အာဖရိကဖလား ဘောလုံးပွဲစဉ်မှာ အိုင်ဗရီကို့စ်ဟာ သူတို့ရဲ့ ဒုတိယပွဲစဉ်အဖြစ် ဘာကီနာဖာဆိုကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ယာယာတိုရေးနဲ့ ဒရော့ဘာတို့ရဲ့ တွဲလုံးကနေတဆင့် ချဲလ်ဆီးတိုက်စစ်မှူး ကာလူးက ပွဲချိန် ၁၆ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အတွက် ဒုတိယဂိုးကိုတော့ ဘာကီနာ နောက်ခံလူ ဘာကာရီကိုနေးက ကိုယ့်ဂိုးကို ပြန်သွင်းမိခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ၆ မိနစ်မှာ ဘာကီနာအသင်းက ပစ်ထရိုင်ပါ ဂိုးဧရိယာထဲမှာ လဲကျသွားတာကို ဒိုင်လူကြီးက ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ဘာကီနာအသင်း နစ်နာခဲ့ပါတယ်။
အိုင်ဗရီကို့စ်အသင်းမှာ နာမည်ကြီးကစားသမား အမြောက်အများပါဝင်ခဲ့ပေမယ့် ဘာကီနာအသင်းမှာတော့ ပြည်တွင်းအခြေစိုက် ကစားသမားတွေသာ ပါဝင်ခဲ့ပါတယ်။ ၂၂ မိနစ်မှာ ဘာကီနာဖာဆိုက ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အိုင်ဗရီကို့စ်ဂိုးသမား ဘော်ကာဘာဘယ်ရီ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘာကီနာဖာဆိုအသင်းက ပိုမိုဖိကစားနိုင်ခဲ့ပြီး အိုင်ဗရီကို့စ်ဂိုးသမားကို အလုပ်များ စေခဲ့ပါတယ်။ အိုင်ဗရီကို့စ်အသင်းက ညာတောင်ပံကနေပဲ တိုက်စစ်ဆင် ကစားနေခဲ့ပြီး ဂေါ့ဆို ချပေးလိုက်တဲ့ ဘောလုံးကို အာဆင်နယ်ကစားသမား ဂါဗင်ဟို မိုးပေါ်ထောင်ကန်ပြီး ဖြုန်းတီးပစ်ခဲ့ပါတယ်။ ပွဲကစားချိန် ၆၄ မိနစ်လောက်မှာ ကာလူးဟာ ပေါင်ခြံဒဏ်ရာရသွားခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။
ပွဲချိန် ၈၁ မိနစ်မှာ မန်စီးတီးကစားသမား ယာယာတိုရေး ဒဏ်ရာရသွားခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။
ဘာကီနာဖာဆိုအသင်းရဲ့ တိုက်စစ်ဆင်ကစားမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ကံမကောင်းစေခဲ့ပါဘူး။ အိုင်ဗရီကို့စ် ကစားသမား ဒီယာကိုက်ရဲ့ ခေါင်းတိုက်ချက်ကို ဘာကီနာ နောက်ခံလူ ကိုနေး ဖျက်ထုတ်ရမှာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာ ဖြစ်ပါတယ်။
အုပ်စု (B) မှာတော့ အိုင်ဗရီကို့စ်နဲ့ အန်ဂိုလာအသင်းတို့ဟာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီး အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်နဲ့ အင်ဂိုလာ၊ မျှော်လင့်ချက်မရှိတဲ့ နှစ်သင်းဖြစ်တဲ့ ဘာကီနာနဲ့ ဆူဒန်တို့ ကန်ကြရမှာဖြစ်ပါတယ်။
အုပ်စု (A) မှာတော့ ကွာတားဖိုင်နယ်ကို ပထမဆုံး တက်ရောက်သွားတဲ့ အိမ်ရှင် အီကွေတိုးရီးရဲလ် ဂီနီအာအသင်းက ဇမ်ဘီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဇမ်ဘီယာအသင်းကလည်း ဒီပွဲမှာ သရေတမှတ်ရရုံနဲ့ နောက်တဆင့်တက်ပြီ ဖြစ်ပါတယ်။
လစ်ဗျားအသင်းကတော့ မျှော်လင့်ချက် အရမ်းနည်းသွားပြီး ဆီနီဂေါအသင်းကတော့ အုပ်စုကနေပဲ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။
အုပ်စု (C) ဒုတိယပွဲစဉ်တွေကို ဒီညမှ ကန်မှာဖြစ်ပြီး အုပ်စု (D) ဒုတိယပွဲစဉ်တွေကိုတော့ မနက်ဖြန်ညမှ ကန်ကြမှာ ဖြစ်ပါတယ်။