ဒီနေ့ အစောကြီး မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ ကန်ကြတဲ့ အိုဆာဆူနာနဲ့ ဘာစီလိုနာတို့ရဲ့ စပိန်ဘုရင့်ဖလားပွဲ ဒုတိယ အကျော့မှာတော့ ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရသွားပါတယ်။ ဒါကြောင့် ပထမအကျော့မှာ ဘာကာက အိုဆာဆူနာကို အိမ်ကွင်းမှာ ၄ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူထားတာမို့လို့ ၂ ပွဲပေါင်း ၆ ဂိုး ၁ဂိုးနဲ့ ကွားတားဖိုင်နယ်ကို တက်သွားပါပြီ။
ဘာကာဟာ ကွာတားကို တက်ဖို့ သေချာပြီဆိုတဲ့သဘောနဲ့ အဓိက ကစားသမား အများအပြားကို မသုံးဘဲ ပွဲထွက်လာခဲ့ပါတယ်။ ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီ၊ ပူယိုး၊ ဂိုးသမား ဗဲလ်ဒက် စတဲ့သူတွေကို အနားပေးထားပါတယ်။
အိုဆာဆူနာကလည်း ပထမအကျော့မှာ လေးဂိုးပြတ် ရှုံးထားပေမယ့် မာန်မလျှော့ဘဲ ဘာကာကို ရင်ဆိုင်သွားတာပါ။ ပထမိုင်းမှာဆိုရင် ဘာကာဘက်ကို အတင်းဝင် အတင်းဖျက်ပြီး တွန်းတွန်းတိုက်တိုက်နဲ့ အိုဆာဆူနာ အသင်းက ခပ်မာမာ ကစားခဲ့ကြလို့ ဒီနေ့ပွဲရဲ့ အဖွင့်ဂိုးကို ၄၁ မိနစ်မှာ အိုဆာဆူနာအတွက် လက်ကစ်က သွင်းပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘာကာတို့ ကစားကွက် တည်ငြိမ်လာပြီး အိုဆာဆူနာကို ပြန်ဖိကစားရင်း ၄၉ မိနစ်မှာ ဆန်ချက်စ်က ချေပဂိုး တဂိုးနဲ့ ၇၂ မိနစ်မှာ ဆာဂျီ ရောဘတ်တိုက အနိုင် ၁ ဂိုး သွင်းပြီး အိမ်ကွင်းရော အဝေးကွင်းပါ အနိုင်ယူကာ ကွာတားဖိုင်နယ်မှာ အသင့်စောင့်နေတဲ့ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ တွေ့ဆုံပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့က စပိန်ဘုရင့်ဖလားပွဲစဉ်အဖြစ် မာလာဂါအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားကြရာ ရီးယဲလ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။
ဒီအနိုင်ဂိုးကို သွင်းပေးခဲ့တဲ့သူကတော့ ပြင်သစ်လက်ရွေးစင် ရီးယဲလ် တိုက်စစ်မှူး ဘင်ဇီမာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ စပိန်ဘုရင့်ဖလား ချန်ပီယံ ရီးယဲလ် မက်ဒရစ်ဟာ မာလာဂါကို ပထမအကျော့ ကိုယ့်အိမ်ကွင်း ဘာနေဗျူးမှာ ကတည်းက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ထားတာမို့လို့ တပွဲနိုင် တဂိုးအသာနဲ့ ဦးဆောင်ထားပြီးသားပါ။ ဒုတိယအကျော့ပွဲစဉ်ရဲ့ ဒုတိယပိုင်း ၇၁ မိနစ်မှာ ဘင်ဇီမာရဲ့ ဂိုးနဲ့ အနိုင်ရရှိလိုက်တာကြောင့် ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားကို တက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုကလည်း သမိုင်းနဲ့ချီပြီး ပြင်းထန်သလို လက်ရှိ ဘောလုံးရာသီမှာလည်း အရမ်းကို ပြင်းထန်နေဆဲပါပဲ။
လာလီဂါ ဖလားရဲ့ ရာသီဝက်ဆုံတွေ့မှုအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကပွဲမှာ မော်ရင်ဟိုရဲ့ ရီးယဲလ်ကို ပူပူနွေးနွေး ကမ္ဘာ့အကောင်းဆုံး နည်းပြဆုရ ဂွာဒီယိုလာရဲ့ဘာစီလိုနာက ရီးရဲလ်ရဲ့ အိမ်ကွင်းမှာ သုံးဂိုးတဂိုးနဲ့ နှိပ်ကွပ်ထားခဲ့ပါတယ်။ ဒါဟာ မော်ရင်ဟိုနဲ့ ရီးရဲလ်တို့အတွက် ခါးသီးခံစားချက် တခုပါ။
ဒါပေမယ့် လာလီဂါဇယားမှာတော့ ရီးရဲလ်က ဘာကာကို ၅ မှတ်ဖြတ်ထားနိုင်ပြီး ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
ဒါကြောင့်မို့လို ဇန်နဝါရီလ ၁၈ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ ကန်ကြမယ့် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ကမ္ဘာ့အကောင်းဆုံး အသင်းနှစ်သင်းရဲ့ ဆုံတွေမှုဟာ ဒီနှစ်သင်းရဲ့ ပရိသတ်များအတွက် သာမက တကမ္ဘာလုံးက ဘောလုံးပရိသတ်များကိုပါ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပွဲတပွဲဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။