ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ မနေ့က ကျင်းပတဲ့ ၂၀၁၁ ခုနှစ်အတွက် တနှစ်တာ ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု (Ballon d’Or)ကို အာဂျင်တီးနား လက်ရွေးစင်နဲ့ ဘာစီလိုနာအသင်း (စပိန်) တိုက်စစ်မှူးဖြစ်သူ လီယွန်နယ် မက်ဆီက ဆွတ်ခူးရရှိသွားပါတယ်။ တနှစ်တာ အကောင်းဆုံး အမျိုးသား နည်းပြဆုကိုတော့ မက်ဆီရဲ့ ဆရာဖြစ်သူ ဘာစီလိုနာ (စပိန်) နည်းပြ ဂွါဒီယိုလာက ရရှိပါတယ်။
အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို ၂၀၁၁ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဂျပန်နိုင်ငံ အသင်းခေါင်းဆောင် ဟိုမာရီဆာဝါက ဆွတ်ခူးရရှိပြီး အကောင်းဆုံး အမျိုးသမီးအသင်းနည်းပြဆုကိုတော့ ၂၀၁၁ ခုနှစ် အမျိုးသမီး ကမ္ဘာ့ချန်ပီယံ ဂျပန်နိုင်ငံ အသင်းနည်းပြ နီရီယို ဆာဆာကီက ရရှိသွားပါတယ်။
အသန့်ရှင်းဆုံး ကစားတဲ့အသင်း ဆုကို သဘာဝဘေးအန္တရာယ် ဆိုးဝါးစွာ ခံစားခဲ့ရတဲ့ ဂျပန်နိုင်ငံက ဂျပန်ဘောလုံးအဖွဲ့ချုပ်က ရသွားပါတယ်။
တနှစ်တာအတွက် အကောင်းဆုံး ဂိုးသွင်းရှင်ဆုကို ဆန်တို့စ်အသင်း (ဘရာဇီး) မှ အထွန်းတောက်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသူ နေလ်မားက ရရှိပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် ချီးမြှင့်တဲ့ FIFA Presidential Award ဆုကိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်က ရရှိသွားပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ယခုအကြိမ်နဲ့ပါဆိုရင် တတိယအကြိမ်မြောက် ရရှိတာဖြစ်ပါတယ်။
မက်ဆီနဲ့အတူ အကောင်းဆုံးဆုကို နောက်ဆုံး ဆန်ကာတင်အဖြစ် ရောက်ခဲ့သူများကတော့ ရီးယဲလ်မက်ဒရစ် (စပိန်) က တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ဘာစီလိုနာ (စပိန်) က ကွင်းလယ်ဖန်တီးရှင် ဇာဗီ တို့ဖြစ်ကြပါတယ်။
နေရာအလိုက် အကောင်းဆုံး ကစားသမား ၁၁ ယောက်ကိုလည်း ရွေးချယ်ခဲ့တာမှာ အောက်ပါစာရင်းအတိုင်း ဖြစ်ပါတယ်။
ဂိုးသမား – ကားဆီးလက်စ် (ရီးယဲလ်မက်ဒရစ်-စပိန်)
နောက်တန်း – ရာမို့စ် (ရီးယဲလ်မက်ဒရစ်-စပိန်)၊ ဂျရတ်ပီကေး (ဘာစီလိုနာ-စပိန်)၊ ဗီဒစ် (မန်ချက်စတာ ယူနိုက်တက်-အင်္ဂလန်)၊ အဲလ်ဗက်စ် (ဘာစီလိုနာ-စပိန်)
အလယ်တန်း – အင်နီယေစတာ (ဘာစီလိုနာ-စပိန်)၊ အလွန်ဆို (ရီးယဲလ်မက်ဒရစ်-စပိန်)၊ စီရော်နယ်ဒို (ရီးယဲလ် မက်ဒရစ်-စပိန်)၊ ဇာဗီ (ဘာစီလိုနာ-စပိန်)
ရှေ့တန်း – ဝိန်းရူနီ (မန်ချက်စတာ ယူနိုက်တက်-အင်္ဂလန်)၊ လီယွန်နယ် မက်ဆီ (ဘာစီလိုနာ-စပိန်)