ပရီးမီးယားလိဂ် ရာသီတဝက်အတွက် အင်္ဂလန်အသင်းနဲ့ လိဒ်စ်အသင်း နည်းပြဟောင်း တယ်ရီဗာနေဗယ်ရဲ့ သုံးသပ်ချက်ပါ။
မန်ချက်စတာစီးတီး
မနှစ်တုန်းက အက်ဖ်အေဖလားမှာဗိုလ်စွဲပြီး ပရီးမီးယားလိဂ်မှာ တတိယနေရာရခဲ့လို့ မန်စီးတီးဟာ ထိပ်သီးအဆင့်တခုကို ရောက်လာခဲ့ပါတယ်။ မနှစ်က မန်စီးတီးအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ကားလို့စ် တိဗက်စ် မရှိတော့ပေမယ့် အဂူရိုနဲ့ ဆေးဗားတို့ရဲ့ ခြေစွမ်းပြမှုတွေက မန်စီးတီးရဲ့ ကောင်းမွန်တဲ့ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်စီးတီးအသင်းဟာ အခုဆိုရင် အင်အားကြီးမားတဲ့ အစုအဖွဲ့ တခုဖြစ်နေပါပြီ။ နိုင်ပွဲတွေ ဆက်နေတာကြောင့် နည်းပြ ရောဘတ်တိုမန်စီနီအတွက်လည်း ကစားသမားတွေ လက်လွှတ်ဆုံးရှုံးရဖို့ စိတ်ပူစရာမလိုပါဘူး။
မေလမှာ ပရီးမီးယားလိဂ်အတွက် အောင်ပွဲခံချင်ရင်တော့ အသင်းရဲ့ ဟန်ချက် မပျက်သွားဖို့လိုပါတယ်။
မန်ချက်စတာယူနိုက်တက်
ဒဏ်ရာရကစားသမားတွေ အများအပြားရှိနေပေမယ့် မန်ချက်စတာယူနိုက်တက်က ချန်ပီယံဖြစ်ဖို့အတွက် အရှုံးမပေးဘဲ တိုက်ပွဲဝင်နေပါတယ်။ တကယ်လို့ မန်စီးတီးသာ ခြေချော်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မန်ယူအသင်းအတွက် ဖြစ်သွားမှာပါ။
ပြီးခဲ့တဲ့ ပွဲစဉ်တွေက မန်ယူရဲ့ ဂိုးပြတ်အနိုင်တွေဟာ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဘက်တွေ ကြောက်လန့်နေခဲ့တဲ့ ကျည်ဆံတွေပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက အသစ်ရောက်လာတဲ့ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်၊ ဒီဂီအာ တို့ဟာ မန်ယူအသင်းနဲ့ အံဝင်လာနေပြီး ခြေစွမ်းပြကစားနေသူတွေ ဖြစ်လာနေပါပြီ။ မန်ယူရဲ့ အဓိက ကစားသမား ဝိန်းရွန်နီကလည်း သူ့ရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပြသနေတာကြောင့် အခုဆိုရင် မန်ယူအသင်းဟာ မန်စီးတီးနဲ့ အမှတ်တူ အနေအထားကို ရောက်ရှိနေပါပြီ။
တော့တင်ဟမ်ဟော့စပါး
ဟယ်ရီရက်နပ် အသင်းကတော့ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာမြို့သားတွေလက်ထဲ မရောက်အောင် တားဆီးမယ့် တခုတည်းသော အသင်းဖြစ်နေပါတယ်။ အခုဆိုရင် စပါးအသင်းရဲ့ အလယ်တန်း လူစာရင်းဟာ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ အတောင့်တင်းဆုံးအသင်းထဲက တသင်းဖြစ်နေပါပြီ။ စိုးရိမ်ရတာတခုက စပါးအသင်းဟာ အတွေ့အကြုံနည်းပါးတာပါပဲ။ မန်ယူအသင်းရဲ့ အတွေ့အကြုံ၊ မန်စီးတီးရဲ့ ငွေကြေး စတာတွေကို မယှဉ်နိုင်တာကြောင့် လန်ဒန်သားတွေဟာ ဒီနှစ်သင်းကို ကြာကြာယှဉ်နိုင်မယ်လို့ မထင်ပါဘူး။
၁၉၉၅ နောက်ပိုင်း မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အထက် တတိယနေရာမှာ ရှိနေတာက ဟယ်ရီရက်နပ်ရဲ့ အသင်းအတွက် ကျေနပ်စရာ ရလဒ်တခုပါ။
အဓိကပြောချင်တာကတော့ စပါးအသင်းရဲ့ ဥက္ကဋ္ဌ လီဗိုင်းရဲ့ စွမ်းဆောင်ရည်တွေပါ။ သူဟာ ချဲလ်ဆီးအသင်းရဲ့ မြောက်မြားစွာသောငွေကြေးနဲ့ ကွင်းလယ်လူ မိုဒရစ် အပေါ်ကမ်းလှမ်းလာမှုကို ရဲရဲရင့်ရင့်နဲ့ ပယ်ချခဲ့သူပါ။
အာဆင်နယ်
အာဆင်နယ်ရဲ့ အခုရာသီအဖွင့်ကတော့ မလှပခဲ့ပါဘူး။ မန်ယူအသင်းကို ၈-၂ နဲ့ ဂိုးပြတ်ရှုံး၊ ဘလက်ဘန်းအသင်း ကို ၄-၃ နဲ့ ရှုံးခဲ့ပြီး တန်းဆင်းဇုံထဲမှာ တဝဲလည်လည် ရှိနေခဲ့တာပါ။
ဒါပေမယ့် နောက်ဆုံး ၁၂ ပွဲမှာ ၂ ပွဲပဲ ရှုံးနိမ့်ခဲ့တဲ့ အာဆင်ဝင်းဂါးရဲ့ အသင်းကတော့ အခုဆိုရင် ဇယား ထိပ်ပိုင်းနားကို ပြန်တက်လာပါပြီ။ သူတို့ဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံး ၁၆ သင်းအဆင့်ကို ရောက်နေပြီး အီတလီထိပ်သီး အေစီမီလန်နဲ့ တွေ့ဆုံနေပါတယ်။
လောလောဆယ် ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာအတွက် ချဲလ်ဆီး၊ လီဗာပူးလ် စတဲ့ မဟာပြိုင်ဘက်တွေနဲ့ ယှဉ်နေရပါတယ်။
ဒီအခြေအနေက သူတို့အတွက် ခက်ခဲနိုင်ပေမယ့် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကို ထိန်းထားနိုင်ရင်တော့ သူတို့ ကျော်ဖြတ်နိုင်မှာပါ။
ချဲလ်ဆီး
စတမ်းဖို့ဘရစ်ဂျ်မှာတော့ ကလပ်အသင်းအတွက်ရော မန်နေဂျာအတွက်ပါ အကူးအပြောင်းအချိန်တွေကို ရင်ဆိုင်နေရပါတယ်။ အတွေ့အကြုံနုနယ်တဲ့ နည်းပြသစ် အန်ဒရေးဗီလာဘိုအားစ် အတွက် ထိုင်ခုံလှုပ်နေချိန်လို့ ပြောလို့ရပါတယ်။
အသင်းရဲ့ အမာခံကစားသမားတွေဖြစ်တဲ့ အနယ်ကာကို ရောင်းထုတ်၊ ဒရော့ဘာ ကလည်း ထွက်ဖို့ပြင်နေပြီး ဖရန့်လမ်းပတ်ကတော့ အရံခုံမှာ အချိန်ဖြုန်းနေရတာ များနေပါတယ်။
ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားတဲ့ တိုက်စစ်မှူး တောရက်စ် ခြေစွမ်းပျောက်ဆုံးနေပေမယ့် ရာမီရက်စ်၊ မီရာလက်စ်၊ မာတာနဲ့ စတားရစ်ချ်တို့ ခြေစွမ်းပြနေတာကြောင့် အဆင့် ၄ နေရာအတွက် ယှဉ်ပြိုင်နေတဲ့အဆင့်ကို ရောက်နေတာပါ။
လီဗာပူးလ်
ကင်နီဒဲဂလစ်ရှ် လက်ထက်မှာ ကြိုးကြာနီတွေဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။ လီဗာပူးလ်ရဲ့ အရင်ပိုင်ရှင်တွေဖြစ်တဲ့ တွမ်ဟစ်နဲ့ ဂျီးလတ် လက်ထက်မှာတော့ လီဗာပူးလ်အသင်းဟာ ကမောက်ကမ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ လီဗာပူးလ် ပရီးမီးယားလိဂ်အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်ဖို့ ကြိုးစားနေပါတယ်။ ဆန်းဒါးလန်း၊ နောဝှစ်ချ်၊ ဆွမ်းဆီးတို့ကို အိမ်ကွင်းမှာ အနိုင်မကစားနိုင်ခဲ့တာက အဟန့်အတားဖြစ်နေပါတယ်။
အဓိကတိုက်စစ်မှူး လူးဝစ်ဆွာရက်စ် ပွဲပယ်ခံရမယ့် အခြေအနေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် ဒဲဂလစ်ရှ် အတွက် နှစ်သစ်က ခက်ခဲလွန်းနေပါတယ်။
စတုတ်ခ်စီးတီး
နာမည်ကြီးကစားသမား တယောက်မှမရှိတဲ့ အသင်းငယ်လေးကို နည်းပြ တိုနီပူးလစ်က ဒီအဆင့်ထိ ရောက်လာအောင် ဆွဲတင်နိုင်ခဲ့ပါတယ်။ မနှစ်က ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၃ ရခဲ့ပြီး အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲအထိ တက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ယူရိုပါလိဂ် ရှုံးထွက်အဆင့်အထိ ရောက်နေပြီး ကစားသမားတွေဟာလည်း ပြိုင်ပွဲအတွေ့အကြုံကောင်းတွေ ရနေပြီး စိတ်ဓာတ် တက်ကြွနေပါတယ်။ ပရီးမီးယားလိဂ်မှာလည်း လူလေးစားခံရတဲ့ အဆင့်အတန်းတခုကို ထိန်းထားနိုင်ပါတယ်။
ခုသူတို့ ရပ်တည်နေတဲ့ အဆင့် ၈ နေရာဟာ ဆိုရင် ၁၉၇၄ ခုနှစ် နောက်ပိုင်း အကောင်းဆုံးရရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အဲဗာတန်
ဒေးဗစ်မိုရက်စ် ဘယ်လိုလုပ်နေတာလဲလို့ မေးခွန်းထုတ်ရမှာပါ။ ပိုက်ဆံလည်း မသုံးဘဲ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ယှဉ်ပြိုင်နေနိုင်အောင် သူဘယ်လို စီမံခန့်ခွဲနေတာလဲ။ ကွင်းလယ်ဖန်တီးရှင် မီခေး အာတီတာကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့ပေမယ့် မိုရက်စ်ဟာ အဲဗာတန်အသင်းကို ဒီခရစ္စမတ်မှာ အဆင့် ၁၁ နေရာရောက်အောင် ထိန်းထားနိုင်ပါတယ်။ နောက်လအပြောင်းအရွှေ့ရာသီမှာ သူတို့အသင်းရဲ့ ခြေစွမ်းပြ ကစားသမားတွေကို ထိန်းထားနိုင်ရင် အခုထက်ပိုမြင့်တဲ့ အဆင့်တခုမှာ သူတို့ရပ်တည်နိုင်မှာပါ။
တကယ်လို့ ကစားသမားတယောက်ယောက်ကို လက်လွှတ်ဆုံးရှုံးခဲ့မယ်ဆိုရင်တောင်မှ မိုရက်စ်ဟာ မျက်လှည့်ဆရာတွေအတိုင်း ဦးထုပ်ထဲက နောက်ထပ် ယုန်တကောင်ကို ဆွဲထုတ်ပြဦးမှာပါ။
နယူးကာဆယ်
တကယ်လို့ ကျနော်တို့ဟာ ပရီးမီးယားလိဂ် ရာသီဝက်မှာ အကောင်းဆုံးနည်းပြကို ရွေးချယ်ရမယ်ဆိုရင် ငှက်ကျားတွေရဲ့ နည်းပြ အလန်ပါဂျူးကို လက်ညှိုးထိုးပြရမှာပါ။
လူအများခန့်မှန်းထားသလို တန်းဆင်းဇုံတဝိုက်မှာ တဝဲလည်လည်နေမယ့်အစား ဇယားထိပ်ပိုင်းမှာ ရောက်နေခြင်းက လူတိုင်းကို အံ့သြစေခဲ့တာပါ။ ပါဂျူးရဲ့အသင်းဟာ ကစားကွက်ကောင်းကောင်းနဲ့ အင်မတန်ကောင်းမွန်တဲ့ သူတို့ရဲ့ အိမ်ကွင်းရလဒ်ဟာ တခြားအသင်းတွေအတွက် ခက်ခဲတဲ့ နေရာဖြစ်နေပါတယ်။ ရာသီပြီးဆုံးချိန်မှာ အဆင့်ကောင်းဖို့အတွက်ကတော့ သူတို့ရဲ့ ဗျူဟာကောင်းတွေကို ဆက်လက်ထိန်းထားနိုင်ရပါမယ်။ ဒါပေမယ့် ဒဏ်ရာရသူတွေ ရှိခဲ့ရင်တော့ သူတို့အတွက် မလွယ်ကူနိုင်ပါဘူး။
ဝက်စ်ဘရွန်းဝှစ် အယ်ဘီရွန်
နည်းပြရွိုင်ဟော့ဒ်ဆန်က နည်းပြကောင်းတယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အသင်းရဲ့ ရလဒ်ကောင်းမွန်မှုတွေကို ပြသနေပါတယ်။
ပြီးခဲ့တဲ့ရာသီက တန်းဆင်းရမယ့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ သူတို့ရဲ့ အရှိန်နဲ့ တိုးတက်လာမှုတွေကို ပြိုင်ဘက်အသင်းတွေ သတိထားရမှာပါ။ အရှုံး၊ အနိုင် မျှတမှုတွေကြားမှာ သူတို့ဟာ အခုဆိုရင် အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။ ဒီလို ရလဒ်ကောင်းမွန်မှုကို ထိန်းထားနိုင်ခဲ့ရင်တော့ ဟော့ဒ်ဆန်ဟာ ဝက်စ်ဘရွန်းကို အဆင့် ၁၀ တွင်းရောက်အောင် စွမ်းဆောင်နိုင်မှာပါ။
ဆန်းဒါးလန်း
နည်းပြဟောင်း စတိဗရုစ် လက်ထက် ရလဒ်ဆိုးဝါးခဲ့မှုတွေကို ချေဖျက်ပြီး နည်းပြသစ် မာတင်အိုနေးလ်ရဲ့ စွမ်းဆောင်မှုတွေနဲ့အတူ ဆန်းဒါးလန်းရဲ့ ပြန်လည်နိုးထမှုတွေကို မြင်တွေ့နေရပါတယ်။ နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲအနိုင်ရခဲ့ပြီး ဇယားထိပ်ကို တက်လှမ်းဖို့ တာစူနေပါပြီ။ ဒါပေမယ့် ၂၀၁၁ ခုနှစ် အိမ်ကွင်းမှာ ကန်တဲ့ပွဲတွေမှာ လေးပွဲပဲ အနိုင်ရခဲ့တာကို အိုနေးလ် အနေနဲ့အမြန်ဆုံး ပြင်ဆင်ဖို့ လိုနေပါတယ်။
ဘလက်ဘန်း၊ ကျူပီအာရ် တို့နဲ့ကန်တဲ့ ပွဲစဉ်တွေကလို ပွဲပြီးခါနီးမှာ အနိုင်ယူတတ်တဲ့ ရလဒ်တွေကို ထိန်းထားနိုင်မယ်ဆိုရင်တော့ ဆန်းဒါးလန်းအတွက် အိုကေတယ်လို့ ပြောရမှာပါ။
အက်စတွန်ဗီလာ
မြို့ခံပြိုင်ဘက် ဘာမင်ဂမ်အသင်းကနေ ပြောင်းလာတဲ့ နည်းပြ အဲလက်စ်မက်လစ်ရှ် အတွက်ကတော့ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နေရဆဲပါ။ အသင်းက အားထားရတဲ့ ဒေါင်းနင်း၊ အက်ရှ်လေယန်း၊ ဖရီဒယ်တို့ ထွက်ခွာ သွားမှုက အသင်းကို အများကြီး အားနည်းသွားစေခဲ့ပါတယ်။ နောက်ဆုံး ၁၀ ပွဲမှာ ၈ မှတ်ပဲ ရခဲ့တာက တန်းဆင်းရမယ့် အနံ့ထွက်နေပါတယ်။
ဒါပေမယ့် တဖက်မှာဆိုရင် တိုက်စစ်မှူး ဒါရင်းဘန့်ရဲ့ ဂိုးမြူးနေမှုနဲ့ ပြစ်ဒဏ်ဘောတွေမှာ သူတို့နောက်တန်းရဲ့ ဖျက်ထုတ်နိုင်မှုတွေက သူတို့အတွက် မျှော်လင့်ချက် အငွေ့အသက်တွေပါ။
ဆွမ်းဆီးစီးတီး
ဆွမ်းဆီးရဲ့ လေဘာတီကွင်းက တခြား ပရီးမီးယားလိဂ် အသင်းတွေအတွက် မသွားသင့်တဲ့ နေရာတခု ဖြစ်နေပါတယ်။
သူတို့ဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ အဝေးကွင်းပွဲစဉ် တပွဲမှ အနိုင်မရထားပေမယ့် အိမ်ကွင်းရလဒ်ကတော့ ကောင်းမွန်နေပါတယ်။ နည်းပြ ဘရန်ဒန်ရော်ဂျာအတွက် အဓိက စိုးရိမ်ရမှာကတော့ တိုက်စစ်ပိုင်း အားနည်းမှုတွေပါပဲ။ ဒီရာသီမှာ သူတို့အသင်းဟာ ၁၆ ဂိုးပဲ သွင်းထားနိုင်ပါသေးတယ်။
ဒါပေမယ့် မန်ယူနဲ့အတူ ပေးဂိုးမရှိ ပွဲစဉ်အများဆုံး ရပ်တည်နေနိုင်တာက သူတို့အတွက် အကောင်းဆုံး ရလဒ်တခုပါ။
နောဝှစ်ချ်စီးတီး
တန်းတက်လာပြီး နောက်နှစ်ပြန်ဆင်းရတဲ့ ထုံးစံအတိုင်း တန်းတက် နောဝှစ်ချ်အသင်း ပြန်လည်တန်းဆင်းရမှာ ဖြစ်တယ်လို့ လူအများ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် နည်းပြ ပေါလ်လမ်ဘတ်ကတော့ ငယ်ရွယ်ပြီး ထူးချွန်တဲ့ နည်းပြတယောက်ဖြစ်တယ်ဆိုတာကို ပြသပြီး နောဝှစ်ချ်ကို အဆင့် ၉ ရောက်အောင် စွမ်းဆောင်ထားပါတယ်။ သူတို့ ဒီအဆင့် ဒီအနေအထားရောက်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။
ဒါပေမယ့် တိုက်စစ်မှာ မော်ရစ်ဆန်နဲ့ ဟော့ တို့ ခြေစွမ်းပြနေတာကြောင့် သူတို့အသင်းဟာ ထိပ်တန်းအဆင့်မှာ ရပ်တည်နေပါတယ်။
ဖူလ်ဟမ်
ဖူလ်ဟမ်အသင်း ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရတာက နည်းပြ မာတင်ဂျိုးလ်အတွက် သက်သာသွားစေတယ်လို့ ပြောရမှာပါ။ ရာသီအစပိုင်းမှာ ဖူလ်ဟမ်အသင်းသားတွေဟာ ပွဲပမ်းတဲ့ဒဏ်ကို အလူးအလဲ ခံခဲ့ရပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ သူတို့ဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့အတွက် အာရုံစိုက်လာနိုင်ပါပြီ။
ဒါပေမယ့် သူတို့အတွက်တော့ မလွယ်ကူပါဘူး။ အိမ်ကွင်းမှာ မန်ယူကို ၅-၀ နဲ့ ရှုံးခဲ့ပြီး ဒါဟာလည်း ၁၉၆၈ မှာ လိဒ်စ်ယူနိုက်တက်ကို ၆-၀ နဲ့ ရှုံးပြီးနောက်ပိုင်း အဆိုးရွားဆုံး ရလဒ်ဖြစ်ပါတယ်။
သူတို့ဟာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးရအနည်းဆုံးအသင်းဖြစ်ပြီး ၈ ပွဲမှာ ၄ ဂိုးပဲ ရထားပါတယ်။
ကွင်းပက်ခ်ရိန်းဂျား
ပရီးမီးယားလိဂ်မှာ အသက်ဆက်နိုင်ဖို့ဆိုရင် နည်းပြ နေးလ်ဝါးနော့ခ်ဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ လူသစ်ထပ်ဝယ်မှရမှာပါ။
သူတို့ရဲ့ အိမ်ကွင်းမာကျောမယ်လို့ ထင်ခဲ့ပေမယ့် အိမ်ကွင်းမှာ ၁ ပွဲပဲ နိုင်ထားပြီး အဝေးကွင်းမှာ ၃ ပွဲ နိုင်ထားပါတယ်။ ပြီးတော့ သူတို့ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး အနည်းဆုံးအသင်း ဖြစ်တာက စိုးရိမ်စရာပါ။ ဒါကိုသိတဲ့ အသင်းပိုင်ရှင် တိုနီဖာနန်ဒက်စ်ကလည်း သူတို့အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့ ဒီဇန်နဝါရီမှာ ငွေသုံးမယ်လို့ ကတိပေးထားပါတယ်။
ဝုဗ်ဗာဟန်တန်ဝမ်းဒါးရား
ဝုဗ်နည်းပြ မက္ကာသီဟာ စကားကိုတည့်တည့်ပြောတယ်။ အဓိပ္ပာယ်မရှိတာ မလုပ်ဘူး။ ဘောလုံးအားကစားပေါ် သံယောဇဉ်ရှိတဲ့ လူတယောက်ပါ။ ပရီးမီးယားလိဂ်မှာ သူ့လို နည်းပြမျိုး များများရှိဖို့ လိုအပ်ပါတယ်။ သူ့ရဲ့အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့မယ်လို့ မျှော်လင့်တယ်။
မနှစ်က အတွေ့အကြုံအရဆိုရင် သူတို့ဟာ နောက်ဆုံးပွဲစဉ်အပြီးမှာမှ တန်းဆင်းဇုံကနေ လွတ်မြောက်ခဲ့တာပါ။
မက္ကာသီရဲ့ ဝုဗ်အသင်းဟာ အခုဆိုရင်လည်း တန်းဆင်းဇုံကနေ လွတ်အောင် အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ အသင်းဖြစ်ပါတယ်။
ဝီဂန် အက်သလက်တစ်
ရောဘတ်တိုမာတီနက်ဇ် ဟာ ဥရောပက အသက်ငယ်ပြီး အရည်အချင်းရှိတဲ့ နည်းပြတွေထဲက တယောက်ပါ။ တနေ့ကျရင် သူဟာ အသင်းကြီးတသင်းမှာ ရောက်နေမယ်လို့ အကြွင်းမဲ့ယုံပါတယ်။
ဝမ်းနည်းစရာကောင်းတာက သူ့ရဲ့ ရာဇဝင်ထဲမှာ တန်းဆင်းထားရတဲ့ အတွေ့အကြုံတခု ရှိနေပါတယ်။ လက်ရှိမှာတော့ ဝီဂန်အသင်းကို တန်းဆင်းဇုံကနေ လွတ်အောင် သူ ကြိုးစားနေပြီး မနှစ်ကလို အောင်မြင်မှုမျိုး ရမလားဆိုတာကတော့ ပြောရခက်ပါတယ်။
ဝီဂန်အသင်းဟာ တန်းဆင်းရနိုင်တဲ့ အသင်းတွေထဲက တသင်းဖြစ်နေပြီး ဝုဗ်၊ ကျူပီအာရ်၊ ဖူလ်ဟမ်နဲ့ အခြားတသင်းသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘော်လ်တန်ဝမ်းဒါးရား
ဘော်လ်တန်အသင်းရဲ့ ခက်ခဲတဲ့ရာသီလို့ ခန့်မှန်းထားတဲ့အတိုင်း သူတို့ ဖြတ်သန်းနေရပါတယ်။ ဘော်လ်တန် ပရိသတ်တွေအတွက်တော့ စိတ်မကောင်းပါဘူး။ နည်းပြ အိုဝင်ကွိုင်လီဟာ မနှစ်က အံ့ဖွယ်ရလဒ် ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ နဲ့ အက်ဖ်အေဖလားမှာ အကြိုဗိုလ်လုပွဲ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
တိုက်စစ်မှူးတွေဖြစ်တဲ့ အယ်မန်းဒါးနဲ့ စတားရစ်ချ်တို့ ထွက်ခွာသွားမှု လီချူးယောင်၊ တိုင်ယွန်မီးရားတို့ရဲ့ ဒဏ်ရာ ရမှုတွေက သူတို့အသင်း တန်းဆင်းဖို့ ဖန်နေတယ်လို့ ဆိုရမှာပါ။ ဘော်လ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ခံစစ်အညံ့ဆုံးအသင်းရှိပြီး ပေးဂိုး ၃၉ ဂိုးရှိပါတယ်။
နောက်လဆိုရင် အားထားရတဲ့ နောက်ခံလူ ကာဟေးလ်လည်း ချဲလ်ဆီးကို ပြောင်းဖို့များနေတာကြောင့် သူတို့ အနာဂတ်က မတွေးရဲစရာပါပဲ။
ဘလက်ဘန်း
နည်းပြ စတိဗ်ကင်းကို ဝမ်းနည်းပါတယ်လို့ ပြောရမှာပါ။ ပြုတ်စော်နံနေပြီဖြစ်တဲ့ သူနဲ့သူ့အသင်းရဲ့ ရလဒ်တွေကလည်း ဆိုးရွားလွန်းနေပါတယ်။ ကစားသမားတွေက နည်းပြဘက်ကရှိတယ်၊ အသင်းရဲ့ ပရိသတ်တွေကတော့ နည်းပြကို ထုတ်ပယ်စေချင်တဲ့ အခြေအနေက အသင်းရဲ့ အဓိက အက်ကွဲကြောင်း ဖြစ်နေပါတယ်။ ကင်းဟာ လွန်ခဲ့တဲ့တနှစ် တာဝန်စယူတဲ့ အချိန်ကတည်းက ဖြစ်နိုင်ခြေ ၁၁၄ မှတ်မှာ ၃၂ မှတ်သာ ရအောင် လုပ်နိုင်တာက သူ့ကို ထုတ်ပစ်ဖို့ အသံတွေ ဆူညံလာတာ ဖြစ်ပါတယ်။
မနှစ်ကဆိုလည်း နောက်ဆုံးပွဲစဉ်ကျမှ တန်းဆင်းရမယ့် အန္တရာယ်က လွတ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လွတ်လမ်းမမြင်ပါဘူး။
Source: The Sun