ယခုအပတ်ရဲ့ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုအဖြစ် စတမ်းဖို့ဘရစ်ဂျ်မှာ ချယ်ဆီးနဲ့ မန်ယူတို့ အကြိတ်အနယ် ကစားရင်း တဖက် ၃ ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ချယ်ဆီးရဲ့ အိမ်ကွင်းမှာ အနိုင်ရဖို့ ခက်တတ်တဲ့ ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ ၃ ပြတ်နဲ့ ရှုံးနိမ့်နေပြီးမှ ခြေစွမ်းပြပြီး ခက်ခက်ခဲခဲနဲ့ ချယ်ဆီးကွင်းမှာ သရေ ၁ မှတ် ရအောင်ယူခဲ့ပါတယ်။
ချယ်ဆီး အသင်းဟာ ပီတာချက်၊ အီဗာနိုဗစ်၊ ဒေးဗစ်လူးဝစ်၊ ကာဟေး၊ ဘော့စင်ဝါ၊ အက်ဆီယန်၊ မာလူဒါ၊ မီရာလက်စ်၊ မာတာ၊ စတားရစ်ချ်၊ တောရက်စ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
မန်ယူအသင်းမှာတော့ ဒီဂီယာ၊ ရာဖေးလ်၊ ဖာဒီနန်၊ အီဗန်စ်၊ အီဗရာ၊ ဂစ်၊ ကာရစ်၊ အက်ရှ်လေယန်း၊ ဗလင်စီယာ၊ ရွန်းနီ၊ ဝဲလ်ဘက် တို့နဲ့ ပွဲထွက်လာပါတယ်။
ချဲလ်ဆီးအသင်းမှာ ဇန်နဝါရီအပြောင်းအရွှေ့ကမှ ဘော်တန်အသင်းကနေ ပေါင် ၇ သန်းနဲ့ခေါ်ယူထားတဲ့ ဂယ်ရီကာဟေးလ်ဟာ သူရဲ့ ပွဲဦးထွက်အဖြစ် ဝင်ကစားသွားတာတွေ့ရသလို၊ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဗျာဝေနေတဲ့ ဂျွန်တယ်ရီကတော့ အရန်မှာတောင် မပါလာပါဘူး။
ပွဲအစ ပထမပိုင်းမှာ နှစ်သင်းလုံး ထိန်းကစားနေခဲ့ပြီး ပွဲဟာအနည်းငယ်အေးနေခဲ့ပေမယ့် ပထမပိုင်း ၃၆ မိနစ် မှာတော့ စတားရစ်ချ်က မန်ယူရဲ့ ဂိုးဧရိယာထဲကို တစ်ကိုယ်တော် ဆွဲဝင်လာပြီး ဂိုးရှေ့ချပေးလိုက်တဲ့ ဘောလုံးက မန်ယူ နောက်ခံကစားသမား အီဗန်စ်နဲ့ထိပြီး ဂိုးဝင်သွားတဲ့အတွက် ချဲလ်ဆီးအသင်း ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့ မန်ယူအသင်းဟာ ချေပဂိုးရရှိဖို့ ပြန်လည် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲဟာ ကြည့်ကောင်းလာပါတယ်။ ဒါပေမယ့် တဖက်နဲ့ တဖက်ဂိုး ထပ်မသွင်းနိုင်ပဲ ပထမပိုင်း ပြီးသွားခဲ့ပါတယ်။
ဒုတိယပိုင်း စစချင်းမှာပဲ တိုက်စစ်မှူးတောရက်စ် ညာတောင်ပံမှ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို လူကပ်မခံထားရတဲ့ မာတာက မြေမကျဘော အပြင်းကန်သွင်းပြီး ချယ်ဆီးအသင်း ဒုတိယဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။
နောက်လေးမိနစ်အကြာမှာ ပြစ်ဒဏ်ဘောမှတဆင့် ဒေးဗစ်လူးဝစ်က ခေါင်းတိုက်သွင်းယူ ခဲ့တာကြောင့် ချဲလ်ဆီးဟာ ၃ ဂိုးပြတ်နဲ့အနိုင်ရရှိနေခဲ့ပါတယ်။ ဖာဂူဆန်ဟာ ရှုံးးနိမ့်နေတာကို ပြန်လည်ချေပဖို့ အတွက် အက်ရှလေယန်းအစား ချီချာရီတို ကို ၅၃ မိနစ်မှာ လူစားလဲခဲ့သလို၊ ရာဖေးလ်အစား ဝါရင့် ကွင်းလယ်လူ ပေါလ်စခိုး ကိုထည့်ပြီး တိုက်စစ်ဆင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ မန်ယူ အသင်းက တောက်လျှောက် ဖိကစားလာပြီး ချယ်ဆီးနောက်တန်း အမှားများလာခဲ့ပါတယ်။
ဒုတိယပိုင်း ၅၈ မိနစ်မှာ ဂစ် ခင်းပေးလိုက်တဲ့ ဘောလုံးကို အီဗရာ ဧရိယာထဲဆွဲဝင်လာရမှာ ချဲလ်ဆီးရှေ့တန်း စတားရစ်ချ်က တွန်းလှဲသလို ဖြစ်တာကြောင့် ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ် က ပင်နယ်တီပေးခဲ့ပါတယ်။ ဒီပင်နယ်တီကို ရွန်နီက ပီတာဆက်ချ်ရဲ့ ညာဖက်အပေါ်ထောင့်ကို အပြင်းကန်သွင်းခဲ့တာကြောင့် မန်ယူအသင်း ချေပဂိုးရခဲ့ပါတယ်။ မန်ယူအသင်းဟာ ဆက်တိုက်ဖိကစားနေပြီး ၆၉ မိနစ်မှာ ချီချာရီတို ချပေးတဲ့ဘောလုံးကို ဝဲလ်ဘက် ထိန်းအယူမှာ ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ် ခြေချိတ်သလိုဖြစ်တာကြောင့် မန်ယူအသင်း ဒုတိယ ပင်နယ်တီ ရသွားခဲ့ပြီး ရွန်နီကပဲ အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပါတယ်။
ချေပဂိုး နှစ်ဂိုးရသွားပြီးတဲ့နောက် မန်ယူက ပိုမိုဖိကစားလာသလို ချဲလ်ဆီးမှာလည်း ကစားကွက်မရှိတော့ဘဲ ခံစစ်အနေနဲ့သာ ကစားနေခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးဂိုးသမား ပီတာဆက်ချ်ဟာ မန်ယူမှ ကန်သွင်းချက် တော်တော်များများကို လက်စွမ်းပြကာကွယ်သွားတာကို တွေ့ရပါတယ်။
ပွဲချိန် ၈၄ မိနစ်မှာ ဗလန်စီယာ ဖြတ်တင်တဲ့ဘောလုံးကို ရွန်နီက ထိန်းပြီး ကန်သွင်းရာ ပီတာဆက်ချ် ပုတ်ထုတ်သွားခဲ့ပေမယ့် ဘယ်တောင်ပံမှ ဂစ်ဆီရောက်သွားပြီး ဂစ်က ဂိုးရှေ့ကို ဖြတ်တင်ပေးလိုက်ရာ ချီချာရီတိုက ခေါင်းတိုက်ပြီး အဖိုးတန် ချေပဂိုးရယူသွားခဲ့ပါတယ်။
၃ ဂိုးရထားပြီးမှ ချေပဂိုး ၃ ဂိုးပြန်ပေးရတာကို ကြည့်မယ်ဆိုရင် ချဲလ်ဆီးနည်းပြ ဗီလာဘိုအားစ်ရဲ့ အားနည်းချက်တွေ အတွေ့အကြုံ မကြွယ်ဝမှုတွေကို ပြနေပါတယ်။ အရင်ပွဲတော်တော်များများမှာလည်း ချဲလ်ဆီးအသင်းဟာ ဦးဆောင်ဂိုးတွေရပြီးမှ ချေပဂိုးတွေ ပြန်ပေးလိုက်ရတဲ့ ပွဲတွေလည်း ရှိပါတယ်။
နောက်ဆုံးမိနစ်တွေမှာ ချယ်ဆီးအသင်းက ပရိတ်သတ်အားနဲ့ ပြန်လည် တိုက်စစ်ဆင်လာပြီး မာတာရဲ့ အရမ်းကောင်းမွန်တဲ့ ဖရီးကစ်ကို မန်ယူဂိုးသမား ဒီဂီယာ အံ့မခန်းကာကွယ်သွားခဲတာကြောင့် ပွဲအပြီးမှာ ၃ ဂိုးစီသရေကျသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် တခြား ပွဲစဉ်ရလဒ်များ
မန်စီးတီး ၃ – ၀ ဖူဟမ်
ဝီဂန် ၁ – ၁ အဲဗာတန်
ဝက်ဘရွန်း ၁ – ၂ ဆွမ်ဆီး
စတုတ် ၀ – ၁ ဆန်းဒါးလန်း
ကျူပီအာ ၁ – ၂ ဝုဗ်
နော်ဝစ် ၂ – ၀ ဘော်တန်
အာဆင်နယ် ၇ – ၁ ဘလက်ဘန်း
နယူးကာဆယ် ၂ – ၁ အက်စတွန်ဗီလာ
ယနေ့ညပွဲစဉ်
လစ်ဗာပူး – တော့တမ်ဟမ် (မြန်မာစံတော်ချိန် – မနက် ၂ နာရီခွဲ)