ဒီ ခရစ္စမတ်မှာ ကစားပုံကောင်းနေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီခြေစွမ်းနဲ့ စိတ်ဓာတ်ကို ဆက်ထိန်းထားနိုင်ရင် ပရီးမီးယားချန်ပီယံ ဖြစ်မယ်လို့ဘယ်နောက်ခံလူ အီဗရာက ပြောပါတယ်။
အရင်လက ၅ မှတ် ကွာဟနေရာကနေ မန်ချက်စတာယူနိုက်တက်ဟာ အခုဆိုရင် မန်စီးတီးနဲ့ အမှတ်တူ အနေအထားနဲ့ ဇယားထိပ်မှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ပွဲအနည်းငယ်က အဓိက ကစားသမား ၁၁ ယောက်လောက် ဒဏ်ရာရနေတဲ့ကြားက နည်းပြ ဖာဂူဆန်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒီလို ခြေစွမ်းပြ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောက်စင်ဒေး ဝီဂန်နဲ့ပွဲစဉ်မှာဆိုရင် ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်နဲ့ ဘယ်နောက်ခံလူ အီဗရာတို့ဟာ ဗဟိုနောက်ခံလူနေရာမှာ ခြေစွမ်းပြ ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။
“ဒါက ယူနိုက်တက်စိတ်ဓာတ်ပါ။ လူတိုင်းဟာ နေရာတိုင်းမှာ ကစားနိုင်တယ်။ ခင်ဗျား ပွဲတပွဲကို နိုင်ချင်တယ်ဆိုရင် ဒီအချက်တွေကို လက်ခံရမယ်လေ။ ဘယ်အသင်းမှာမှ ဒီလိုစိတ်ဓာတ်မျိုး မရှိဘူး။ ဒါကြောင့် ကျနော် ဒီအသင်းမှာ ကစားရတာ အရမ်းဂုဏ်ယူတယ်” လို့ အီဗရာက ပြောပါတယ်။
ဒီအချက်တွေဟာ ခါးသီးတဲ့မြို့ခံပြိုင်ဘက် မန်စီးတီးထက် သာတဲ့အချက်တွေ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။
လုပ်ပွဲတွေနဲ့ ပတ်သက်မှုရှိခဲ့တယ်လို့ ဒိုနီ ဝန်ခံ
အီတလီမှာ လုပ်ပွဲကစားတာတွေဟာ ပိုများလာနေပြီး အီတလီလက်ရွေးစင် ဖြစ်ဖူးသူ အတ္တလန်တာ အသင်းခေါင်းဆောင် ဒိုနီ ပါဝင်ပတ်သက်မှုရှိတယ်လို့ စုံစမ်းစစ်ဆေးချက်အရ သိရခဲ့ပြီး အခုအချိန်မှ ဒိုနီက ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက တန်းတက် အတ္တလန်တာ အသင်းဟာ ၆ မှတ်လျှော့ခံခဲ့ရပြီး ဒိုနီကိုလည်း ၃ နှစ်ခွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
လုပ်ပွဲဖန်တီးသူ တခြားလူ ၁၆ ယောက်ကိုလည်း ရဲက ဖမ်းဆီးထားပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီလုပ်ပွဲတွေဟာ စင်ကာပူနဲ့ ဥရောပအရှေ့ပိုင်း နိုင်ငံတွေက ဒုစရိုက်အဖွဲ့တွေနဲ့ ဆက်နွယ်မှု ရှိတယ်လို့လည်း စွပ်စွဲထားပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက လုပ်ပွဲကစားခဲ့တဲ့ နာမည်ကြီး ဂျူဗင်တပ်အသင်းဟာလည်း အောက်တန်းကို လျှော့ချခံခဲ့ရပြီး အဲဒီအချိန်က သူတို့ရခဲ့တဲ့ ဆုဖလားနှစ်လုံးကိုလည်း ပယ်ဖျက်ခံခဲ့ရပါတယ်။
ယူရို ၂၀၁၂ မှာ စပိန်ကို နံပါတ် (၁) ပေးတဲ့ ဖိလစ်လမ်း
၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးအသင်းအဖြစ် ဂျာမနီအသင်းကို လူတော်တော်များများက ရွေးချယ်ခဲ့ပေမယ့် ဂျာမနီအသင်းခေါင်းဆောင် ဖိလစ်လမ်းကတော့ စပိန်သာ နံပါတ် (၁) ပါလို့ ပြင်သစ်ဘောလုံးဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
“ကျနော်တို့အသင်းရဲ့ ယုံကြည်မှုဟာ အရင်ကထက် ပိုမြင့်မားနေပါတယ်။ ရလဒ်တွေလည်း ကောင်းနေတယ်။ နာမည်ကြီး ဘရာဇီးလ်နဲ့ နယ်သာလန် အသင်းတွေထက်သာအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် စပိန်ကတော့ ပိုပြီးရေပန်းစားပါတယ်။ ဒီယူရိုပြိုင်ပွဲမှာ ဂျာမနီအသင်းကို ဒုက္ခပေးနိုင်မယ့် အသင်း ၆ သင်းထက် မနည်းရှိနေပါတယ်” လို့ ဖိလစ်လမ်းက ပြောခဲ့ပါတယ်။
အခုနောက်ပိုင်းမှာ ဂျာမနီအသင်းဟာ လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း အဆင့် (၃) ရခဲ့ပါတယ်။ နည်းပြ ဂျိုအာချင်လိုးရဲ့ လက်အောက်မှာ ဂျာမနီအသင်းဟာ ခြေစွမ်းထက်လူငယ်တွေ ပေါများလာခဲ့တာပါ။ ရှဝိုင်းစတိုင်ဂျာ၊ ခရီဒရာ၊ အိုဇေး၊ နူဟာ၊ ဂေါ့ဇီ စတဲ့ လူငယ်ကစားသမားလေးတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ခြေစွမ်းပြ ကစားနေကြသူတွေ ဖြစ်ပါတယ်။
ကာကာကို ဈေးကွက်တင်မယ့် ရီးရဲလ်မက်ဒရစ်
ကာကာဟာ ၂၀၀၉ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ အေစီမီလန်ကနေ ရီးရဲလ်ကို ပြောင်းလာခဲ့ပေမယ့် ဒဏ်ရာမကြာခဏ ရနေတာကြောင့် ဘာနေဗျူးမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဒါကြောင့် နည်းပြ မော်ရင်ဟိုဟာ ဂျာမနီလက်ရွေးစင် အိုဇေးကိုပဲ အဓိက အသုံးပြုခဲ့တာကြောင့် ကာကာဟာ အရံခုံမှာ ထိုင်နေရတာ များပါတယ်။
ဒါကြောင့် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ကာကာကို သင့်တော်တဲ့ဈေးနဲ့ ရောင်းထုတ်ဖို့ ရီးရဲလ်က အဆင်သင့် ဖြစ်နေခဲ့တာပါ။
တရားဝင်ကမ်းလှမ်းမှုမျိုးတော့ မရသေးပါဘူး။ ဒါပေမယ့် ယူရို ၂၂ သန်းလောက် ရရင်တော့ ရောင်းထုတ်မယ်လို့ ရီးရဲလ်မက်ဒရစ် အတွင်းလူတဦးက ပြောပါတယ်။
ချဲလ်ဆီး၊ ပီအက်စ်ဂျီနဲ့ အေစီမီလန်တို့ကတော့ လာမယ့်ဇန်နဝါရီမှာ ကာကာ ကိုခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားနေ ကြပါတယ်။
ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက ကာကာကို ဝယ်ဖို့ သူတို့မှာ ပိုက်ဆံရှိတယ်လို့ ဆိုထားပြီး မီလန်ရဲ့ ဘာလူစကိုနီကတော့ ကာကာအတွက် ဆန်စီရိုမှာ နေရာအမြဲရှိတယ်လို့ ဆိုပါတယ်။