ငှက်ကျားတွေကို သူရဲနီတွေ ဂိုးပြတ်ရှုံး
ယနေ့နံနက်စောစော မြန်မာစံတော်ချိန် ၂ နာရီခွဲအချိန်မှာ ၂၀၁၁-၂၀၁၂ ပရီမီယာလိဂ်ရဲ့ ဒုတိယရာသီဝက် အစဦးဆုံး အဖွင့်ပွဲစဉ်မှာလက်ရှိချန်ပီယံ သူရဲနီများဟာ အိမ်ကွင်း မာကျောလှတဲ့ ငှက်ကျားတွေကို အနိုင်မယူနိုင်ဘဲ ၃ ဂိုးဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးနိမ့်ကာ အမှတ်ဗလာဖြင့် အိမ်ပြန်ခဲ့ရပါတယ်။
မန်ယူရဲ့ သူရဲနီများဟာ ဘောလုံးရာသီ ပထမပိုင်း နောက်ဆုံးနေ့တုန်းကလည်း တန်းဆုံးဇုန်မှာ သံသရာလည်နေတဲ့ ဘလက်ဘန်းလို အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၂ ဂိုး ၃ ဂိုးနဲ့ ဒီရက်ပိုင်းလေးတင် ရှုံးထားပါသေးတယ်။ ဒါကြောင့် မန်ယူပရိသတ်များက နယူးကာဆယ်ရဲ့ ငှက်ကျားတွေရဲ့ပွဲမှာ လိုအပ်တဲ့ အမှတ် ၃ မှတ်ကို ရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ အမျှော်လင့်ကြီး မျှော်လင့်အားခဲထားကြတာပါ။
ဒီလို အားခဲရတာကလည်း လီဗာပူးလ်ကို ၃း၀ နဲ့ အပြတ်ဆော်ပြီး ဇယားထိပ်မှာ ၃ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ မန်စီတီးကို လိုက်မီဖို့ လိုနေတယ်မဟုတ်လား။ ဒီလိုလိုက်မီမှသာလျှင် လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအပြင် အကြိမ် ၂၀ မြောက် အမှတ်ပေးချန်ပီယံဆိုတဲ့ ဘယ်သူမှ လိုက်မမီနိုင်တဲ့ စံချိန်သစ်ကိုလည်း တင်နိုင်မှာမို့ပါ။
ဒါကြောင့် ပွဲစလျှင် စချင်းပဲ နှစ်သင်းစလုံးဟာ လျင်လျင်မြန်မြန် သွက်သွက်လက်လက် ကစားခဲ့ကြပါတယ်။ အတွဲညီညီ အချိတ်အဆက်မိမိနဲ့ သူတပြန် ကိုယ်တပြန် ထိုးဖောက်ကစားမှုများက ပြင်းထန်လွန်းလှပါတယ်။ ဥရောပ ပြိုင်ပွဲများအထိ မျှော်လင့်ချက်ထားနေတဲ့ ငှက်ကျားများကလည်း သူရဲနီများကို သူတင်ကိုယ်တင် ကောင်းကောင်း ကစားနိုင်တဲ့အပြင် ဒဏ်ရာများက နှိပ်စက်နေလို့ ကွင်းလယ်နဲ့ နောက်တန်း အားနည်းနေတဲ့ မန်ယူရဲ့ ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်စွမ်း ရှိခဲ့တာကို တွေ့ရပါတယ်။
ဒီနေ့ပွဲမှာ နယူးကာဆယ်အသင်းက ဂိုးမြူးနေသူ ဒမ်ဘာဘ အထူးခြေစွမ်းပြ ကစားနိုင်သလို ငှက်ကျားတို့ရဲ့ ကွင်းလယ်ကလည်း အသာစီးယူထားနိုင်တာကို တွေ့ရတယ်။ ဒါ့အပြင် သရဲနီတို့ရဲ့ ဂိုးသွင်းဖို့ အားထုတ်မှုတွေကိုလည်း နယူးကာဆယ် နောက်တန်းက အသေအချာ ရှင်းထုတ်နေနိုင်တာကြောင့် ရွန်းနီ၊ ဘာဘာတော့ဗ်၊ နာနီ၊ ဗလန်စီယာ၊ ပတ်ဂျီဆန် စတဲ့ သူရဲနီတပ်သားများဟာ လိုအပ်နေတဲ့ အမှတ်သုံးမှတ်အတွက် စွမ်းဆောင်မှု မပြုနိုင်ခဲ့ကြပါဘူး။
ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးတုန်းက ခြေစွမ်းပြပြီး ပြန်လည်ဂိုးမြူးလာခဲ့တဲ့ ဘာဘာတော့ဗ်လည်း ဒီကနေ့တော့ အလုပ်မဖြစ်တာကို တွေ့ရပါတယ်။ မန်ယူအတွက် မရှိမဖြစ် ရွန်းနီလည်း ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ ပထမပိုင်း ၃၃ မိနစ်အရောက်မှာ ဒမ်ဘာဘက မန်ယူဂိုးပေါက်ထဲကို လှလှပပ သွင်းယူပေးခဲ့တာကြောင့် နယူးကာဆယ်တို့ အဖွင့်ဂိုးကို ရရှိသွားခဲ့ပါတယ်။ ဒီဂိုးရဖို နယူးကာဆယ်ဂိုးသမား အဝေးက ကန်တင်ပေးတာကို အမ်မီယိုဘီက ဘီကုတ်စက်ဝိုင်းထိပ်ကနေ သူရဲနီတို့ရဲ့ ဂိုးဧရိယာအထဲကိုကို ခေါင်းတိုက်ချပေးလိုက်တာဖြစ်ပြီး ပင်နယ်လ်တီ ဧရိယာထဲမှာ ရှိနေတဲ့ ဒမ်ဘာဘက မန်ယူ နောက်ခံလူ ရီယိုဖာဒီနန် မတားဆီးနိုင်လိုက်မီလေးမှာ မန်ယူ ဂိုးထောင့်ထဲကို ကိုယ်ကိုလှည့်ပြီး ပတ်ကန်သွင်းလိုက်တာပါ။
အနိုင်မျှော်လင့်ချက်နဲ့ လာခဲ့တဲ့ ဧည့်သည်သူရဲနီတို့ဟာ တဂိုးပေးလိုက်ရချိန်မှာတော့ ပိုမို လှုပ်လှုပ်ခတ်ခတ် ပြင်းပြင်းထန်ထန် ကစားကာ ချေပဂိုးရရှိရေး ကြိုးပမ်းခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာဘဲ သူရဲနီ နောက်ခံလူ ဖီးလ်ဂျုံးစ်က ငှက်ကျားတို့ရဲ့ ဒမ်ဘာဘကို ပြစ်ဒဏ်ကျူးလွန်လိုက်တာကြောင့် ဖရီးကစ် ပေးလိုက်ရပါတယ်။ ဒီဖရီးကစ်ကို ကာဘာရေးက အဝေးကြီးကနေ ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်လိုက်တာကြောင့် နယူးကာဆယ်တို့ ၂ ဂိုးဂိုးမရှိနဲ့ ဆက်လက် ဦးဆောင်နိုင်သွားပါပြီ။
အမှတ်ဗလာအပြင် ဂိုးပါပြတ်နေတာကြောင့် မန်ယူနည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ဒုတိယပိုင်း ၅၆ မိနစ်မှာ ဘာဘာတော့ဗ် အစား ဝဲလ်ဘက်ခ်၊ ၆၅ မိနစ်မှာ ပတ်ဂျီဆန်အစား ဟာနန်ဒက်ဇ်နဲ့ ၇၄ မိနစ်မှာ ဝိန်းရွန်နီအစား အန်ဒါဆန်တို့ကို လူစားလဲလှယ်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဖြေက မပြောင်းလဲတဲ့အပြင် မိနစ် ၉၀ အရောက်မှာတော့ နယူးကာဆယ် ကွင်းတဝက်ကနေ နယူးကာဆယ်ဂိုးသမား ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မန်ယူနောက်တန်းက ဖီးလ်ဂျုံးစ်က ရှင်းထုတ်ရာမှာ မန်ယူဂိုးသမား လင်ဒီဂတ်နဲ့နားလည်မှုလွဲပြီး ကိုယ့်ဂိုးကိုယ် ခေါင်းတိုက်သွင်းလိုက်မိလို့ ဒီနေ့အဖို့ နယူးကာဆယ်အသင်းက မန်ယူအသင်းကို ၃ ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အိမ်ကွင်းမှာ နှိပ်ကွပ် ချေမှုန်းနိုင်ခဲ့ပါတော့တယ်။
တခြား ပရီမီယာလိဂ် ပွဲစဉ်တခုမှာတော့ အဲဗာတန် အသင်းနဲ့ ဘော်လ်တန် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ ဧည့်သည် ဘော်လ်တန်အသင်းက အိမ်ရှင် အဲဗာတန်ကို ၂ ဂိုး ၁ ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
တောင်းပန်စကားဆိုတဲ့ လူးဝစ်ဆွာရက်ဇ်
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက ပက်ထရစ်အီဗရာကို လူမျိုးရေးခွဲခြားပြီး စော်ကားပြောဆိုမှုကြောင့် ၈ ပွဲပယ် ပြစ်ဒဏ်ချခံရပြီးနောက်မှာ တောင်းပန်စကားဆိုလိုက်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်ဟာ အီဗရာကို တိုက်ရိုက်တောင်းပန်ခဲ့တာတော့ မဟုတ်ပါဘူး။
“နီဂရိုးလို့ အဓိပ္ပာယ်ရတဲ့စကားလုံးကို စပိန်လို ပြောခဲ့တဲ့အကြောင်း စုံစမ်းရေးအဖွဲ့ရှေ့မှောက်မှာ ကျနော် ဝန်ခံခဲ့ပါတယ်။ တကယ်တော့ ကျနော် တခါတည်း ပြောမိတာပါ။ ပြီးတော့ ဘယ်သူ့ကိုမှ စော်ကားပြောဆိုချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျနော်ပြောခဲ့တဲ့ စကားကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်ဆိုရင် ကျနော် တောင်းပန်ပါတယ်။ ဒီစကားလုံးကို အင်္ဂလန်မှာ ကျနော်ရှိနေသရွေ့ မသုံးတော့ပါဘူးလို့လည်း စုံစမ်းရေးအဖွဲ့ဝင်များကို ပြောပြီးပါပြီ” လို့ ဆွာရက်ဇ်က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ဆွာရက်ဇ်ဟာ နီဂရိုးဆိုတဲ့စကားလုံးကို ၂ မိနစ်အတွင်း ၇ ကြိမ် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဆွာရက်ဇ်ဟာ အခြေအမြစ်မရှိတဲ့ သက်သေအထောက်အထားတွေ ပြခဲ့တယ်လို့လည်း ပြစ်တင်ဝေဖန်ထားပါတယ်။ လီဗာပူးလ်အသင်းကတော့ ၈ ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်တော့မှာ မဟုတ်ပေမယ့် စုံစမ်းရေးအဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အဲဒီအဖွဲ့ရဲ့ အမှုကိုင်တွယ်စီရင်ပုံဟာ မျှတမှုမရှိကြောင်း ပြန်လည်ဝေဖန်ခဲ့ပါတယ်။
ကာကာနဲ့ပါတိုကို ခေါ်ယူဖိ့ု အစီအစဉ်မရှိတဲ့ အန်ဆယ်လော့တီ
ဘရာဇီးလ်သားနှစ်ယောက်ဖြစ်တဲ့ ကာကာနဲ့ ပါတိုတို့ကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ PSG အသင်းရဲ့ နည်းပြသစ် အန်ဆယ်လော့တီက ပြောလိုက်ပါတယ်။ အာရပ်ရေနံသူဌေးများ မကြာခင်က ဝယ်ယူလိုက်တဲ့ PSG အသင်းဟာ ဘောလုံးသမားအသစ်တွေ ဖြည့်တင်းဖို့ ငွေကြေးအင်အား အလုံအလောက်ရှိနေပါတယ်။ ဒါကြောင့်လည်း အန်ဆယ်လော့တီကို နည်းပြအသစ်အဖြစ် ခန့်အပ်ပြီးတဲ့နောက်မှာ သူ့ရဲ့အရင်အသင်းဟောင်း အေစီမီလန်မှာ လက်တွဲခဲ့ဖူးတဲ့ ကာကာနဲ့ ပါတိုကို ခေါ်ယူလိမ့်မယ်လို့ သတင်းများထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းနဲ့ PSG အသင်းတို့ဟာ ဇန်နဝါရီ ၄ ရက်နေ့က ဒူဘိုင်းမှာ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင် ကစားခဲ့ကြပါသေးတယ်။ အဲဒီပွဲမှာတော့ အေစီမီလန် တိုက်စစ်မှူးပါတိုက တလုံးတည်းသောဂိုးကို သွင်းယူခဲ့လို့ ၁-၀ နဲ့ PSG အသင်း အရေးနိမ့်ခဲ့ရပါတယ်။
“ကာကာနဲ့ ပတ်သက်လို့ကတော့ သူက ရီးယဲလ်မက်ဒရစ်မှာ စာချုပ်မပြည့်သေးပါဘူး။ ကျနော်တို့ လူအင်အား ဖြည့်ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ကစားသမားတွေကို သက်ဆိုင်ရာ ကလပ်တွေက ရောင်းဖို့ဆန္ဒရှိမှ ဖြစ်မှာပါ။ ပါတိုဆိုရင်လည်း အတူတူပါပဲ။ သူကလောလောဆယ် အေစီမီလန် ကစားသမားပါ။ ကျနော်တို့ စိတ်မဝင်စားပါဘူး” လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက ပြောသွားပါတယ်။
သက်သောင့်သက်သာနဲ့ ဘာစီလိုနာ နောက်တဆင့်တက်တဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲ
စပိန်ဘုရင့်ဖလား နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ အိုစာစူနာအသင်းတို့ဟာ ဘာစီလိုနာရဲ့ ကမ့်ပ်နူးကွင်းမှာ မနေ့က ယှဉ်ပြိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဘာစီလိုနာတို့ ကစားကွက်အသာရခဲ့ပြီး မက်ဆီနဲ့ ဖာဘရီဂတ်စ်တို့က ၂ ဂိုးစီသွင်းယူခဲ့လို့ ၄-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ပထမပိုင်းမှာ ဖာဘရီဂတ်စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမဂိုးကို ၁၃ မိနစ်မှာ ရရှိခဲ့ပြီး ဒုတိယဂိုးကိုတော့ ၁၈ မိနစ်မှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ ကွင်းလယ်ဖန်တီးရှင် ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းကနေ ပြန်လည်ပြောင်းရွှေ့လာပြီးတဲ့နောက် ဂိုးများသွင်းယူကာ အထူးခြေစွမ်းပြနေတာပါ။
အစောပိုင်းက နေမကောင်းလို့ ဝင်မကစားနိုင်ဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ တိုက်စစ်မှူးမက်ဆီဟာ ဒုတိယပိုင်းမှာ ဝင်ရောက်လာပြီး နောက်ထပ် ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ မက်ဆီရဲ့ ပထမဂိုးကိုတော့ မိနစ် ၇၀ မှာ ဖာဘရီဂတ်စ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ နောက်ဆုံးဂိုးကိုတော့ ပွဲပြီးခါနီးမှာ ဇာဗီရဲ့ ဖန်တီးပေးမှုကတဆင့် ဂိုးထောင့်ထဲကို လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။ တမြန်နေ့က ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက မာလာဂါအသင်းကို ဦးဆောင်ဂိုး ၂ ဂိုးပေးလိုက်ရပြီး နောက်ကလိုက် ကစားရင်း ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ချမ်းအေးနှင့် ဘစောတင်တို့ ပူးပေါင်း ရေးသားသည်။