုတ်ခ်နဲ့ပွဲမှာ လူစား ဝင်လာပြီး အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တာကြောင့် လီဗာပူးလ်ပရိသတ်တွေ တောရက်စ်ကို မြန်မြန် မေ့သွားကြတာပါ။ ဒါပေမယ့် အသင်းခေါင်းဆောင် စတီဗင်ဂျာရတ် ဒဏ်ရာကြောင့် ကာလကြာရှည် နားရမယ် ဆိုတဲ့ သတင်းက လီဗာပူးလ် ပရိသတ်အတွက် သတင်းဆိုပါပဲ။ တချိန်တည်းမှာ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ အန်ဒီကာရိုးကလည်း ပုံမှန် ခြေစွမ်းအောက် ရောက်နေပြီး လီဗာပူးလ်အသင်းဟာ ဂိုးရဖို့ ရုန်းကန်ရတဲ့ ပွဲစဉ်တွေ များလာခဲ့ပါတယ်။
၂၀၁၀-၂၀၁၁ ရာသီ အပြီးမှာတော့ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် မှာသာမက ယူရိုပါလိဂ်မှာပါ ဝင်ခွင့် မရခဲ့ပါဘူး။ အသင်းကို အဆင့် (၁၃) လောက်ကနေ အဆင့် (၆) အထိ ပြန်တက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကန်နီဒဲဂလစ်ရှ်ကို လီဗာပူးလ်ပိုင်ရှင်တွေက ယာယီနည်းပြကနေ မန်နေဂျာအဖြစ် ၃နှစ်စာချုပ် ချုပ်လိုက်ကြပါတယ်။

လီဗာပူးလ် ပရိသတ်အတွက် ပြန်ပြောင်း သတိရစရာများ
၁။ ကန်နီဒဲဂလစ်ရှ် အသင်းကို တကျော့ပြန်ရောက်ပြီး မန်ယူနဲ့ အက်ဖ်အေ ဖလားရှုံးထွက်ပွဲမှာ အသင်းနည်းပြအဖြစ် ပြန်လည်ကြီးကြပ်မှုဟာ လီဗာပူးလ် ပရိသတ်အတွက် အင်မတန်လှပတဲ့ မြင်ကွင်းဖြစ်ခဲ့။
၂။ လူးဝစ် ဆွာရက်ဇ်ရဲ့ ပွဲဦးထွက် စတုတ်ခ်နဲ့ပွဲမှာ ဂိုးသမားကို လိမ်ခေါက်၍ ဂိုးသွင်းနိုင်မှုကြောင့် သူ့ကို ဒဲဂလစ်ရှ် နောက်ပိုင်း ပြန်လည် ထွန်းတောက်လာမယ့် ကျောနံပါတ်(၇) ဝတ်ဆင်သူအဖြစ် ဖော်ညွှန်းခဲ့။
၃။ တိုက်စစ်မှူးတဦးဖြစ်တဲ့ ကူရစ်ရဲ့ ဟက်ထရစ်နဲ့ မန်ယူကို အနိုင်ရခဲ့တဲ့ပွဲကတော့ ၂၀၁၀-၂၀၁၁ ရာသီထဲမှာ လီဗာပူးလ် အသင်းရဲ့ အကောင်းဆုံးပွဲလို့ ဆိုနိုင်ခဲ့။
လီဗာပူးလ်ပရိသတ် အတွက် ၂၀၁၁ သတင်းဆိုးများ
၁။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူရိုပါလိဂ်မှာ ပေါ်တူဂီကလပ် ဘရာဂါကို ရှုံးနိမ့်မှုက ကန်နီဒဲဂလစ်ရှ် နဲ့ လီဗာပူးလ် အသင်းအတွက် မျှော်လင့်မထားတဲ့ ရလဒ်ဖြစ်ခဲ့။
၂။ အသင်းခေါင်းဆောင် ဂျာရတ် ဒဏ်ရာကြောင့် ကာလကြာရှည် နားနေရ။
၃။ ဂျာရတ် ဒဏ်ရာရေနေချိန်မှာ အသင်းကို အဓိက မောင်းနှင်နေတဲ့ ဘရာလ်ဇီးလက်ရွေးစင် လူးကပ်စ်ပါ ဒဏ်ရာကြောင့် တရာသီလုံး လက်လွှတ်ခံရ။
၄။ မန်ယူအသင်း ဘယ်နောက်ခံလူ အီဗရာကို လူမျိုးရေးခွဲခြားဆက်ဆံတယ် ဆိုပြီး တိုက်စစ်မှူး ဆွာရက်ဇ်ကို ၈ ပွဲပယ်ဖို့ အက်အေက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ဆုံးဖြတ်ခဲ့။
၂၀၁၀-၂၀၁၁ သူရဲကောင်း (တိုက်စစ်မှူးဆွာရက်စ်၊ ဂိုးသမား ရေနာ)
ဆွာရက်စ်ဟာ လစ်ဗာပူးအသင်း တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို၊ ဂိုးသမား ရေနာ ဟာလည်း အသင်းအတွက် တကယ် အရေးကြီးတဲ့အချိန်တွေမှာ ပြိုင်ဘက် အသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်၊ လီဗာပူးလ်မှမခွာခဲ့ပဲ အသင်းအပေါ် သစ္စာရှိကြောင်း ပြသခဲ့သူပါ။ ဒီနှစ်ဘောလုံးရာသီ မှာ ဂိုးမပေးရတဲ့ပွဲ Clean Sheet (၆) ပွဲ ရှိသလို၊ ၁၆ ပွဲ ကစားပြီးချိန်မှာ ပေးဂိုး ၁၃ ဂိုး သာ ပေးထားရပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ ပေးဂိုး အနည်းဆုံးအသင်း ဖြစ်နေပါတယ်။
၂၀၁၀-၂၀၁၁ အတွက် ဟီးရိုးမှ ဗီလိန် သို့ (တောရက်စ်၊ မီရာလက်စ်)
တောရက်စ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ချယ်ဆီး အသင်းဆီ ပြောင်းသွားသလို၊ ကွင်းလယ်လူ မီရာလက်စ်ဟာလည်း နွေရာသီ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ တောရက်စ် နည်းတူ အသင်း ပြောင်းဖို့ တောင်းဆိုခဲ့တာကြောင့် ပရိသတ် အံ့အားသင့်သွားပါတယ်။ အချစ်ကြီးတော့ အမျက်ကြီး ဆိုသလို လီဗာပူးလ် ပရိသတ်ဟာ ပြိုင်ဘက်အ သင်းဆီကို ပြောင်းရွှေ့သွားတဲ့ တောရက်စ် နဲ့မီရာလက်စ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ကြပါတယ်။ အခုဆိုရင် လာမယ့် ဇန်နဝါရီဈေးကွက်မှာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ တောရက်စ်ကို ပြန်ခေါ်သင့် မခေါ်သင့် အငြင်းပွား နေကြပါတယ်။
၂၀၁၂ ရဲ့ လီဗာပူးလ်အတွက် ကောင်းသောလာခြင်းများ
လီဗာပူးလ်အသင်းဟာ ကန်နီရဲ့ လက်ထက်မှာ တဖြည်းဖြည်း တိုးတက်လာနေပါတယ်။ နွေရာသီ မှာ ဝယ်ခဲ့တဲ့ ဒေါင်းနင်း၊ အဒမ်၊ ဟန်ဒါဆန် တို့ဟာ အသင်းမှာ ဖြည်းဖြည်းချင်း အံဝင်လာသလို၊ ပြီးခဲ့တဲ့နှစ်က ပေးဂိုး များခဲ့တဲ့ နောက်တန်းဟာလည်း ဂျွန်ဆင်၊ စကာတယ်၊ အဂ္ဂါ၊ အင်းနရစ် တို့ ခြေစွမ်းပြမှုတွေနဲ့အတူ ဂိုးသမား ရေနာ ရဲ့ လက်စွမ်း တည်ငြိမ်မှုကြောင့် ပရီးမီးယားလိဒ်မှာ ပေးဂိုး အနည်းဆုံးအသင်း ဖြစ်နေပါတယ်။ ဒါပေမယ့် ပိုင်ရှင်တွေလိုလားတဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက်တော့ မန်စီးတီး၊ မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ်၊ စပါးတို့လို အသင်းကြီး ၅ သင်းနဲ့ ယှဉ်ပြိုင်ရမှာမို့ ခက်ခက်ခဲခဲ လျှောက်လှမ်းရမှာပါ။
တဘက်မှာလည်း ပိုင်ရှင်တွေရဲ့ အသင်းကို ဘယ်လောက် ထောက်ပံ့နိုင်သလဲ ဆိုတဲ့ မေးခွန်းနဲ့ တဆက်တည်း ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူအင်အား ထပ်ဖြည့်နိုင်မှသာ ကန်နီဒဲဂလစ်ရှ်အတွက် လုပ်ရကိုင်ရ လွယ်ကူလာမှာဖြစ်ပါတယ်။ ဂိုးသွင်းအား ကျနေတဲ့ တိုက်စစ်၊ အားထားရတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ပွဲပယ်ခံထားရတယ် ဆိုတော့ ဒီ ဇန်နဝါရီဈေးကွက်မှာ လီဗာပူးလ်အနေနဲ့ တိုက်စစ်မှူးတယောက် ထပ်ဝယ်ရဖို့ အခြေအနေ ဖြစ်နေပါတယ်။
နောက်ဆုံး အနေနဲ့ကတော့ ပိုင်ရှင်တွေ ရည်မှန်းထားသလို၊ ပြီးတော့ ပရိသတ်များ မျှော်လင့်ထားသလို ချန်ပီယံလိဂ် ဝင်ခွင့်၊ ကာလင်းဖလားနဲ့ အက်ဖ်အေဖလားတို့မှာ ရလဒ်ကောင်းအောင် ကန်နီဒဲဂလစ်ရှ် တယောက် စွမ်းဆောင်နိုင်မလား ဆိုတာကိုလည်း ပရိသတ်များက ဆက်လက် စောင့်ကြည့်ကြမှာပါ။