လာမယ့်တနင်္ဂနွေနေ့ စတန်းဖို့ဘရစ်ချ်မှာ ကန်မယ့် ချဲလ်ဆီးနဲ့ မန်ယူပွဲစဉ်မှာ တယ်ရီနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ရီယိုဖာဒီနန် ဆုံးဖြတ်သင့်ပါသလား။ အများစုကတော့လက်ဆွဲနှုတ်ဆက်ဖို့ မသင့်ဘူးလို့ ယူဆနေကြတာကြောင့် တယ်ရီဟာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေဖို့ကတော့ ဖြစ်နိုင်ချေနည်းနေပါတယ်။
အင်္ဂလန်အသင်းမှာ ဖာဒီနန်နဲ့ တယ်ရီ နှစ်ယောက်ထဲက တယောက်ယောက် မရှိလို့ မဖြစ်ပါဘူး။
လူမည်းအသိုင်းအဝိုင်းထဲမှာ စံပြတယောက်ဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ရီယိုဖာဒီနန်ဟာ သူ့ရဲ့ ညီဖြစ်သူ အန်တန်ဖာဒီနန်နဲ့ အသားအရောင်ခွဲခြားမှု ပြဿနာတက်ခဲ့တဲ့ တယ်ရီကို လက်ဆွဲနှုတ်ဆက်ဖို့ မသင့်ဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း အများအပြားပေါ်ထွက်နေပါတယ်။
ဒီပြဿနာက အင်္ဂလန် ဘောလုံးလက်ရွေးစင် အသင်းသားတွေကြားမှာ ကြီးမားတဲ့အက်ကြောင်းကြီး ဖြစ်လာဖို့ ဖန်တီးနေပါတယ်။
အန်တန်ဖာဒီနန်အပေါ် လူမျိုးရေးခွဲခြားတယ်လို့ တယ်ရီအပေါ် တရားစွဲဆိုထားပြီး ရက်ချိန်းကို ဇူလိုင်လ ၉ ရက်သို့ ရွှေ့ဆိုင်းလိုက်တဲ့နောက်မှာတော့ “စော်ကားတယ်လို့ ခံစားရတယ်၊ ခါးသီးတဲ့ ခံစားချက်တွေနဲ့ နိုးထရတယ်၊ ဒါဟာ တော်တော်အရေးမပါတဲ့ ပြက်လုံးတခုပဲ” လို့ ရီယိုဖာဒီနန်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီရက်ချိန်းဟာ ယူရိုပြိုင်ပွဲအပြီး ၈ ရက်အကြာမှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။
ဒီပြဿနာအပေါ် အမြန်ဆုံးဖြတ်ချက် ချရမယ့်အစား ၅ လကြာအောင် အချိန်ဆွဲထားခဲ့တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ဟာ အခုဆိုရင် ကိုယ့်လက်ထဲမှာ လက်ပစ်ဗုံးတလုံးရောက်နေသလို ဖြစ်နေပါပြီ။ ဒီလိုရွှေ့ဆိုင်းလိုက်တာဟာ ကြားနာမယ့်ရက် မရောက်မခြင်း တယ်ရီကို အသင်းခေါင်းဆောင်လက်ပတ် ပေးထားသလို ဖြစ်နေပါတယ်။
အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ချက်မချမခြင်း လူတိုင်းဟာ အပြစ်က လွတ်တယ်ဆိုတဲ့သဘောကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ကိုင်စွဲထားပါတယ်။
ဥရောပမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဘောလုံးအဖွဲ့ရဲ့ အကြီးအကဲ ပီရာရာပါဝါရဲ့ စကားကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က လိုက်နာရပါလိမ့်မယ်။ လူမျိုးရေးခွဲခြားတယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲချက်တွေ ရှိနေတဲ့ တယ်ရီဟာ ပိုလန်နဲ့ ယူကရိန်းမှာ ကျင်းပမယ့် ဥရောပဖလားမှာ အင်္ဂလန်အသင်းခေါင်းဆောင် မဖြစ်နိုင်ဘူးလို့ ပီရာရာက ထောက်ပြထားတာပါ။
တယ်ရီကိစ္စကို ကြိုတင်ဆုံးဖြတ်ချက် ချဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှာ အခက်အခဲမရှိဘူးလို့ ပီရာရာက ပြောပါသေးတယ်။
“တယ်ရီဟာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမယ်ဆိုရင် အင်္ဂလန်အသင်းထဲမှာ အဆိပ်တွေ ပြန့်နေမယ်” လို့ ရီးဒင်းကစားသမား ဂျေဆင်ရောဘတ်ရဲ့ ပြောစကားဟာ မီဒီယာတွေကြားမှာ ပျံ့နှံ့နေပါတယ်။
တကယ်လို့ တနင်္ဂနွေနေ့ပွဲစဉ်မှာ တယ်ရီကမ်းလာတဲ့လက်ကို ဖာဒီနန်က လစ်လျူရှုခဲ့မယ်ဆိုရင်တော့ အင်္ဂလန်အသင်း အဝတ်လဲခန်းထဲမှာ အားပြိုင်မှုတွေ အကြီးဆုံးရောက်နေမှာပါ။
ရီယိုဖာဒီနန်ဟာ အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်းတယောက်ဖြစ်ပြီး လက်ရှိအသင်းခေါင်းဆောင် ဂျွန်တယ်ရီထက်ပိုပြီး အင်္ဂလန်အသင်းသားတွေရဲ့ လေးစားမှုကို ခံရသူလည်းဖြစ်ပါတယ်။
လူမည်းအသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ရီယိုဖာဒီနန်ဟာ ၂၀၀၉ ခုနှစ်မှာ Live the Dream ဖောင်ဒေးရှင်းကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။ အဲဒီဖောင်ဒေးရှင်းက စိတ်ကျရောဂါရနေတဲ့ လူငယ်တွေကို အားကစားနဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာ ပါဝင်နိုင်အောင် ကူညီပေးတဲ့အဖွဲ့အစည်းပါ။
ဖာဒီနန်ဟာ အာဆင်နယ်ကစားသမား သီယာရီအွန်နရီနဲ့အတူ Stand Up; Speak Up ဆိုတဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ အစီအစဉ်ကို လုပ်ဆောင်နေပြီး ဘောလုံးကွင်းထဲမှာ အသားအရောင်ခွဲခြားမှုလုပ်ရင် အနီကတ်ပြပါ ဆိုတဲ့ လှုံ့ဆော်မှုတွေလည်း လုပ်နေသူပါ။
ဖာဒီနန်ဟာ အသားအရောင်ခွဲခြားမှုနဲ့ လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ အားနည်းတယ်ဆိုပြီး ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကို ဝေဖန်ထားသူပါ။
ဘောလုံးပွဲအတွင်းမှာ လူမျိုးရေးခွဲခြားမှုတွေရှိခဲ့ရင် ပွဲအပြီးမှာ လက်ဆွဲနှုတ်ဆက်ပြီး ကြေအေးဖို့ ပြောတဲ့ ဖီဖာဥက္ကဋ္ဌရဲ့ လုပ်ရပ်ကိုလည်း သူက ပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။
၂၀၀၃ ခုနှစ်မှာ မူးယစ်ဆေးသုံးစွဲမှုရှိမရှိ ဆေးစစ်တာကို ရှောင်ခဲ့လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ အပြစ်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက် မချခင်မှာပဲ ဖာဒီနန်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကနေ ဖယ်ခံခဲ့ရပြီး ဘောလုံးကစားခြင်းကနေ ၈ လ ပွဲပယ်ခံထိခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ တယ်ရီဟာ ဖာဒီနန်ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ရခဲ့ပြီး အင်္ဂလန်အသင်းကို ဦးဆောင်ခွင့် ရသွားခဲ့ပါတယ်။
အဲဒီအချိန်ကနေ အင်္ဂလန်အသင်းကို ဦးဆောင်ခွင့်ရခဲ့တဲ့ တယ်ရီဟာ အသင်းဖော် ဝိန်းဘရစ်ချ်နဲ့ ပြဿနာ ထပ်ဖြစ်ခဲ့တာကြောင့် အသင်းခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ခံရပြန်ပါတယ်။ ဒါပေမယ့် ဖာဒီနန်ဟာ ဒူးဒဏ်ရာရခဲ့တာကြောင့် ၂၀၁၀ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းကို ဦးဆောင်ခွင့် လွဲချော်ခဲ့ပါတယ်။
အဆုံးသတ်ရရင်တော့ တယ်ရီရဲ့အင်္ဂလန်အနာဂတ်ဟာ ဖာဒီနန်လက်ထဲမှာ ရှိနေပြီး ဖာဒီနန်က လက်ဆွဲနှုတ်ဆက်ခြင်း မရှိရင်တော့ တယ်ရီဟာ အင်္ဂလန်အသင်းကနေ အနားယူသွားဖို့တောင် ရှိနေပါတယ်။
Ref: The Sun