ပြီးခဲ့တဲ့ စနေနေ့က အက်ဖ်အေဖလား စတုတ္ထအကျော့ လီဗာပူးလ်နဲ့ မန်ယူတို့ လီဗာပူးလ်အိမ်ကွင်း အန်ဖီးလ်မှာ ကန်ခဲ့တဲ့ပွဲစဉ်အတွင်းမှာ မျောက်ပုံစံအမူအရာလုပ်ပြပြီး လူမျိုးရေးခွဲခြားခဲ့တဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားတဦးကို မာဆေးဆိုဒ် ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
လီဗာပူးလ်အသင်းက မန်ယူကို နှစ်ဂိုးတဂိုးနဲ့ နိုင်သွားခဲ့တဲ့ အဆိုပါပွဲစဉ်အပြီးမှာ တီဗီကင်မရာ ရိုက်ချက်မှာပါခဲ့တဲ့ အဆိုပါလူကို ရဲအဖွဲ့က ချက်ချင်းပဲ လိုက်လံစုံစမ်းခဲ့ပါတယ်။ အဲဒီပုံရိပ်ကို လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြပြီး ဒီလူကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။
အသက် ၅၉ နှစ်အရွယ် အဆိုပါလူကို မနေ့ညနေက ဖမ်းဆီးလိုက်နိုင်ခဲ့ပြီး ရဲစခန်းမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ မာဆေးဆိုဒ် ရဲတဦးက Eurosports ကို ပြောခဲ့ပါတယ်။
မန်ယူအသင်းခေါင်းဆောင် ပက်ထရစ်အီဗရာအပေါ် လူမျိုးရေးခွဲခြားမှုကြောင့် လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ကစားပွဲ ၈ ပွဲ ပယ်ခံရပြီးနောက် ဒီပွဲဟာ ဒီနှစ်သင်းရဲ့ ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်လေးမှာပဲ လီဗာပူးလ် အသင်းရဲ့ အန်ဖီးလ်ကွင်းက ပွဲအစီအစဉ်ကြေညာသူက လူမျိုးရေးခွဲခြားမှုတွေ မလုပ်ဖို့ ကြေညာခဲ့ပါသေးတယ်။
ပွဲချိန်အတွင်းမှာ ပရိသတ်တဦးဟာ ဒီလိုအပြုအမူမျိုး ပြုလုပ်ခဲ့ရင် အဲဒီပရိသတ်ဟာ တသက်တာ ပွဲကြည့်ခွင့် ပိတ်ခံရလိမ့်မယ်လို့ သိရပါတယ်။ ဒီပွဲစဉ်ကို ကြီးကြပ်ခဲ့တဲ့ ဂျွန်ဝဒ်က “ပရိသတ်အများစုကို သူတို့ရဲ့ ပူးပေါင်းဆာင်ရွက်မှုနဲ့ အပြုအမူတွေကြောင့် ကျေးဇူးတင်ရမှာ ဖြစ်တယ်လို့” ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မဟာပြိုင်ဖက်နှစ်သင်း တွေ့ဆုံခဲ့တဲ့ ဒီပွဲမှာ ပရိသတ် ၁၇ ယောက် ကွင်းပြင်ကို မောင်းထုတ်ခံခဲ့ရပြီး နှစ်ဦး ထိန်းသိမ်းခံရပါတယ်။
Ref: Eurosport