၂၀၁၁ ခရီးလမ်းအစမှာ ဖာဂူဆန်နဲ့ မန်ယူအသင်းသားတွေဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ဆာအဲလက်စ် ဖာဂူဆန်ဟာ ပြိုင်ဘက် လီဗာပူးလ်အသင်း စံချိန်တင်ထားတဲ့ အမှတ်ပေးဖလား ၁၈ ကြိမ် ရရှိထားတဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ၁၉ ကြိမ်မြောက် ဖလားကို ရရှိခဲ့တာကြောင့် မန်ယူပရိသတ်တွေအတွက် ဂုဏ်ယူစရာတခု ဖြစ်လာခဲ့ပါတယ်။ အရင်နှစ်များကဆိုရင် လီဗာပူးလ်နဲ့ မန်ယူ တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းလိုလိုမှာ လီဗာပူးလ်ပရိသတ်တွေက “မင်းတို့ ဖလား ၁၈ ကြိမ်ရမှ ပြန်လာခဲ့” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ မန်ယူပရိသတ်တွေကို လှောင်ပြောင်ခဲ့ကြတာပါ။ ဒီနှစ်မှာတော့ မန်ယူပရိသတ်တွေရဲ့အလှည့် ဖြစ်သွားပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ်ဖလား ၁၉ ကြိမ်ရသွားတာကြောင့် “ပရီးမီးယားလိဂ်ဖလား ၁၉ ကြိမ်နဲ့ ငါတို့ပြန်လာပြီ”၊ “မင်းတို့လည်း ၁၉ ကြိမ်ရမှ ပြန်လာခဲ့” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ပြန်လည် လှောင်ပြောင်နိုင်ခဲ့ပါတယ်။
အာရပ်လူမျိုး ဘီလျံနာ ရှိတ်မန်ဆောက မန်စီးတီးကို ဝယ်ယူပြီး အသွင်သစ် ပြောင်းလဲစေတာက မန်ယူပရိသတ်တွေအတွက် စိတ်ပူပန်စရာဖြစ်လာခဲ့ပါတယ်။ တန်ဖိုးကြီး ကစားသမားများစွာကို ဝယ်ယူပြီး ၂၀၁၁ ကုန်ခါနီးမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေမှုကြောင့် မန်ယူ ပရိသတ်တွေနဲ့ မန်ချက်စတာစီတီးရဲ့ ယှဉ်ပြိုင်မှုက ပိုပြီးပြင်းထန်လာပါတော့တယ်။ လတ်တလောအချိန်မှာ မန်ချက်စတာစီးတီးရဲ့ တရှိန်ထိုး တိုးတက်လာမှုတွေဟာ မန်ယူအသင်းနဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့အဆင့်ကို ရောက်နေပါပြီ။ ဒါပေမယ့် အောင်မြင်မှုပိုင်းမှာတော့ မန်ယူကိုမီဖို့ အများကြီးလိုပါသေးတယ်။ မန်ယူပရိသတ် တွေကလည်း ဒါကို “မင်းတို့အသင်းမှာ ပိုက်ဆံတွေပဲရှိတယ်၊ ငါတို့အသင်းမှာ အောင်မြင်မှုတွေ ရှိတယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ လှောင်ပြောင်နေပါတယ်။
ချန်ပီယံလိဂ်နဲ့ မန်ယူ
ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ ဒီနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာသာ အောင်မြင်ခဲ့တာမဟုတ်ပဲ ၄ နှစ်အတွင်း ချန်ပီယံလိဂ်ဖိုင်နယ်ကို ၃ ကြိမ်တိုင် တက်ရောက်နိုင်ခဲ့ပြီး တကြိမ်ဗိုလ်စွဲခဲ့တာက မန်ယူအသင်းရဲ့ အရှိန်အဝါကို ပရီးမီးယားမှာသာမက ဥရောပထိပါ နယ်ချဲ့လာနိုင်ပါတယ်။
ဒါပေမယ့် ၂၀၁၀-၂၀၁၁ ရာသီပြီးဆုံးချိန်မှာတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို ခြေစွမ်းခြင်း မယှဉ်နိုင်ဘဲ ၃ နှစ်အတွင်း ၂ ကြိမ်မြောက် ထပ်မံရှုံးနိမ့်မှုက အသင်းကို သွေးသစ်လောင်းဖို့ အချိန်တန်ပြီဆိုတာ ပြသလိုက်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ခဲ့တဲ့ ဂယ်ရီနယ်ဗီး၊ ပေါစခိုးလ်၊ ဗန်ဒါဆားတို့ ဘောလုံးကစားခြင်းမှ အနားယူသွားသလို ဝက်ဘရောင်း၊ ဂျွန်အိုရှေးနဲ့ အိုဝင်ဟာဂရေ့ဗ် တို့ကိုလည်း အသင်းကနေ ရောင်းထုတ်ခဲ့ပါတယ်။
ဖာဂူဆန်ဟာ ဗန်ဒါဆား နေရာအစားထိုးဖို့ စပိန်လူငယ်ဂိုးသမား ဒီဂီယာကို ခေါ်ယူခဲ့သလို အင်္ဂလန်ရဲ့ လူငယ်လက်သစ် ဖီးလ်ဂျုန်းစ်နဲ့ အက်စတွန်ဗီလာမှာ ခြေစွမ်းပြနေတဲ့ အက်ရှ်လေယန်းတို့ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ကွင်းလယ် အဓိကနေရာဖြစ်တဲ့ ပေါစခိုးလ်နေရာအစားထိုးဖို့တော့ လူမဝယ်ခဲ့ပါဘူး။ အင်တာမီလန်ကစားသမား ရှနိုက်ဒါကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တပတ်ပေါင် ၂ သိန်းခွဲ တောင်းဆိုမှုကြောင့် လက်လျှော့ခဲ့ရပါတယ်။ အဲ့ဒါကြောင့် ဖာဂူဆန်ဟာ တခြား ပရီးမီးယားလိဂ်အသင်းတွေမှာ အငှားသွားကစားခဲ့တဲ့ ကလေဗာလေကို ကွင်းလယ်မှာကစားဖို့ပြန်ခေါ်ယူခဲ့သလို ဒန်နီဝဲလ်ဘက်ကိုလည်း တိုက်စစ်အတွက် ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၁-၂၀၁၂ ရာသီအစပိုင်းဟာ မန်ယူအတွက် ခက်ခဲတဲ့လမ်းတွေ ဖြစ်လာပါတယ်။ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၆-၁ ဂိုးနဲ့အရှက်တကွဲ ရှုံးနိမ့်မှုဟာ ဖျောက်ဖျက်ဖို့ခက်တဲ့ ဒဏ်ရာဖြစ်လာသလို ချန်ပီယံလိဂ်မှာလည်း မထင်မှတ်ဘဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ တဆက်တည်းမှာပဲ နောက်ခံလူ ဗီဒစ်နဲ့ ကွင်းလယ်လူ ဒါရန်ဖလက်ချာတို့ကာလကြာရှည် ဒဏ်ရာရမှုတွေကြောင့် အသင်းဟန်ချက်ကို တည့်မတ်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်လာစေပါတယ်။
မန်ယူ ပရိသတ်အတွက် ၂၀၁၁ ပြန်ပြောင်း ရင်ခုန်စရာများ
- ပြိုင်ဘက်အသင်း လီဗာပူးလ်ရဲ့စံချိန်ကို ကျော်လွန်ပြီး ၁၉ ကြိမ်မြောက် ချန်ပီယံသရဖူကို ဆွတ်ခူးနိုင်ခဲ့ခြင်းက အင်္ဂလန်မှာ အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တယ်။
- ပရိတ်သတ်တွေ ပါးစပ်ဖျားကမချနိုင်တဲ့ ဖြစ်ရပ်တခုကတော့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ရွန်းနီရဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာဟာ ကြည့်ရတဲ့ ပရိသတ်တိုင်း အံ့သြမှင်သက်စရာဖြစ်ခဲ့တယ်။
- အနာဂတ် အင်္ဂလန်အသင်းကို ခေါင်းဆောင်မယ့်လူလို့ လူတိုင်းသတ်မှတ်ထားတဲ့ ဘလက်ဘန်းအသင်း နောက်ခံလူ ဖီးလ်ဂျုန်းစ်နဲ့ အက်စတွန်ဗီလာ တောင်ပံလူ အက်ရှလေယန်း တို့ကို ပြိုင်ဘက်အသင်းတွေနဲ့ အပြိုင်ခေါ်ယူနိုင်ခဲ့တယ်။
- အသင်းရဲ့ သမ္ဘာရင့်ကွင်းလယ်ကစားသမား ရိုင်ရန်ဂစ်ဟာ လက်ရှိအချိန်ထိ ငယ်မူငယ်သွေးပြန်ပြီး ခြေစွမ်းပြနေတာက ပရိသတ်တွေအတွက် ချိုမြိန်တဲ့ လက်ဆောင်ဖြစ်နေပြီး စံချိန်ပေါင်းများစွာ တင်ထားသူ လည်းဖြစ်တယ်။
မန်ယူပရိသတ်အတွက် ၂၀၁၁ အရိပ်ဆိုးများ
- ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘာစီလိုနာ အသင်းကို ၂၀၀၈-၂၀၀၉၊ ၂၀၁၀-၂၀၁၁ ဖိုင်နယ် နှစ်ကြိမ်တွေ့ခဲ့ရာမှာ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့မှုက မန်ယူပရိသတ်များအတွက် နာကြည်းစရာဖြစ်ခဲ့တယ်။
- မြို့ခံပြိုင်ဘက်အသင်းကို အိမ်ကွင်းမှာ ၆-၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဟာ မန်ယူပရိသတ်အတွက် အချိန်အတော်ကြာ ကျန်ရစ်နေမည့်အမာရွတ် ဖြစ်တယ်။
- ဒီနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရမှုနဲ့ ကာလင်းဖလားမှာ ခရစ်စတယ်ပဲလေ့စ် အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်မှုဟာ ဘောလုံးပရိသတ်တိုင်းအတွက် အံ့သြစရာဖြစ်ခဲ့တယ်။
- ပရိသတ်များ ထောက်ပြကြတဲ့ ပေါစခိုးလ်နေရာ အစားထိုးဖို့ ပျက်ကွက်ခဲ့လို့ ကွင်းလယ်ကစားကွက်မှာ အရင်လို ထက်မြက်မှုနည်းနေတယ်။ ရှနိုက်ဒါနဲ့ မိုဒရစ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး
၂၀၁၁ အတွင်း ပရိသတ် အချစ်တော်ဖြစ်လာသူ
ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းလောက်နဲ့ မက္ကစီကိုကလပ် ချီဗက်စ်ကနေ ၂၀၁၀ ခုနစ်ကခေါ်ယူခဲ့တဲ့ မက္ကစီကို တိုက်စစ်မှူး ချီချာရီတိုဟာ သူရဲ့ပွဲဦးထွက်ရာသီမှာ အသင်းအတွက် ဂိုး ၂၀ သွင်းယူနိုင်ခဲ့လို့ ပရိသတ်ရဲ့ အချစ်တော်ဖြစ်လာတယ်။ ချယ်လ်ဆီး၊ အဲဗာတန်အသင်းတွေနဲ့ တွေ့ဆုံမှုတွေမှာ ချီချာရီတိုရဲ့ ဂိုးတွေက မန်ယူအသင်း ၁၉ ကြိမ်မြောက် ဖလားရရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။
မန်ယူရဲ့ လာခြင်းကောင်းသော ၂၀၁၂
၂၀၁၁ ကုန်ခါနီး ဒီဇင်ဘာလပွဲတွေမှာ မန်ယူအသင်းဟာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး မန်ချက်စတာစီးတီး အသင်းနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါပြီ။ တကျော့ပြန် ခြေစွမ်းပြနေတဲ့ ဘာဘာတောဗ့်ဟာ ဂိုးပုံမှန် ပြန်သွင်းနေပြီး မန်ယူအတွက် ၂၀၁၁ ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝီဂန်နဲ့ပွဲမှာ ဟက်ထရစ် ရတဲ့အထိ ခြေစွမ်းပြနိုင်လာတယ်။
အသစ်ဝယ်ယူထားတဲ့ ဂျုန်းစ်ဟာ နေရာစုံကစားနိုင်ပြီး ခြေစွမ်းပြနေသောကြောင့် ဖာဂူဆန်ရဲ့ အားထားစရာ ဝှက်ဖဲတချပ်ဖြစ်လာသလို၊ ရှေ့တန်းမှာ ရွန်းနီ၊ ချီချာရီတို၊ ဘာဘာတော့ဗ်၊ ဝဲလ်ဘက်၊ မိုက်ကယ်အိုဝင်၊ မာချီဒါတို့ဖြင့် တိုက်စစ်အင်အားကောင်းတဲ့ မန်ယူအသင်းဟာ တခြား အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ အမြဲအသင့်ရှိနေပါတယ်။ ဒီဇန်နဝါရီမှာ အတွေ့အကြုံရင့် ကွင်းလယ် ကစားသမားတစ်ယောက် ခေါ်ယူလိုက်နိုင်ပြီဆိုရင် မန်ယူအသင်းဟာ အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးမယ့် အလားအလာကောင်း များရှိပါကြောင်း။