ဥရောပ ကလပ်အသင်းကြီးတွေက ပစ်မှတ်ထားနေတဲ့ ဂျာမန်ကြယ်ပွင့်ကစားသမား မာရီယိုဂေါ့ဇီက အင်္ဂလန်ထက် စပိန်မှာသာ ပိုပြီး ကစားလိုကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂေါ့ဇီဟာ အသက် ၁၉ နှစ်သာရှိသေးပြီး လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ အောင်မြင်ဖို့ အလားအလာအရှိဆုံး လူငယ်ဘောလုံးသမားများထဲမှာ တယောက် အပါအဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က ပေါင်သန်း ၄၀ ခန့် တန်ကြေးရှိတဲ့ ဂေါ့ဇီကို ခေါ်ယူဖို့ အထူးစိတ်ဝင်စားနေကြပါတယ်။
“ကျနော့်အိပ်မက်ကတော့ စပိန်မှာ ကစားချင်တာပါပဲ။ ဘာစီလိုနာ ဒါမှမဟုတ် ရီးယဲလ်မက်ဒရစ်ပေါ့။ ကျနော်က အင်္ဂလိပ်ပရီးမီးယားလိဂ်ထက် စပိန်လာလီဂါကို ပိုနှစ်သက်ပါတယ်။ လာလီဂါက ကျနော့်ကစားပုံနဲ့ပိုပြီး သင့်တော်မယ်လို့ထင်ပါတယ်” လို့ Bild သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
မာရီယိုဂေါ့ဇီဟာ တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ လက်ရှိကစားနေတဲ့ ကလပ်အသင်း ဒေါ့တ်မန်အတွက် ပွဲပေါင်း ၆၈ ပွဲ ကစားပေးထားပြီး ၁၄ ဂိုး သွင်းကာ ၁၉ ဂိုး ဖန်တီးပေးထားပါတယ်။
ချဲလ်ဆီးရဲ့ ချန်ပီယံအိပ်မက် ပြီးဆုံးသွားပြီလား
အိမ်ကွင်းမှာ ဖူလ်ဟမ်နဲ့ သရေကျသွားခဲ့တဲ့ ဘောက်စင်ဒေး ပွဲစဉ်အပြီးမှာ ချဲလ်ဆီးနည်းပြ အင်ဒရေးဗီလာဘိုအားစ်က ချဲဆီးရဲ့ ချန်ပီယံအိပ်မက် ပြီးဆုံးသွားပြီလို့ ဝန်ခံပြောဆိုသွားတာ ဖြစ်ပါတယ်။
“အခုဆိုရင် ထိပ်က နှစ်သင်းနဲ့ ၁၁ မှတ်တောင်ကွာသွားပြီ။ အခု ကျနော်တို့ရောက်နေတဲ့ လက်ရှိနေရာကိုပဲ အာရုံစိုက်ရပါတော့မယ်။ အခုအချိန်မှာတော့ ချန်ပီယံဖြစ်ဖို့က ပြီးဆုံးသွားပြီလို့ ဆိုရမှာပါ” လို့ ဘိုအားစ်က ပြောသွားခဲ့တာပါ။
အသင်းရဲ့ လက်ရှိအနေအထားအရ ပိုင်ရှင် မိုဗစ်ရှ်ရဲ့ ထုတ်ပယ်ခံရမှာကိုတော့ မစိုးရိမ်ဘူးလို့လည်း သူက ဆက်ပြော ပါတယ်။
“တိုက်စစ်မှူးတွေ ဂိုးသွင်းတာ မသွင်းတာနဲ့ သူတို့ခြေစွမ်းကို ကျနော်ဆုံးဖြတ်မှာ မဟုတ်ဘူး။ ပွဲတပွဲမှာ သူတို့ရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်ရှိလဲ ဆိုတာပဲ ကြည့်ရမှာပါ” လို့ တိုက်စစ်မှူး တောရက်စ် နှင့်ပတ်သက်ပြီး သူက ပြောသွားပါတယ်။
အင်္ဂလန်ကို ပြန်လာမယ့် မော်ရင်ဟို
အင်္ဂလန်က နည်းပြဘဝကို သူချစ်မြတ်နိုးတယ်လို့ ချဲလ်ဆီး မန်နေဂျာဟောင်း မော်ရင်ဟိုက ပြောပါတယ်။ သူဟာ မန်ယူအသင်းနဲ့လည်း ချိတ်ဆက်နေပြီး ဖာဂူဆန်အနားယူသွားရင် အစားထိုး ကိုင်တွယ်သွားဖို့ အလားအလာရှိနေပါတယ်။
“ကျနော် အခုလောလောဆယ် ရီးရဲလ်မက်ဒရစ်မှာ ပျော်ရွှင်နေပါတယ်။ ဒီမှာက ကျနော့်အတွက် ကြီးမားတဲ့ အတွေ့အကြုံ ရစေပါတယ်။ ရီးရဲလ်ဟာ ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ကလပ်အသင်းပါ။ ဒီအသင်းမှာ လုပ်နေရတဲ့ အခွင့်အရေးမျိုးကို ကျနော် လက်လွှတ်မခံသင့်ပါဘူး။ ဒါပေမယ့် ကျနော့်ရဲ့ အိပ်မက်က အင်္ဂလန်ပါပဲ။ ဒီကနေ ပြီးသွားရင် နောက်တဆင့်က အင်္ဂလန်မှာ ပြန်ပြီး နည်းပြဖို့ပါပဲ။ သွားဖြစ်တာနဲ့ အဲဒီမှာ ကြာကြာနေဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်” လို့ မော်ရင်ဟိုက ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ဖူးစာဆုံလွန်းနေတဲ့ မဟာပြိုင်ဘက်နှစ်သင်း
စပိန်ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ စပိန်ဘုရင့်ဖလားမှာ ထိပ်တိုက်ဆုံနိုင်ဖွယ် ရှိနေပါတယ်။
ရီးရဲလ်နဲ့ မာလာဂါ နှစ်သင်းက နိုင်တဲ့အသင်းနဲ့ ဘာကာနဲ့ အိုဆာဆူနာ နှစ်သင်းထဲက နိုင်တဲ့အသင်းတွေ့မှာဖြစ်လို့ ဒီ ခါးသီးတဲ့ ပြိုင်ဘက်နှစ်သင်း တွေ့ဖို့ အကြောင်းဖန်ခဲ့တာ ဖြစ်ပါတယ်။
“ဘာစီလိုနာနဲ့ ကန်ရမှာကို ကျနော်တို့ မတွေးထားပါဘူး။ ကျနော်တို့ဟာ ဒီဖလားမှာ မာလာဂါနဲ့ ကန်ရမှာကိုပဲ အာရုံစိုက်ထားပါတယ်” လို့ ရီးရဲလ် အားကစား ဒါရိုက်တာ မင်ဂွယ်ပါဒက်ဇာက ရီးရဲလ်အသင်း ဝက်ဘ်ဆိုဒ်မှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စပိန်ဘုရင့်ဖလား ဖိုင်နယ်မှာလည်း ဒီနှစ်သင်းတွေ့ဆုံခဲ့ပြီး ရိုနယ်ဒိုရဲ့ အချိန်ပိုသွင်းဂိုးနဲ့ ရီးရဲလ်အသင်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ဒီဖလားဟာ မော်ရင်ဟို ကိုင်တွယ်ပြီးတဲ့နောက် ရီးရဲလ်အသင်းအတွက် တခုတည်းသော ဖလားလည်း ဖြစ်ပါတယ်။
ဂွာဒီယိုလာရဲ့ ဘာစီလိုနာအသင်းကတော့ လာလီဂါကို သုံးနှစ်ဆက်ရထားပြီး ချန်ပီယံလိဂ်ဖလားကိုလည်း သုံးနှစ်အတွင်း နှစ်ကြိမ် ရထားပါတယ်။
ဒီရေ ပူးပေါင်းရေးသားသည်။