စပိန်လာလီဂါဇယားမှာ မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ၇ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုဟာ ဒီနှစ်နွေရာသီမှာ ရီးရဲလ်ကနေ ထွက်ခွာဖို့ပြင်နေပြီး ရီးရဲလ်ရဲ့ အဝတ်လဲခန်းထဲမှာ ကစားသမားတွေကြား အက်ကြောင်းတွေ ရှိနေကာ တယောက်ကိုတယောက် အပြစ်ပုံချမှုတွေ ရှိတယ်ဆိုတာကို ဝန်ခံထားပါတယ်။

ရီးရဲလ်မက်ဒရစ်လို အသင်းအတွက် ဖလားတလုံးဆိုတာ မပြောပလောက်ပါဘူး။ ဒါကြောင့် ဒီနှစ် လာလီဂါ ရခဲ့ရင်တောင်မှ ရီးရဲလ်ကနေ ထုတ်ပယ်တာခံရနိုင်ပြီး မော်ရင်ဟိုကတော့ မထုတ်ခင် ကြိုထွက်သွားဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ဒီအခြေအနေဖြစ်ခဲ့ရင် မော်ရင်ဟိုက အနိုင်နဲ့ပိုင်းသွားတယ်လို့ ဆိုနိုင်ပြီး သူ့ကို ခန့်အပ်ခဲ့တဲ့ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကိုပဲ အပြစ်တင်ရမှာပါ။
တကယ်လို့ ဒီနှစ်မှာ ဖလားတလုံးမှ မရခဲ့ဘူးဆိုရင်တော့ မော်ရင်ဟိုဟာ ဘယ်နည်းနဲ့မဆို ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စပါယ်ရှယ်ဝမ်း အတွက်တော့ ဒီအခြေအနေဟာ အနိုင်နဲ့ ပိုင်းသွားတာလား၊ အရှုံးနဲ့ ဆုတ်ခွာသွားရတာလားဆိုတာ ပရိသတ်တွေ မြင်တွေ့ရတော့မှာပါ။
တကယ်လို့ ရီးရဲလ်ဟာ ချန်ပီယံလိဂ်ဖလား ရခဲ့ရင်တောင်မှ မော်ရင်ဟိုဟာ သူစကားကျွံထားတဲ့အတိုင်း ရီးရဲလ်ကနေ ထွက်ခွာသွားဖို့ များပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ “ကျနော် နောက်ရာသီ ဒီမှာပဲ ရှိမှာလား ဆိုတာ ကျနော်ကိုယ်တိုင် မသိဘူး” လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းဟာ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ရီးရဲလ်နည်းစနစ် ဒါရိုက်တာ ဂျော့ရှ်ဗယ်ဒါနိုနဲ့ ရီးရဲလ်မက်ဒရစ်မှာ အားပြိုင်မှုတွေရှိနေခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က ဗယ်ဒါနိုကို လုပ်ပိုင်ခွင့်အနည်းငယ်ပဲ ပေးမယ်ဆိုရင်တော့ မော်ရင်ဟို ရီးရဲလ်မှာ ဆက်ရှိဖို့များပါတယ်။
အခုအချိန်မှာ မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ဟာ ၁၈ လ ကျန်နေသေးပါတယ်။ မော်ရင်ဟိုဟာ အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ရီးရဲလ်ရဲ့ ကြယ်ပွင့်ကစားသမားတွေအပေါ် ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ပေမယ့် အဓိကပြဿနာကတော့ အဓိကပြိုင်ဘက် ဘာစီလိုနာအပေါ် အသားစီး မရသေးတာပါပဲ။
လက်ရှိအချိန်မှာ ရီးရဲလ်အသင်းရဲ့ ရလဒ်တွေက ကောင်းမွန်နေတယ်လို့ ဆိုနိုင်ပေမယ့် ဘာစီလိုနာနဲ့ ၁၀ ကြိမ်တွေ့ဆုံရာမှာ ၅ ပွဲရှုံး၊ ၄ ပွဲသရေကျထားပြီး တပွဲသာ အနိုင်ရရှိထားပါတယ်။ ဘာစီလိုနာ အပေါ် အသာစီးမရမှုတွေအပေါ်မှာ သူ့ရဲ့ နည်းစနစ်အပိုင်း ညံ့ဖျင်းမှုကြောင့်လို့ ရီးရဲလ်ကြယ်ပွင့် ကစားသမားတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ရီးရဲလ် ကစားသမားအများစုနဲ့ မော်ရင်ဟိုရဲ့ ဆက်ဆံရေးကတော့ ကြိုးတန်းပေါ်မှာ လျှောက်နေသလို ဖြစ်နေပါတယ်။
ပွဲ ၂၀ မှာ ဂိုးပေါင်း ၇၀ ကို စံချိန်တင်သွင်းယူထားပြီး ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်လာလီဂါဇယားက ရလဒ်တွေကတော့ အရမ်းကို လှပနေပါတယ်။ မော်ရင်ဟိုဟာ လာလီဂါဇယားမှာ ဘာစီလိုနာရဲ့ လွှမ်းမိုးနေမှုကို ရပ်တန့်နိုင်သူလို့ ချီးကျူးခံနေရပေမယ့် ဘာကာနဲ့ ရီးရဲလ်တွေ့ဆုံတဲ့ ပွဲတိုင်းဟာ တကယ့်စစ်မြေပြင်လို ရှုန်းရင်းဆန်ခတ်ဖြစ်နေတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၁၂ ရက်က စပိန်ဘုရင့်ဖလား ပထမအကျော့မှာ ဘာကာကို ရှုံးခဲ့တဲ့ပွဲတုန်းက မော်ရင်ဟိုဟာ စပိန်မီဒီယာတွေနဲ့ ကစားသမားတွေရဲ့ သားကောင်တဦးဖြစ်ခဲ့ပါတယ်။ ဂိုးသမား ကာစီးလက်စ်၊ နောက်ခံလူ ဆာဂျီယိုရာမို့စ်တို့နဲ့ စကားများခဲ့တာတွေဟာ စပိန်က မာကာသတင်းစာ မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရပါတယ်။
ဘာနေဗျူးမှာ ဘီဘာအိုကို လေးဂိုး တဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ မော်ရင်ဟိုဟာ ရီးရဲလ်ပရိသတ်တွေရဲ့ ငြူစူခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ မက်ဒရစ်နေ့တွေ ကုန်ဆုံးဖို့ လမ်းစတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ပီရက်ဇ် မက်ဒရစ်မှာ ဥက္ကဋ္ဌဖြစ်စဉ်က ဝယ်ယူပေးခဲ့တဲ့ ကစားသမားတွေထဲက ဆာဂျီယိုရာမို့စ် တဦးတည်းသာ လက်ရှိလူစာရင်းမှာ ရှိတော့တာပါ။
မော်ရင်ဟိုဟာ ဘာကာနဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ဖိအားများစွာအောက်မှာပဲ ကာကာနဲ့ အိုဇေးတို့ကို ပူးတွဲပွဲထုတ်ခဲ့ပါတယ်။ ဒီနှစ်ယောက်ကို ပူးတွဲမကစားစေတာ ကိုးပွဲရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီပွဲမှာ ဘာစီလိုနာဟာ ဧည့်သည်ရီးရဲလ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို အကြီးအကျယ် ကာကွယ်နေခဲ့ရပေမယ့် ပွဲအပြီးမှာ နှစ်ဂိုးစီ သရေကျသွားတာကြောင့် နှစ်ပွဲပေါင်းရလဒ် ၃ ဂိုး ၄ ဂိုးနဲ့ ရီးရဲလ်ဟာ စပိန်ဘုရင့်ဖလားက ထွက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း လာလီဂါဖလား ရပြီးတဲ့နောက်ပိုင်း ရီးရဲလ်အသင်းဟာ နည်းပြသုံးယောက်ကို ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၀၃ မှာ ဒယ်ဘော့စကေး၊ ၂၀၀၇ မှာ ကာပယ်လို၊ ၂၀၀၈ ရာသီဝက်မှာ ဘန်ရှုးစတားတို့ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၃ နွေရာသီမှာ ရီးရဲလ်အသင်းရဲ့ ဥက္ကဋ္ဌရွေးပွဲရှိပြီး မော်ရင်ဟိုဟာ ပေါက်ကွဲတော့မယ့် ဗုံးတလုံး ဖြစ်နေတယ်လို့ ပီရက်ဇ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကြယ်ပွင့်ကစားသမားတွေ ဝယ်ယူဖို့ သူသုံးစွဲထားတဲ့ ပိုက်ဆံတွေနဲ့စာရင် ရထားတဲ့ ဆုဖလားတွေက နည်းနေပါတယ်။ အောင်မြင်မှု မယ်မယ်ရရ မရသေးဘူးလို့ ဆိုရမှာပါ။
အခုအချိန်မှာ မော်ရင်ဟိုဟာ အင်္ဂလန်ကို ပြန်သွားတော့မယ်လို့ သေချာပေါက် မဆိုနိုင်သေးပါ။ သေချာပေါက် မပြောနိုင်သေးတာက အခုအချိန် အင်္ဂလန်မှာ မော်ရင်ဟိုအတွက် လစ်လပ်နေတဲ့ လောက်လောက်လားလား ကလပ်အသင်း မရှိသေးတာပါပဲ။
Ref: The Sun