ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မနက် မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ ကစားခဲ့ကြတဲ့ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရီးယဲလ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဘာစီလိုနာက လက်ရှိချန်ပီယံ ရီးယဲလ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင် ရီးယဲလ်မက်ဒရစ်ကတော့ ၄-၅-၁ ကစားကွက်နဲ့ ဂိုး – ကာစီးလက်စ်၊ နောက်တန်း – အယ်တင်တော့၊ ရာမို့စ်၊ ကာဗယ်ဟို၊ ကွန်ထရာအို၊ အလယ်တန်း – ပီပီ၊ အလွန်ဆို၊ ဒီအာရာ၊ ရော်နယ်ဒို၊ ဘန်ဇီးမား နဲ့ အထောင် တိုက်စစ်မှူးအဖြစ် ဟီဂူအင်ကို အသုံးပြုသွားခဲ့ပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ဒီပွဲမတိုင်ခင် ကတည်းက ပြောထားခဲ့တဲ့အတိုင်း ဗဟိုနောက်ခံလူ ပီပီကို ကွင်းလယ်အဖျက် ကစားသမားအဖြစ် ကစားစေခဲ့ပါတယ်။ ထူးခြားတာက ရီးယဲလ်လူစာရင်းမှာ ပေါ်တူဂီသား ၄ ယောက်တိတိ ပါဝင်ခဲ့တာ တွေ့ရပါတယ်။
ဘာစီလိုနာလည်း ၄-၅-၁ ကစားကွက်ကိုပဲ အသုံးပြုသွားပြီး ဂိုး – ပင်တို၊ နောက်တန်း – အဲဗက်စ်၊ ပီကေး၊ ပူယိုးလ်၊ အဘီဒယ်၊ အလယ်တန်း – ဘတ်စကွက်၊ ဇာဗီ၊ အင်နေယက်စတာ၊ ဖာဘရီဂတ်စ်၊ ဆန်းချက်ဇ်၊ တိုက်စစ်မှူးအဖြစ် မက်ဆီ ကစားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာလည်း စပိန်ကစားသမား ၇ ယောက်အထိ ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဘာကာဟာ သူ့ရဲ့ ကစားဟန်အတိုင်း တိုက်စစ်မှူး အတည်တကျ မရှိဘဲ ရောယှက် ကစားသွားတာ တွေ့ရပါတယ်။
ပွဲအစ ၁၁ မိနစ်ကတည်းက ရော်နယ်ဒိုရဲ့ အဖွင့်ဂိုးနဲ့ ရီးယဲလ်က ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘာကာက ၂ ဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့် ကိုယ့်ကွင်း ကိုယ့်ပရိသတ်အရှေ့မှာ ရီးယဲလ်တို့ ဘာကာကို လက်မြှောက်ခဲ့ရပြန်ပါပြီ။ ရော်နယ်ဒိုရဲ့ ဒီဂိုးဟာ ဒီရာသီမှာ သူရဲ့ ၂၇ ဂိုးမြောက်လည်း ဖြစ်ပါတယ်။
ပွဲချိန် ၁၅ မိနစ်မှာတော့ ဖာဘရီဂတ်စ်က ဘာကာ ဘယ်အခြမ်းကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆန်းချက်ဇ်ရဲ့ ရီးယဲလ်နောက်ခံလူ နှစ်ယောက်ကြားက ခေါင်းတိုက်ချက်ဟာ ဂိုးသမား ကာစီးလက်စ်ကို ကျော်ပြီး အတွင်းတိုင်ကို ထိပြီးထွက်ခဲ့တာကြောင့် ဘာကာတို့ နစ်နာခဲ့ရပါတယ်။
ရီးယဲလ်ကတော့ တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းယူဖို့ ချောင်းကစားနေပြီး ဘာကာကတော့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ တိုက်စစ်ကို ထိန်းကစားသွားတာ တွေ့ရပါတယ်။ ဒါပေမယ့် နှစ်ဖက်တိုက်စစ်တွေဟာ ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။
ဘာကာအတွက် ဂိုးသွင်းပေးသွားသူတွေကတော့ အဓိက ကစားသမား မက်ဆီ မဟုတ်ဘဲ နောက်တန်း ကစားသမားတွေဖြစ်ကြတဲ့ အသင်းခေါင်းဆောင် ပူယိုးလ်နဲ့ အဘီဒယ်တို့ ဖြစ်ပါတယ်။
ပူယိုးလ်က ဒုတိယပိုင်းအစ ၄၈ မိနစ်မှာ ချေပဂိုးကို သွင်းပေးခဲ့ပါတယ်။ ဇာဗီတင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ရီးယဲလ်နောက်ခံလူတွေ ကြားကနေ ပူယိုးလ်က လှပစွာ ဒိုက်ထိုးပြီး သွင်းယူသွားခဲ့တာပါ။
ပွဲချိန် မိနစ် ၆၀ ကျော်လာတာနဲ့ ပွဲကကြမ်းလာခဲ့ပါတယ်။ ၆၇ မိနစ်မှာတော့ ဘောလုံးဆွဲပြေးလာတဲ့ မက်ဆီကို ကယ်လီဂျွန်က ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တာကြောင့် ဒိုင်က အဝါကတ်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာ လဲကျနေတဲ့ မက်ဆီရဲ့လက်ကို ရီးယဲလ် ကွင်းလယ် အဖျက်ကစားသမား ပီပီက ခြေထောက်နဲ့ နင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်တော့ မမြင်ခဲ့ပါဘူး။
ဘာကာအတွက် အနိုင်ဂိုးကိုတော့ အဘီဒယ်က ၇၇ မိနစ်မှာ သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဘာကာအတွက် အဘီဒယ်ရဲ့ ဒုတိယမြောက် သွင်းပေးဖူးတဲ့ ဂိုးလည်းဖြစ်ပါတယ်။ ပထမဆုံးဂိုးကိုတော့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ သွင်းပေးထားခဲ့ပါတယ်။
ရီးယဲလ်နဲ့ ဘာကာ တွေ့ဆုံတဲ့ ပွဲတိုင်းလိုလို နှစ်ဖက်ကစားသမားတွေ အခြေအတင် ဖြစ်ခဲ့ကြပြီး ပြီးခဲ့တဲ့ ပွဲမှာလည်း စပိန်အသင်းဖော်တွေဖြစ်တဲ့ အလွန်ဆိုနဲ့ ဖာဘရီဂတ်စ်တို့ ငြိခဲ့ကြပါတယ်။ ပေါ်တူဂီသား ပီပီရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားပုံတွေဟာ ပွဲကိုအရုပ်ဆိုးစေခဲ့ပါတယ်။
ဒုတိယ အကျော့ပွဲစဉ်ကို လာမယ့် ဗုဒ္ဓဟူးနေ့ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်စောစော) မှာ ဘာစီလိုနာရဲ့ နျူးကမ့်ကွင်းမှာ ကစားကြရပါဦးမယ်။ စပိန်ဘီလူးကြီးနှစ်ကောင်ရဲ့ ၉ လအတွင်း ၉ ကြိမ်မြောက် ဆုံတွေ့မှုလည်း ဖြစ်ပါမယ်။
ဒီနေ့ ပါဝင်ကစားတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု သုံးကြိမ်ဆက်တိုက်ရ မက်ဆီအတွက် ဒီပွဲဟာ ဘာကာကစားသမားအဖြစ် ၃၀၀ မြောက်ပွဲကို ကစားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ ဂွါဒီယိုလာ စတင် ကိုင်တွယ်ကတည်းက ရီးယဲလ်နဲ့တွေ့ခဲ့တဲ့ ၁၃ ပွဲမှာ ၉ ပွဲမြောက် အနိုင်ယူလိုက်ခြင်းလည်း ဖြစ်နေပါတယ်။
ရိုနာလ်ဒိုရဲ့ ဒီပွဲမှာ သွင်းတဲ့ဂိုးက ဘာစီလိုနာကို သူ့ရဲ့ ၄ ဂိုးမြောက်ပါ။ သူ့ရဲ့ဘယ်ခြေနဲ့ ခပ်ပြင်းပြင်း ဒဲ့ ကန်သွင်းတဲ့ဂိုးကို ဘာကာ အရံဂိုးသမား ပင်တို မကာကွယ်နိုင်ခဲ့ဘဲ ပေါင်ကြားထဲက ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
စပိန်ဘုရင့်ဖလား တခြား ပထမအကျော့ ကွာတားပွဲစဉ်တခုမှာတော့ ဘီလ်ဘာအိုက မာယော့ကာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပါတယ်။
ဘစောတင်နှင့် ဒီရေ ပူးပေါင်းရေးသားသည်။