မြန်မာလက်ရွေးစင် တိုက်စစ်မှူးနှင့် ဇေယျာရွှေမြေ အသင်းတိုက်စစ်မှူး ကျော်ကိုကို ကို ဂျာမနီတွင် လာရောက် စမ်းသပ်ကစားကြည့်ရန် ဂျာမနီနိုင်ငံမှ Football Net Management အေဂျင်စီက ကမ်းလှမ်းထားကြောင်း ဇေယျာရွှေမြေအသင်းက ဧရာဝတီသို့ ပြောသည်။
Football Net Managament က အေးဂျင့် ဒရာဂန်မှတဆင့် ကမ်းလှမ်းခြင်း ဖြစ်ပြီး ဒရာဂန်သည် မြန်မာနေရှင်နယ်လိဂ်မှ အသင်းများအတွက် ပြည်ပကစားသမားများကို ဆက်သွယ်ခေါ်ယူပေးနေသော ဆားဗီးယားလူမျိုး အေးဂျင့်တဦးဖြစ်သည်။ ဂျာမန်အေဂျင်စီမှ ကျော်ကိုကိုအား ခေါ်ယူချင်သည့် အကြောင်းကြားစာ အီးမေးလ်ကို အေးဂျင့် ဒရာဂန်မှတဆင့် ဇေယျာရွှေမြေအသင်းသို့ ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့စွဲဖြင့် ပေးပို့ထားခြင်း ဖြစ်သည်။

ဂျာမနီ အဆင့်မြင့်တန်း အသင်းတခုဖြစ်သော နုရင်ဘတ်အသင်းက ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအချိန်အထိ မည်သည့်အသင်းဟူ၍ တိတိကျကျ မပြောနိုင်သေးကြောင်း ဇေယျာရွှေမြေအသင်း မီဒီယာနှင့် မားကက်တင်းတာဝန်ခံ ကိုနေမန်းက ဧရာဝတီသို့ ပြောသည်။
“ဒရာဂန်နဲ့ ဂျာမနီက ဘောလုံးသမား ရှာဖွေရေးအေးဂျင့်နဲ့ ချိတ်မိတယ်။ အဲဒီလို ချိတ်မိတဲ့အခါမှာ ပထမဆုံး စမ်းသပ်တဲ့သဘောနဲ့ ကျော်ကိုကို ကို ဥရောပပို့ပေးမယ်ပေါ့။ ကျနော်ပြောတဲ့ထဲမှာ ဘယ်အသင်းက ခေါ်မယ်ဆိုတာ မပါသေးဘူးနော်။ ကျနော်သိသလောက်ကတော့ ဟိုဖက်က ကလပ်အသင်းအေးဂျင့်နဲ့ ဒီဖက်က အေးဂျင့်ဒရာဂန်၊ အဲဒီနှစ်ခုကြားမှာပဲ ရှိသေးတယ်” ဟု ကိုနေမန်းက ပြောသည်။
အကယ်၍ ပြောင်းရွှေ့မှု အတည်ဖြစ်လျှင် ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍ “စမ်းသပ်တဲ့အခါမှာ ဂျာမနီကိုသွားမယ့် လေယာဉ်စရိတ်၊ နေထိုင် စားသောက်စရိတ်၊ လေ့ကျင့်စရိတ်က ဖရီးပေါ့ဗျာ။ တကယ်လို့ ပြောင်းရွှေ့ဖြစ်တယ်ဆိုရင် ကျော်ကိုကို အနေနဲ့ တပတ်လုပ်ခ ဒေါ်လာ ၅ ထောင်မှ ၇ ထောင်ရမယ်။ ဇေယျာရွှေမြေအနေနဲ့ ပြောင်းရွှေ့ကြေးဒေါ်လာ ၄ သိန်းမှ ၅ သိန်းရမယ်လို့ အေးဂျင့် ဒရာဂန်ရဲ့ ကမ်းလှမ်းချက် အီးမေးလ်မှာ အဲဒီလိုပါလာတယ်” ဟု ကိုနေမန်းက ဆက်လက်ပြောသည်။
ဤကမ်းလှမ်းချက်နှင့် ပတ်သက်၍ ကျော်ကိုကို သွားရောက် ကစားရန် ခွင့်ပြုပေးရေး ဇေယျာရွှေမြေအသင်းက မြန်မာဘောလုံးအဖွဲ့ချုပ်ထံ စာတင်ထားသည်ဟု သိရသည်။
မြန်မာဘောလုံးအဖွဲ့ချုပ်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက “ကစားသမားကို ကျနော်တို့က ပိုင်တာမဟုတ်ဘူးလေ။ ကလပ်အသင်းက ပိုင်တယ်။ ကလပ်အသင်းက ခွင့်ပြုဖို့သာ လိုအပ်တာပါ။ တခုတော့ရှိတာပေါ့၊ ကျနော်တို့က နိုင်ငံ့လက်ရွေးစင် အသင်းအတွက်ပါ လခပေးထားရတာဆိုတော့ နိုင်ငံပွဲတွေ ကစားရမယ့်အခါမျိုးကျရင် အချိန်မီရောက်အောင် ပြန်လွှတ်ပေးဖို့ လိုတာပေါ့” ဟု ပြောသည်။
ကျော်ကိုကိုက ကိုနေမန်းမှတဆင့် “အနည်းဆုံးတော့ဗျာ၊ မြန်မာဘောလုံးသမား တယောက်အနေနဲ့သွားပြီး စမ်းသပ်ခွင့်ရရင်ကို ကျေနပ်လှပါပြီ။ ကျနော် အကောင်းဆုံး ကြိုးစားသွားမယ်။ မြန်မာတွေ မညံ့ဘူးဆိုတာ ပြချင်ပါတယ်။ တကယ်လို့ တိုင်းပြည်အတွက် ပြန်လာကစားရမယ်ဆိုလည်း အချိန်မရွေး ပြန်လာကစားလို့ ရပါတယ်။ အဆင်သင့်ပဲ” ဟု ပြောကြားသည်။
ဒီအပြောင်းအရွှေ့ အမှန်တကယ် ဖြစ်လာခဲ့ရင်တော့ မြန်မာဘောလုံးအတွက် တိုးတက်မှုတခုဟု ပြောနိုင်ကြောင်း ဝါရင့်အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်သည်။
ကျော်ကိုကိုအား စေလွှတ်မည် မလွှတ်မည်ဆိုသည်ကို ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ ဂျာမနီသို့ အကြောင်းပြန်ရမည်ဖြစ်သည်။
လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဂျာမနီ ဘွန်ဒက်စ်လီဂါအသင်းမှ အကြီးအကဲတဦး ရန်ကုန်သို့ လာရောက် လည်ပတ်မည့် ခရီးစဉ်တခုလည်း ရှိသည်။
“ဂျာမနီ ဘွန်ဒက်စ်လီဂါ အကြီးအကဲက အရှေ့အာရှကို ဈေးကွက်ချဲ့ထွင်နေတာ။ ထိုင်းမှာတော့ ဂျာမနီပွဲတွေ ပြလို့ရနေတာကြာပြီ။ မြန်မာနိုင်ငံမှာလည်း Skynet ကနေ ဂျာမန်ပွဲတွေ အခုပြလို့ရပြီ။ အဲဒါထိုင်းမှာ Promotion လာလုပ်ရင်းနဲ့ ရန်ကုန်မှာလည်း Announced လာလုပ်တယ်လို့ ယူဆလို့ရတယ်” ဟု ကိုနေမန်းက ဆိုသည်။
၁၉၉၈ ခုနှစ်လောက်က မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း အောင်ထွန်းထွန်းသည် ထိုင်းနှင့် ပြင်သစ်မှ ကလပ်အသင်းများတွင် ကစားခဲ့ဖူးသည်ဟု သိရသည်။
ဦးစိုးမိုးက “အောင်ထွန်းထွန်းက ဗွေဦးဆုံး ထိုင်းမှာ ကစားတယ်လေ။ ပြီးတော့ မာဆေးလ် (ခ) အသင်းလား သွားကစားတယ်လို့ သိရတယ်။ ဒါပေမယ့် သူဘယ်လိုရောက်ပြီး သွားကစားဖြစ်တယ်ဆိုတာတော့ ကျနော်တို့ မသိဘူး” ဟု ပြောသည်။
အကယ်၍ ကျော်ကိုကိုသာ ဂျာမနီကလပ်တွင် သွားရောက်ကစားခွင့် ရမည်ဆိုပါက ဥရောပတွင် တရားဝင် ဥပဒေနှင့်အညီ သွားကစားသော ပထမဆုံး မြန်မာဘောလုံးသမားဖြစ်လာမည် ဖြစ်သည်။
ကျော်ကိုကိုသည် အသက် ၁၃ နှစ်အရွယ်မှစ၍ မန္တလေး အားကစားနှင့် ကာယပညာသိပ္ပံတွင် သင်ကြားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဇေယျာရွှေမြေအသင်းက ခေါ်ယူခဲ့သည်။ ကျော်ကိုကိုနှင့် ဇေယျာရွှေမြေအသင်းတို့၏ လက်ရှိစာချုပ်မှာ ၂၀၁၄ ခုနှစ်အထိဖြစ်ပြီး လစာငွေအဖြစ် သိန်းနှစ်ဆယ်မှ သုံးဆယ်ကြားရရှိနေသည်။
ပြီးခဲ့သည့် ဆီးဂိမ်းတွင် ကျော်ကိုကိုမှာ မြန်မာအသင်းအတွက် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၅ ဂိုးသွင်းကာ မြန်မာအသင်း ကြေးတံဆိပ်ဆုရအောင် ကြိုးပမ်းခဲ့သည်။ ထို့အပြင် Goal.com ဝက်ဘ်ဆိုဒ်မှ ရွေးချယ်သော အရှေ့တောင်အာရှ အကောင်းဆုံး ဘောလုံးသမား ၅ ဦးစာရင်းတွင်လည်း ကျော်ကိုကို ပါဝင်ခဲ့သည်။